ပန်းဂေါ်ဖီ (ပန်းမုံလာ) စိုက်ပျိုးနည်း

23/08/2019 21:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ပန်းဂေါ်ဖီသည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက်သော်လည်း ဂေါ်ဖီထုပ်ထက် အပူဒဏ်ခံနိုင်သည်။ အေးပြီး အစိုဓာတ်အမြဲရရန်လိုသည်။ ရာသီဥတုခြောက်သွေ့နေလျှင် အပွင့်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့်ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုးအစားထက်  ရာသီဥတုကပိုအရေးကြီးသည်။ 

မူရင်းဒေသ

မြေထဲပင်လယ်ကမ်းခြေဒေသ ဆိုက်ပရပ်ကျွန်း၊ ဆီးရီးယား၊ အီဂျစ်၊ စပိန်၊ အီတလီ နှင့် ဥရောပတိုက် အနောက်မြောက်ပိုင်းဒေသတို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၁၆၀၀)ခန့်က စတင်တွေ့ရှိရသည်ဟု ယူဆကြသည်။

စိုက်ပျိုးချိန်

တောင်ပေါ်ဒေသ- ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာ

မြေပြန့်ဒေသ    - စက်တင်ဘာ၊ အောက်တိုဘာ

မျိုး

   သက်လျင်မျိုး (Snow Ball)- သက်တမ်း(၉၀)။ အပွင့်အရွက်ငယ်ပြီး ကျစ်လျစ်သည်။ မြေပြန့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။

   သက်ကြီးမျိုး (Snow flower/ Snow King)- သက်တမ်း(၁၂၀)။ အရွက်အရွယ်အစားကြီးမားပြီး အပွင့်ကြီးမားသည်။ တောင်ပေါ်ဒေသများတွင် အများဆုံးစိုက်ပျိုးသောမျိုးဖြစ်သည်။

ပျိုးထောင်ခြင်း

   (၁၀Ž၂.၅) ပေ ရှိသောပေါင်ကို မြေစိုင်ခဲကလေးများရသည်အထိ ပြုပြင်ပေးပါ။ မြေများစွာညက်လျှင် ရေလောင်းသောအခါ ကျပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက်မကောင်းပဲ အညှောင့်ပေါက်မှု နည်းလာနိုင်ပါသည်။ ပျိုးပေါင်ပေါ်တွင် မျိုးစေ့ကြဲရန် (၂) လက်မခြားမြောင်းဆွဲပြီး မျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှ နွားချေးဆွေးမှုန့်ပါးပါးဖုံးအုပ်ပြီး ၎င်းပေါ်၌ စင်းပြီးကောက်ရိုးခြောက်များ ပါးပါးဖုံးအုပ်ကာ ရေရွှဲရွှဲလောင်းပေးရပါမည်။ တောင်ပေါ်ဒေသတွင် အပင်ပေါက်မစုံမီ တစ်တောင်အမြှင့်မှ သက်ကယ်ကောက်ရိုးမိုးပေးရမည်။ (၃-၄)ရက် ကြာလျှင်အညှောင့်ပေါက်လာမည်။ (၁၂) ရက်ကြာလျှင် တန်းကြားကို မြေဆွပေါင်းရှင်း၊ (၂၀) ရက်ရလျှင် ယူရီးယားမြေသြဇာကို တစ်ပေါင်လျှင် (၅) အောင်စနှုန်းဖြင့် ရေဖျော်ပြီး ရေဝသည့်တိုင် လောင်းပေးရမည်။ ပျိုးနှုတ်နေစဉ် မိုးရွာပါက အမြစ်များကို ငှက်ပျောရွက်ဖြင့်ထုတ်ပြီး အမြစ်မခြောက်သွားစေရန် အမှောင်ခန်းထဲတွင် ရေစိမ်ပေးထားရမည်။ တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ် လိုအပ်ပါသည်။

စိုက်ပျိုးခြင်း

   ပျိုးဘောင်ပြုလုပ်စဉ်ကတည်းက စိုက်ခင်းကို ထယ်(၂)စပ်၊ ထွန် (၃) စပ်ဝင်၍ မြေပြုပြင်ပေးရမည်။ ပေါင်းမြက်၊ အမှုိက်၊ ကျောက်ခဲများ ကောက်ပစ်ပါ။ မိုးများသောဒေသများတွင်မြေချဉ်ငံဓာတ် ၆.၅ အထိထိန်းထားနိုင်ရန် ထုံးထည့်ပေးရန်လိုအပ်ပါသည်။ ရေသွင်းရေထုတ်မြောင်းများပြုလုပ်ပေးရပါမည်။ ပျိုးသက် (၃၅-၄၀)ရက်ရောက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ညနေ(၃)နာရီနောက်ပိုင်းမှ ပြောင်းရွှေ့စိုက်ပျိုးခြင်း ပြုလုပ်သင့်ပါသည်။ စိုက်ကျင်းထဲသို့ ရေလောင်းထည့်၍ ရေခံပြီးရွေ့စိုက်ပါ။ သေသောအပင်များကို (၄-၅) ရက်အတွင်း ပြန်ဖြည့်ပေးရမည်။ ထိုထက်နောက်ကျလျှင် မူလအပင်ကိုမမီတော့ပါ။ ရွေ့စိုက်ပြီး (၁၀-၁၅)ရက်လျှင် အပင်ခါးဆွခြင်းကိုပြုလုပ်ပေးရမည်။ တစ်ပင်နှင့်တစ်ပင် (၁.၅-၂) ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂-၂.၅) ပေခြားထားပြီး စိုက်ပျိုးနိုင်ပါသည်။ 

မြေသြဇာကျွေးခြင်း

မြေသြဇာကျွေးရာတွင် စုစုပေါင်း ၃ ကြိမ်ကျွေးသင့်ပါသည်။

ပထမအကြိမ်- ရွေ့ပြောင်းစိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်အကြာ

ဒုတိယအကြိမ်- ပထမအကြိမ်ထည့်ပြီး (၁၀)ရက်ခန့်အကြာ

တတိယအကြိမ်- ရွေ့စိုက်ပြီး (၁)လခန့်အကြာ

တစ်ဧကနှုန်းထားအရ

၁။ နွားချေး-၄ တန်၊ ၄ တန် မြေဆွေး

၂။ ယူရီးယား- ၁၄၀ ပေါင်၊ ၇၀ပေါင်၊ ၃၀-၄၀ ပေါင်

၃။ တီစူပါ- ၁၀၀ ပေါင်၊ ၁၀၀ ပေါင်

၄။ ပိုတက်ရှ်- ၉၀ ပေါင်၊ ၆၀ ပေါင်၊ ၃၀ ပေါင်

၅။ ပဲဖတ်- ၁၀၀ ပေါင်၊ ၆၀ ပေါင်၊ ၄၀ ပေါင်

အပင်ပြုစုစောင့်ရှောက်ခြင်း

   ကြားပေါင်းလိုက်ခြင်းဖြင့် ဓာတ်မြေသြဇာနှင့် မြေသားသမသွားပါသည်။ ရေကို တစ်ပတ် (သို့မဟုတ်) နှစ်ပတ်လျှင်တစ်ကြိမ်ကျ သွင်းပေးရန်လိုအပ်ပါသည်။ အပွင့်ကောင်းစွာပွင့်နေချိန်တွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာ ခါးသက်လာတတ်ပါသည်။ ထို့ကြောင့် အပွင့်၏အချင်း (၂-၃) လက်မ အရွယ်ရောက်သောအခါ အပြင်အရွက်များကို စည်းပေးရပါသည်။ ပန်းဂေါ်ဖီတွင်စိန်ကွက်ဖလံ၊ ပိုးနဂါးများဆိုးရွားစွာကျရောက်တတ်၍ တမာပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းသင့်ပါသည်။

ခူးဆွတ်ရိတ်သိမ်းခြင်း

သက်တမ်းကိုလိုက်၍ ရွေ့စိုက်ပြီး (၂-၂.၅) လအကြာတွင် ပန်းပွင့်ကိုစတင်ခုတ်နိုင်ပါသည်။ အဝေးသို့တင်ပို့ပါက အရွက်ကို(၂-၃)ရွက်ချန်၍ နှုတ်ရပါသည်။ တစ်ဧကလျှင် ဂေါ်ဖီပန်းပွင့်မျိုးကိုလိုက်၍ တန်ချိန် (၅-၈) တန်ထွက်နိုင်ပါသည်။ 

မျိုးစေ့ခံခြင်း

   ပန်းဂေါ်ဖီသည် ပင်တည်းဝတ်မှုံကူးသန္ဓေမအောင်နိုင်ဘဲ ပင်ခြားဝတ်မှုံကူးသန္ဓေအောင်သည့် မျိုးဖြစ်သည်။ မျိးစေ့ထုတ်လုပ်ရာတွင် မျိုးကွဲများမပါဝင်စေရန် အထူးဂရုပြုရမည်။

(က) မျိုးစေ့မှ မျိုးစေ့ထုတ်ခြင်း

မျိုးစေ့ထုတ်လုပ်ရန် ရာသီဥတုအေးမြရမည်။ နေရောင်ကောင်းစွာလိုအပ်ပြီး နေ့တာရှည်ခြင်းကိုကြိုက်နှစ်သက်သည်။ သစ်ရွက်ဆွေး၊ မြေဆွေး၊ နွားချေး များစွာထည့်ပေးရန်လိုပါသည်။ သဘာဝမြေသြဇာအပြင် ယူရီးယား၊ ပိုတက်ရှ်၊ တီစူပါကို(၃း၄း၃) ရောစပ်ပြီး တစ်ဧကလျှင် ပေါင် (၁၅၀-၂၀၀) ထည့်ပေးရမည်။ အပင်ကြီးရင့်ချိန်တွင် ရေအများဆုံးလိုအပ်သဖြင့် ရေကိုဂရုစိုက်၍ လောင်းပေးရမည်။ 

(ခ) မျိုးပင်ရွေးချယ်ခြင်း

အပင်ငယ်စဉ်မှ ခေါင်းစတင်ပေါ်သည်အထိ မျိုးလက္ခဏာမမှန်သော အပင်များကို စစ်ဆေးပြီးဖယ်ထုတ်ရမည်။ ပန်းခိုင်တွင် အမွှေးပေါခြင်း၊ အရွက်ထွက်ခြင်းတို့ကိုလည်း ပယ်ရမည်။ နေပူလွန်း ဆီးနှင်းကျလွန်းပါက အရိပ်လုပ်ပေးရမည်။ ရွေ့ပြောင်းစိုက်ချိန်တွင် အရွက်ဟောင်း၊ အရွက်ဝါများကို ဖယ်ပေးရပါမည်။ ပန်းဖူးမှ အသီးကိုင်းများ ရှည်ထွက်လာပါက သန်မာသောအသီးကိုင်းကိုသာ ရွေးချယ်မျိုးစေ့ခံယူပါ။ အသီးများ ကောင်းစွာရင့်မှည့်လျှင် ရိတ်သိမ်း၊ လှေ့၍ ခြောက်စေရန် ပြုပြင်ကာ လေလုံသော ပုံးများတွင်ထည့်၍ သိုလှောင်ကြသည်။ တစ်ဧကလျှင် ပျှမ်းမျှ (၂၅၀-၃၀၀) ပေါင်မျိုးစေ့ရပါသည်။ 

ကျော့နန္ဒာစိုး

ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

          - Mega Grow International Co., Ltd. Facebook page

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်