လေ့လာအသိကြွယ် နှိမ်နင်းမယ် စပါးပေါင်းမြက်အန္တရာယ်

10/05/2019 15:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ မြက်သီး၊ မြက်ချို (Echinochloa crus-galli

      တစ်နှစ်ခံမြက်အစေ့အားဖြင့် မျိုးပွားသည်။ မျိုးစေ့များသည် ရေအောက်တွင်ရှိသော်လည်း အပင်ပေါက်နိုင်သည်။ အပင်ငယ်စဉ် စပါးနှင့်အလွန်တူသည်။ အပင်တစ်ပင်မှမျိုးစေ့(၄၀၀၀၀) အထိ ထုတ်နိုင်သည်။ အစို/အခြောက် တိုက်ရိုက်အစေ့ချ စိုက်ခင်းများတွင် ပျိုးထောင် ကောက်စိုက်ခင်း များထက် ပိုမိုပေါက်ရောက်သည်။ မြေဆီလွှာ စိုစွတ်နေသောအခြေအနေမှ အစိုဓာတ်ရှိသည့် အခြေအ နေတွင် ပေါက်ရောက်နိုင်သည်။ ထွန်ရေးညက်ညက်ပြင်ခြင်း၊ အစောပိုင်းရေနက်နက်သွင်းခြင်း၊ သီးလှည့်စိုက်ပျိုးခြင်းတို့ဖြင့် နှိမ်နင်းနိုင်သည်။ အစေ့ငုပ်ခြင်း အမျိုးမျိုးတွေ့ရသည်။ (၄)လအထိ အစေ့ငုပ်နိုင်သည်။

၂။ ဝမ်းဘဲစာမြက် (Echinochloa colona)

      တစ်နှစ်ခံပေါင်း အစေ့ဖြင့်မျိုးပွားသည်။ အပင်ငယ်စဉ်စပါးပင်နှင့် အလွန်တူသည်။ လယ်စပါးခင်းများ၌လည်း တွေ့နိုင်သည်။ အခြောက်စေ့တိုက်ရိုက်ချ စိုက်ခင်းများတွင် ပို၍ ပေါက်ရောက်လေ့ရှိသည်။ မြေဆီလွှာ ခြောက်သွေ့သည်မှ အစိုဓာတ်ရှိသည့် အခြေနေအထိ ပေါက်ရောက်နိုင်သည်။ လက်ပေါင်းလိုက်ခြင်း၊ အချိန်စော၍ထွန်ယက်ခြင်း၊ စိုက်ပျိုးကာလ အစောပိုင်းတွင် ရေသွင်း၍ ရေလွှမ်းထားခြင်းဖြင့် နှိမ်နင်းနိုင်သည်။ အစေ့ငုပ်ခြင်း မရှိသလောက် နည်းသည်။ အစေ့မှအပင်ပေါက်ရန် အလင်းရောင် လိုအပ်သည်။ အမြဲရေလွှမ်းနေလျှင် မရှင်သန်နိုင်။ စပါးအထွက် ၈၀%အထိ လျော့နည်းနိုင်သည်။

၃။ ဒေါင်းမြီးပျံ (Leptochloa chinensis)

       တစ်နှစ်ခံ(သို့)နှစ်ရှည်မြက် အစေ့ဖြင့် မျိုးပွားသည်။ ရေအမြဲဖုံးလွှမ်းနေလျှင် မရှင်သန်နိုင်။ ယာ ခင်းများ၌လည်း ပေါက်နိုင်သည်။ အပင်ဖြတ်ပိုင်းများ၊ အမြစ်ဆုံအပိုင်းအစများမှလည်း မျိုးပွားနိုင် သည်။ စပါးပင်နှင့် အာဟာရ၊ အလင်းရောင်အတွက် ယှဉ်ပြိုင်ပြီး စပါးအတွက် ၄၀% ကျော်ထိ လျော့နည်းနိုင်သည်။ အခြောက်အစေ့ တိုက်ရိုက်ချ စိုက်ခင်းများတွင် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများနှင့် ကောက်စိုက်စနစ် စိုက်ခင်းများထက် ပိုမိုပေါက်ရောက်မှုရှိသည်။ ရေနေပေါင်းပင်မျိုး ဖြစ်ပြီး မြေဆီလွှာ စိုစွတ်သည့်အခြေအနေနှင့် ရေလွှမ်းထားသည့် အခြေအနေတို့တွင် ရှင်သန်နိုင်သည်။ သမန်းညက်အောင်မြေပြင်ခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ စိုက်ပြီးတစ်ပတ်အတွင်း ရေလွှမ်းထားခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။ အစေ့ငုပ်ခြင်း မရှိသလောက်နည်းသည်။

 ၄။ ကခြေသည်မြက် (Ischaemum rugosum)

        သန်စွမ်း၍ ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းသော တစ်နှစ်ခံမြက်ဖြစ်သည်။ အစေ့အားဖြင့် မျိုးပွားပြီး စွတ်စို၍ ရေလွှမ်းနေသောနေရာများကို ကြိုက်နှစ်သက်သည်။ မျိုးစေ့များ အလွယ်တကူ ကြွေကျနိုင်သောကြောင့် မျိုးပြတ်ရန်ခက်ခဲသည်။ အပင်ငယ်စဉ်ကာလ၌ စပါးပင်နှင့်ဆင်တူသည်။ အခြောက်အစေ့ တိုက်ရိုက်ချစိုက်စနစ်တွင် ပေါက်ရောက်မှုပိုများသည်။ ရေကြိုက်ပေါင်းပင်ဖြစ်၍ ရေလွှမ်းနေသည့်အခြေအနေမှ မြေဆီလွှာစိုစွတ်နေသည့် အခြေအနေထိ ပေါက်ရောက်နိုင်သည်။ အပင်ကြီးထွားမှု အစောပိုင်းကာလတွင် စိုက်ခင်းများအား အဆက်မပြတ် ရေလွှမ်းထားခြင်း၊ ပေါင်းရှင်းခြင်းဖြင့် နှိမ်နင်းနိုင်သည်။ အစေ့ငုပ်ခြင်းရှိသည်။ ၁မီတာပတ်လည်တွင် ၅ ပင်ပေါက်ပါက စပါးအထွက် ၁၅% လျော့နည်းနိုင်သည်။

၅။ မြေစာမြက် (Cynodon dactyln) 

        နှစ်ရှည်ပေါင်း မြေလျှောက် ပင်စည်ပိုင်းပြတ်များ၊ အစေ့များအားဖြင့် မျိုးပွားသည်။ ပင်စည်အစိတ်အပိုင်းများမှ မျိုးပွားနိုင်သဖြင့် နှိမ်နင်းရန် ခက်ခဲသည်။ အခြောက်အစေ့တိုက်ရိုက်ချ စိုက်စနစ်တွင် ပေါက်လေ့ရှိသော်လည်း လယ်စပါးခင်းများတွင် တွေ့လာရပြီဖြစ်သည်။ မြေဆီလွှာ ခြောက်သွေ့သည်မှ အစိုဓာတ်ရှိသည့် အခြေအနေအထိ ပေါက်ရောက်နိုင်သည်။ ပေါင်းအပေါက်ခံပြီး မြေပြုပြင်သောစနစ် ထွန်ယက်စနစ်များဖြင့် နှိမ်နင်းပါ။ အခြောက်ထယ်ထိုး၍ မြေလှန်ပြီး မြေလျှောက်ပင်စည်များကို ခြောက်သွေ့စေခြင်း၊ မြေဆီလွှာကို နေရောင်ရရှိစေခြင်းဖြင့် နှိမ်နင်းနိုင်သည်။ အစေ့ငုပ်ခြင်းမရှိ။ (၅၀)ရက်သားအထိ ရေဖုံးလွှမ်းထားသော အခြေအနေတွင်လည်း မျိုးစေ့များ ရှင်သန်နိုင်သည်။ စပါးအထွက် ၅၅% အထိလျော့နည်းနိုင်သည်။

၆။ မြက်မုန်ညင်းအဝါ (Cyperus iria)

        တစ်နှစ်ခံပေါင်း အစေ့ဖြင့်မျိုးပွားသည်။ လယ်စပါးအပြင် ယာစပါးနှင့် ယာသီးနှံများ၌လည်း ပေါက်နိုင်သည်။ အခြောက်အစေ့တိုက်ရိုက်ချစိုက်ခင်းနှင့် အစိုအစေ့တိုက်ရိုက်ချစိုက်ခင်းများတွင် ပိုမိုတွေ့ရသည်။ မြေဆီလွှာအစိုဓာတ်ရှိသည်မှ စိုစွတ်နေသည့်အခြေအနေထိ ပေါက်ရောက်နိုင်သည်။ အပင်ကြီးထွားမှုအစောပိုင်းကာလတွင် စိုက်ခင်းများအား ရေလွှမ်းခြင်း၊ လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နင်းနိုင်သည်။ စပါးအတွက် ၄၀% အထိ လျော့နည်းနိုင်သည်။ အပင်မှမျိုးစေ့ကြွေပြီး (၇၅)ရက်ခန့်အကြာတွင် အပင်ပေါက်နိုင်သည်။

၇။ မြက်မုန်ညင်းစိမ်း (Cyperus difformis)

        တစ်နှစ်ခံပေါင်း အစေ့ဖြင့်မျိုးပွားသည်။ သက်တန်း ရက် (၃၀)ခန့်ရှိပြီး မျိုးစေ့အမြောက်အ များ ထုတ်နိုင်သည်။ အစိုအစေ့တိုက်ရိုက်ချစိုက်ခင်းများနှင့် ကောက်စိုက်ခင်းများတွင် ပိုမိုတွေ့ရသည်။ မြေဆီလွှာစွတ်စိုနေသော အခြေအနေမှ အစိုဓာတ်ရှိသည့် အခြေအနေထိပေါက်နိုင်သည်။ စပါးအထွက် ၁၂မှ ၅၀%အထိ လျော့နည်းနိုင်သည်။ အပင်ကြီးထွားမှု အစောပိုင်းကာလတွင် စိုက်ခင်းများအား အဆက်မပြတ် ရေလွှမ်းထားခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ထယ်ထိုး၊ ထွန်မွှေခြင်းတို့ဖြင့် နှိမ်နင်းနိုင်သည်။ အစေ့ငုပ်ခြင်းမရှိပါ။

၈။ မြက်ကွမ်းသီးလေး (Fimbristylis miliacea)

        တစ်နှစ်ခံပင်၊ ပျော့ပျောင်းပြီး သက်တမ်းတိုသည်။ မျိုးစေ့မှ မျိုးပွားပြီး လယ်စပါးနှင့် စွတ်စိုသောနေရာများတွင် တွေ့ရသည်။ စပါးအထွက် (၅၀%)ကျော် လျော့နည်းစေသည်။ အခြောက် အစေ့တိုက်ရိုက်ချစိုက်ခင်းတွင် အစိုအစေ့ တိုက်ရိုက်ချစိုက်ခင်းများနှင့် ပျိုးထောင်ကောင်စိုက်ခင်း များထက်ပိုမိုတွေ့ရသည်။ မြေဆီလွှာအစိုဓာတ်ရရှိချိန်မှ စ၍စိုစွတ်နေသော အခြေအနေထိ ပေါက်ရောက်နိုင်သည်။ အပင်ကြီးထွားမှု အစောပိုင်းကာလတွင် ရေလွှမ်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်း ဖြင့်နှိမ်နင်းနိုင်သည်။ အစေ့ငုပ်ခြင်းမရှိပါ။

၉။ မြက်တလုံး၊ တလိုင်းခေါင်းမြက် (Scirpus juncoides)

        တစ်နှစ်ခံ ပင်ပျော့မျိုးဖြစ်သည်။ ပင်စည်လုံး၍ သေးပြီးရှည်သည်။ အစေ့အားဖြင့် မျိုးပွားပြီး လယ်စပါး ကောက်စိုက်ခင်းများတွင် တွေ့ရသည်။ မြေဆီလွှာ အစိုဓာတ်ရရှိချိန်တွင် ပေါက်ရောက်နိုင်သည်။ အစို(သို့) အခြောက် ထွန်ယက်စိုက်ပျိုးခြင်း၊ အပင်အစောပိုင်းကာလတွင် ရေလွှမ်းထားခြင်း၊ စပါးရိတ်သိမ်းပြီးချိန်တွင် ပေါင်းပင်များ ပြန်လည်မပေါက်စေရန် မြေအခြောက်ခံ ထားခြင်းဖြင့် နှိမ်နင်းနိုင်သည်။ အစေ့ငုပ်ကာလ နှစ်လမှ သုံးလ ရှိသည်။

၁၀။ ဝက်လာ (Scirpus grossus

         နှစ်ရှည်ခံပင်ဖြစ်၍ ထောင်မတ်ပေါက်ပြီး အပင်ကြမ်း၍ အမွှေးကင်မဲ့သည်။ အစေ့များ၊ မြေ အောက်အစာ သိုလှောင်ပင်စည်ပိုင်းပြတ်များဖြင့် မျိုးပွားသည်။ ရေသွင်းမြောင်း၊ တူးမြောင်းများ တစ်လျောက်တွေ့ရပြီး လယ်စပါးခင်းများသို့ သွင်းရေဖြင့် ပြန့်ပွားသည်။ မြေပြင်ချိန်တွင် ပေါင်းကင်းစင်အောင် မြက်ခေါင်းများကို သေချာစွာ ကောက်ယူရှင်းလင်းပါ။

၁၁။ လယ်ပဒူ (Sphenoclea zeylanica

        တစ်နှစ်ခံပေါင်း အစေ့ဖြင့်မျိုးပွားပြီး အခြောက်အစေ့တိုက်ရိုက်ချ စပါးခင်းနှင့် အစိုအစေ့ တိုက် ရိုက်ချ စိုက်ခင်းများတွင် ပျိုးထောင်ကောက်စိုက်ခင်းများထက် ပို၍တွေ့ရသည်။ မြေဆီလွှာစိုစွတ်နေခြင်းမှ ရေဝပ်၊ ရေလွှမ်းနေသော အခြေအနေအထိ ပေါက်ရောက်နိုင်သည်။ အစေ့ငုပ်ခြင်းရှိသည်။ ကိုင်းဖြာသော သစ်ပျော့ပင်မျိုးဖြစ်သည်။ ခေါင်းပွပင်စည်ဖြစ်ပြီး (၁.၅) မီတာအထိမြင့်သည်။ စပါး အထွက် ၄၅%အထိ လျော့နည်းနိုင်သည်။ အပင်စိပ်စိပ်စိုက်၍ လောင်းရိပ်ပေးခြင်းဖြင့် ဤပေါင်းပင်များ ကြီးထွားမှုကို လျော့နည်းစေသည်။

၁၂။ ရေကညွတ် (Ludwigia adscendens

         တစ်နှစ်ခံပင်ပျော့မျိုးဖြစ်၍ ရေတွင်ပေါက်ရောက်သော ပေါင်းပင်မျိုးဖြစ်သည်။ ပျိုးထောင် ကောက်စိုက်ခင်းများတွင် ပို၍တွေ့ရသည်။ ရေပေါ်ပေါ်၍သော်လည်းကောင်း၊ မြေပေါ်တွင် အမြစ်စွဲ၍ တွားသွား၍သော်လည်းကောင်း ပေါက်သည်။ (၁.၅)မီတာအထိ ရှည်လျားသည်။ မြေဆီလွှာ စိုစွတ်သည်မှ ရေလွှမ်းနေသည်အထိ ပေါက်ပွားနိုင်သည်။ မျိုးစေ့အားဖြင့်သော်လည်းကောင်း၊ အပင်အစိတ် အပိုင်းပြတ်အားဖြင့်လည်းကောင်း မျိုးပွားနိုင်သည်။ လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နင်းနိုင်သည်။

၁၃။ မှိုနတို (Marsilea minuta)

        ရေနေပေါင်းဖြစ်ပြီး ရေသွင်းမြောင်းနှင့် လယ်စပါးခင်းများတွင် ကောင်းစွာရှင်သန်သည်။ ပျိုး ထောင် ကောက်စိုက်ခင်းများနှင့် အစိုအစေ့တိုက်ရိုက်ချ စိုက်ခင်းများတွင် ပေါက်ရောက်တတ်သည်။ မြေဆီလွှာစိုစွတ်နေသည့် အခြေအနေမှ ရေလွှမ်းနေသော အခြေအနေအထိ ပေါက်ပွားနိုင်သည်။ စပါးပင်နှင့် ယှဉ်ပြိုင်နိုင်စွမ်း အသင့်အတင့်ရှိသော်လည်း အပင်ကြီးထွားမှု အစောပိုင်းကာလတွင် စပါးပင်နှင့် အစာအာဟာရများကို ရယူယှဉ်ပြိုင်မှု ပြင်းထန်ကြီးမားသည်။ စပိုး (အလွန်သေးသယ်သော မျိုးစေ့)များ မြေအောက်အစာသိုလှောင် ပင်စည်နှင့် ပင်စည်ပိုင်းပြတ်များဖြင့် မျိုးပွားသည်။ စပါးအထွက် နှုန်း ၇၀% အထိ လျော့နည်းနိုင်သည်။

၁၄။ ကြိတ်မှန် (Eclipta alba)

         တစ်နှစ်ခံ(သို့) နှစ်ရှည်ပေါင်း အစေ့အားဖြင့် မျိုးပွားသည်။ အစေ့ငုပ်ကာလမရှိပါ။ အပူပိုင်းဒေသ တွင်တစ်နှစ်ပတ်လုံး အစေ့ပေါက်နိုင်သည်။ အမြဲစွတ်စိုနေသောမြေ၌ ရှင်သန်နိုင်သကဲ့သို့ ခြောက်သွေ့သော နေရာများတွင်လည်း ပေါက်ရောက်နိုင်သည်။ ရေထုတ်ညံ့သော နေရာများတွင်လည်း တွေ့ရသည်။ အထွက်နှုန်း ၂၅% လျော့နည်းစေသည်။ အခြောက်စေ့ တိုက်ရိုက်ချ စိုက်ခင်းတွင် အစိုအစေ့ တိုက်ရိုက်ချ စိုက်ခင်းထက် ပို၍တွေ့ရသည်။ စွတ်စိုသော အခြေအနေမှ အစိုဓာတ်ရှိသော အခြေအနေတွင် ပေါက်ရောက်သည်။ လက်ပေါင်းလိုက်ခြင်း၊ ကြားထွန်လိုက်ခြင်းဖြင့် နှိမ်နင်းနိုင် သည်။ အပင်ငယ်စဉ် ပေါင်းရှင်းခြင်း၊ ဖြတ်ခြင်းတို့ လုပ်ပေးရမည်။ မြေဆီထက်သန်ရန် ပြုပြင်ပေးပါ။ အစေ့ငုပ်ခြင်းမရှိပါ

၁၅။ ကတောက်ဆတ် (Monochoria vaginalis)

        နှစ်ရှည်ပေါင်းဖြစ်သော်လည်း စပါးခင်း၌ တစ်နှစ်ခံပင် အဖြစ်ပေါက်သည်။ အစေ့ဖြင့် မျိုးပွား သည်။ ပျိုးထောင် ကောက်စိုက်ခင်းများတွင် ပိုမို၍တွေ့ရသည်။ ရေတွင်ပေါက်သော ပေါင်းပင်မျိုးဖြစ် သည်။ မြေဆီလွှာစိုစွတ်သည့် အခြေအနေမှ ရေဝပ်၊ ရေလွှမ်းနေသော အစိုဓာတ် မျိုးအထိ ပေါက် ရောက်နိုင်သည်။ ပေါင်းအပေါက်ခံပြီး ပြန်လည်မြေပြင်သောစနစ်နှင့် လက်ပေါင်းလိုက်ခြင်းတို့ဖြင့် နှိမ်နင်းနိုင်သည်။

၁၆။ လယ်လေးညှင်း (Ludwigia octovalvis)

        အစေ့ဖြင့် မျိုးပွားသည်။ တစ်နှစ်ခံ ပေါင်းဖြစ်သည်။ စပါးအထွက်မှာ ၅၀-၈၀% အထိ လျော့ နည်းစေနိုင်သည်။ အစိုအစေ့ တိုက်ရိုက်ချစိုက်ခင်းများ၊ ပျိုးထောင်ကောက်စိုက်ခင်းများတွင် တွေ့ရသည်။ မြေဆီလွှာစိုစွတ်သည့် အခြေအနေမှ စိုထိုင်းသည့်အခြေအနေတွင် ပေါက်ရောက်နိုင်သည်။ အပင်ကြီးထွားမှု အစောပိုင်းကာလတွင် ရေလွှမ်းထားခြင်းသည် ထိရောက်သောနည်းဖြစ်သည်။ လက်ပေါင်းလိုက်နိုင်သည်။ အစေ့ငုပ်ခြင်း အနည်းငယ်(သို့) မရှိပါ။ အပင်ပေါက်ရန် အလင်းလိုသည်။

စိုက်ပျိုးရေးဦးစီးဌာန

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်