နွားမွေးမြူရေးလုပ်ငန်းဟာ ကာလရှည်ရင်းနှီးမြှုပ်နှံရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်သလို ရင်းနှီးမြှုပ်နှံမှု ပမာဏကလည်း ကြီးမားပါတယ်။ လုပ်ငန်းမှာ အမှားအယွင်း တစုံတရာ ရှိခဲ့ရင် ပြင်ရပြောင်းရလည်း ခက်လှပါတယ်။ ဒါကြောင့် အသားစားနွား မွေးမြူရေးပဲဖြစ်ဖြစ်၊ နို့စားနွားမွေးမြူရေးပဲဖြစ်ဖြစ် စတင်ပြီး ရင်းနှီးမြှုပ်နှံတော့မယ်ဆိုကတည်းက အမှားအယွင်းတွေ တတ်နိုင်သမျှ နည်းအောင် ကြိုတင်စဉ်းစားတွက်ချက်ပြီးမှ ဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။
နွားမွေးမြူရေးခြံတစ်ခုကို စတင်တည်ထောင်တော့မယ်ဆိုရင် နွားခြံနေရာကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့က စတင်လိုအပ်မှာ ဖြစ်ပါတယ်။ မိသားစုတစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းငယ်လေးဆိုရင် သိပ်မသိသာလှပေမယ့် စီးပွားဖြစ်မွေးမြူရေးခြံတစ်ခြံ ထူထောင်တော့မယ်ဆိုရင်တော့ နေရာရွေးချယ်မှု မှန်ကန်ဖို့ဟာ မဖြစ်မနေ လိုအပ်လှပါတယ်။
နွားခြံနေရာရွေးချယ်ရာမှာ စဉ်းစားရမယ့်အချက်တွေက စဉ်းစားရမယ့်အချက်တွေက များပြားလွန်းတာမို့ (က) သဘာဝတရားနဲ့ဆက်စပ်နေတဲ့ အခြေအနေတွေ (Natural conditions) နဲ့ (ခ) လူ့အသိုက်အဝန်းနဲ့ ဆက်စပ် နေတဲ့အခြေအနေတွေ (Social conditions) ဆိုပြီး ခွဲခြား လေ့လာကြည့်နိုင်ပါတယ်။ သဘာဝတရားနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကနေ စတင်ဆွေးနွေးလိုပါတယ်။
(က) သဘာဝတရားနဲ့ဆက်စပ်နေတဲ့ အခြေအနေတွေမှာဆိုရင် (Natural conditions)
(၁) မြေမျက်နှာသွင်ပြင် (Topography)
နွားခြံတည်ဆောက်ဖို့ လျာထားတဲ့ နေရာရဲ့ မြေမျက်နှာသွင်ပြင်ဟာ သိပ်ကို အရေးကြီးပါတယ်။
မြေအကျယ်အဝန်း ဘယ်လောက်ရှိသလဲ သိရှိမှသာ မွေးမြူလိုတဲ့ နွားကောင်ရေအတွက် လုံလောက်အောင် ကျယ်ဝန်းတဲ့ နွားခြံ တည်ဆောက်ဖို့ မြေအကျယ်အဝန်း လုံလောက်ခြင်း ရှိ၊ မရှိ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
- မြေပုံသဏ္ဌာန် - မြေပြင်ဟာ လေးနားညီတဲ့ စတုရန်းပုံလား၊ ထောင့်မှန်စတုဂံပုံ ခပ်ရှည်ရှည်လား စသည်ဖြင့် မြေပြင်ရဲ့ ပုံသဏ္ဌာန်ကို သိရှိမှသာ အဲဒီမြေနဲ့ ကိုက်ညီတဲ့ နွားခြံဒီဇိုင်းကိုစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။
- ပတ်ဝန်းကျင်အနေအထား - နွားခြံအဖြစ် အသုံးပြုမယ့် မြေနေရာနဲ့ ပတ်ဝန်းကျင်အနေအထား တွေအားလုံးကို လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ အပင်ကြီးတွေ ဘယ်နေရာမှာ ဘယ်လိုရှိနေသလဲ၊ အနီးအနားမှာ ဘာအဆောက်အဦးတွေ ရှိနေသလဲ၊ မြစ်ချောင်းအင်းအိုင်တွေ၊ ရေထုတ်မြောင်းတွေ၊ လမ်းတွေ ဘယ်လိုအနေအထားနဲ့ တည်ရှိနေသလဲ ဆိုတာကို သေသေချာချာ လေ့လာဖို့လို အပ်ပါတယ်။ အဲဒီလို လေ့လာထားခြင်းအားဖြင့် နွားခြံအတွက် ပတ်ဝန်းကျင်ကရရှိနိုင်မယ့် အရင်း အမြစ်တွေ (ဥပမာ ရေ) ကို သိရှိပြီး အသုံးချနိုင်မှာဖြစ်သလို၊ နွားခြံကြောင့် ဖြစ်ပေါ်နိုင်တဲ့ ပတ် ဝန်းကျင်ညစ်ညမ်းမှုတွေ (ဥပမာ မြစ်ထဲကို နွားခြံထွက်စွန့်ပစ်ပစ္စည်းတွေ ရောက်ရှိနိုင်ခြင်း) ကို ကြိုတင်ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် နွားခြံတည်ဆောက်မယ့် မြေနေရာဟာ ရှင်းလင်းသပ်ရပ်နေရပါမယ်။ နွားခြံကို ပိတ်ဆို့ တားဆီးနေတာမျိုး မရှိဘဲ၊ လေဝင်လေထွက် ကောင်းကောင်း၊ မြင်ကွင်းရှင်းရှင်း ဖြစ်နေဖို့ လိုအပ်ပါတယ်။ မွေးမြူထားတဲ့ ကောင်ရေအတွက် လုံလောက်တဲ့ အကျယ်အဝန်းဖြစ်ဖို့ လိုအပ်ပါတယ်။
(၂) မြေမျက်နှာပြင် အနိမ့်အမြင့် (Terrain)
နွားခြံတည်ဆောက်မယ့် မြေပြင်ဟာ အနိမ့်၊ အမြင့် ဘယ်လိုရှိနေသလဲဆိုတဲ့ အနေအထားကို သေသေချာချာလေ့လာပြီး နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ နွားတွေအတွက်လည်း သက်တောင့်သက်သာဖြစ်သလို၊ နွားခြံပိုင်ရှင်က ခြံကို စီမံခန့်ခွဲရတာလည်း ပိုမိုလွယ်ကူစေမှာပါ။ ဒါ့အပြင် နွားခြံလုပ်ငန်းစတင်ပြီဆိုကတည်းက ခေါင်းကိုက်ရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု (waste management) အတွက်ပါ ကြိုတင် ပြင်ဆင်နိုင်မှာပါ။ နွားခြံမတည်ဆောက်မီ မှန်ကန်တဲ့ မြေမျက်နှာပြင် အနိမ့်အမြင့်ကို လေ့လာတွက်ချက်ခြင်းနဲ့ ရှိနေတဲ့ မြေမှက်နှာပြင်နဲ့ ကိုက်ညီတဲ့ ခြံဒီဇိုင်းကို ရေးဆွဲနိုင်ခြင်းအားဖြင့် နွားခြံကြောင့်ဖြစ်ပေါ်နိုင်တဲ့ ပတ်ဝန်းကျင်ညစ်နွမ်းမှု (environmental pollution) ကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
- နွားခြံတည်ဆောက်မယ့်နေရာဟာ ဖြစ်နိုင်ရင် ညီညာပြန့်ပြူးနေသင့်ပါတယ်။
- ပတ်ဝန်းကျင်ထက် အနည်းငယ်မြင့်မားတဲ့ နေရာမှာ ရှိသင့်ပါတယ်။ ဒါမှ ရေဆင်း (drainage) ကောင်းမွန်မှာ ဖြစ်ပါတယ်။
- နေရောင်ခြည်ရရှိမှု ကောင်းမွန်တဲ့နေရာ ဖြစ်သင့်ပါတယ်။
- လေဝင်လေထွက် ပိတ်ဆို့တဲ့ နေရာ မဖြစ်သင့်ပါဘူး။
- မဖြစ်မနေ တောင်စောင်းဒေသတွေမှာ တည်ဆောက်ရမယ်ဆိုရင် လျောစောက် (slope) ဟာ ပြေ ပြစ်ဖို့လို အပ်ပါတယ်။
- ခြံတစ်ခုလုံးရဲ့ လျှောစောက်ဟာ ၂၅% ထက်မပိုသင့်ပါဘူး။
- ခြံတည်ဆောက်မယ့်နေ ရာရဲ့ လျောစောက်ကတော့ ၂.၅% ထက် မပိုသင့်ပါဘူး။
- လျောစောက်ဟာ နေရောင်ခြည်ကို မျက်နှာမူထားရမှာ ဖြစ်ပါတယ်။
(၃) ရေအရင်းအမြစ်
နွားမွေးမြူရေးလုပ်ငန်းဟာ ရေအသုံးချမှု မြင့်မားတဲ့ လုပ်ငန်းတစ်ခုပါ။ ဒါကြောင့် နွားခြံတည်ဆောက်မယ့် နေရာမှာ လုံလောက်တဲ့ ရေအရင်းမြစ် ရှိနေဖို့ လိုအပ်ပါတယ်။ ဘယ်ကနေ ရေရမယ်ဆိုတာကို ကြိုတင်တွက်ချက် ပြီးမှ နွားခြံနေရာကို ရွေးချယ်မယ်၊ မရွေးချယ်ဘူး ဆုံးဖြတ်ရမှာပါ။
ဒီနေရာမှာ ရေ ရရင်ပြီးရော လို့လည်း တွက်မထားသင့်ပါဘူး။ ရရှိမယ့် ရေရဲ့ အရည်အသွေးကိုလည်း ထည့် သွင်းတွက်ချက်ရမှာပါ။ ရေအရည်အသွေး မကောင်းမွန်ရင် နွားတွေရော၊ လူတွေအတွက်ပါ ကျန်းမာရေးထိခိုက်နိုင် ပါတယ်။ နွားခြံရဲ့ထွက်ကုန်ဖြစ်တဲ့ နွားနို့၊ အမဲသားတွေရဲ့ ထုတ်လုပ်မှုနဲ့ အရည်အသွေးကိုလည်း ထိခိုက်စေပါတယ်။
နွားခြံတည်ဆောက်မယ့် နေရာမှာ ရေအရင်းမြစ်ကို လေ့လာတဲ့အခါ တစ်နှစ်လုံးစာ အခြေအနေတွေကို သေသေချာချာ စစ်တမ်းကောက်ယူပြီး လေ့လာဖို့ လိုအပ်ပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီစုံမှာ ရေပမာဏ ဘယ်လောက်အထိ ရရှိနိုင်တယ်၊ ရေအရည်အသွေးက ရာသီအလိုက် ဘယ်လိုပြောင်းလဲတယ်ဆိုတာတွေကို အသေးစိတ် လေ့လာပြီး တစ်နှစ်ပတ်လုံး မိမိနွားခြံအတွက် ရေရှိနိုင်မှုမှာ ပမာဏအရရော၊ အရည်အသွေးအရပါ လုံလောက်ခြင်းရှိ၊ မရှိ၊ သုံးသပ်ဖို့ လိုအပ်ပါတယ်။
(၃) မြေဆီလွှာအမျိုးအစား (Soil type)
မွေးမြူသူအများစုက မြေဆီလွှာဟာ စိုက်ပျိုးရေးသမားနဲ့သာ ဆိုင်ပြီး မွေးမြူရေးနဲ့ မဆိုင်ဘူးလို့ ယူဆလေ့ရှိကြပါတယ်။ တကယ်တော့ မွေးမြူရေးဆိုတာ စိုက်ပျိုးရေးလုပ်ငန်းထွက်ကုန်တွေကို တိရစ္ဆာန်အစာအဖြစ် အသုံးချရတဲ့လုပ်ငန်းမို့ တိရစ္ဆာန်အစာထုတ်လုပ်ရေးအတွက် မြေဆီလွှာအကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ နွားခြံ တည်ဆောက်ရာမှာ အစာအကြောင်း ခဏမေ့ထားပြီး၊ ခြံတည်ဆောက်ရေး အတွက်ပဲ စဉ်းစားမယ် ဆိုရင်တောင်မှ ခြံတည်ဆောက်မယ့်နေရာရဲ့ မြေဆီလွှာအမျိုးအစားကို ကြိုတင်သိရှိထားပြီး ခြံတည်ဆောက်ရာမှာ ထည့်သွင်းစဉ်း စား ရမှာ ဖြစ်ပါတယ်။
ရွှံ့စေးမြေ (Clay) - ရွှံ့စေးဆန်တဲ့မြေဆီလွှာဟာ ရေစိမ့်ဝင်နိုင်မှု အားနည်းပါတယ်။ ဒါကြောင့် နွားခြံရဲ့ ကြမ်းပြင်ကနေ ရေနဲ့ အစိုဓာတ်ကို စုပ်ယူစိမ့်ဝင်သွားနိုင်မှု နည်းပါးပါတယ်။ မိုးတွင်းမှာ နွားခြံက အမြဲစိုစွတ်ပြီး ဗွက်လည်နေနိုင်တာကို ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။ အဲဒီလို ခြံက အမြဲစိုပြီး၊ အ ညစ်အကြေးတွေနဲ့ ရောနှောသွားတဲ့အခါ အနံ့အသက်ဆိုးဝါးတာ၊ ရောဂါပိုးမွှားတွေ ပေါက်ပွားတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
သဲဆန်သောမြေ (Sandy soil) - သဲဆန်တဲ့မြေက အရည်တွေ စိမ့်ဝင်နိုင်စွမ်း မြင့်မားတဲ့ မြေအမျိုးအစားပါ။ အလျင်အမြန်ခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့် နွားခြံကစွန့်ထုတ်တဲ့ ဩဂဲနစ်အညစ်ကြေးတွေကြောင့် ဖြစ်ပေါ်တဲ့ အနံ့ဆိုးတွေနဲ့ ရောဂါပိုးမွှားပေါက်ပွားမှုကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း အားနည်းချက် ရှိပါတယ်။ သဲဆန်တဲ့မြေတွေဟာ အပူချိန်ကို သမမျှတအောင် လုပ်ပေးနိုင်စွမ်း နည်းပါးကြပါတယ်။ ဒါကြောင့် နေ့နဲ့ ည မှာ မြေပြင်ရဲ့ အပူချိန်ကွာခြားချက်က သိပ်ကို မြင့်မားပါတယ်။
သဲသမမြေ (Sandy loam soil) - သဲသမမြေကတော့ ရွှံ့စေး နဲ့ သဲ ရောနှောနေတာမို့ ရွှံ့စေးမြေနဲ့ သဲဆန်သောမြေ နှစ်ခုစလုံးမှာ ရရှိနိုင်တဲ့ ကောင်းကျိုးတွေအားလုံးကို တပြိုင်တည်း ရရှိနေပြီး၊ နွားခြံ တည်ဆောက်ဖို့အတွက် အသင့်လျော်ဆုံး မြေအမျိုးအစားပဲ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်