သီးနှံပင်တွေအတွက်လိုအပ်တဲ့ ဆီလီကွန်ဓာတ်အကြောင်း

15/07/2021 13:30 PM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

    အပင်အတွက်လိုအပ်တဲ့ အာဟာရဓာတ် ၁၇ မျိုးထဲမှာ ဆီလီကွန်ဓာတ် မပါဝင်ပေမဲ့ တကယ်ကို အကျိုးရှိပီး သုံးသင့်တဲ့အထဲမှာတော့ ဆီလီကွန်ဓာတ်ပါဝင်ပါတယ်။ ဆီလီကွန်ဓာတ်ဟာ မြေကြီးရဲ့ အလေးချိန် ၂၈% အထိ ပေါများစွာရှိပါတယ်။ နောက်ပီး ကမ္ဘာ့အပေါများဆုံး ဒြပ်စင်များမှ နံပါတ် ၇ နေရာမှာရှိနေတာဖြစ်ပါတယ်။ 

Silicon (Si) 

    ဆီလီကွန်ဓာတ်မှာ ပုံစံတွေများစွာရှိကြပါတယ်။ ဆလီကိတ်ပုံစံတွေဖြစ်တဲ့ ကယ်ဆီယမ်ဆီလီကိတ်, မဂ္ဂနီဆီယမ် ဆီလီကိတ် သို့မဟုတ် ပိုတက်ဆီယမ် ဆီလီကိတ် ဆိုပြီးရှိကြပါတယ်။ 

    အပင်က စုပ်ယူတဲ့ ပုံစံအနေနဲ့ကတော့ Silicic acid or monsilicic acid (So(OH)4 or H4SiO4) ဆိုတဲ့ပုံစံတွေနဲ့  စုပ်ယူကြပါတယ်။ 

    Silicon ဓာတ်ရရှိမှာဟာ မြေရဲ့ pH, ရွံစေးပါဝင်မှု၊ အော်ဂဲနစ် matter ပါဝင်မှုနဲ့ သံဓာတ်နဲ့ ‌အလူမီနီယမ်အောက်ဆိုဒ်၊ ဟိုက်ဒရောဆိုဒ်‌တွဗပါဝင်မှုပေါ် မူတည်ပါတယ်။ 

    သဲမြေထဲတွင် Silicon dioxide ‌တွေ များစွာပါဝင်တာဖြစ်ပေမဲ့ အပင်က စုပ်ယူနိုင်မှုကတော့နည်းပါးပါတယ်။ အလွန် ကြေပျက်နေတဲ့ မြေတွေမှာဆိုရင်လည်း silicon ဓာတ် အလွန်နည်းတာကို တွေ့ရပါတယ်။ 

အပင်တွင်း လုပ်ဆောင်ချက်များ

    Silicon ဓာတ်ကို များသောအားဖြင့် လိုအပ်တဲ့မြေဩဇာအဖြစ် သီးနှံတွေမှာ ထည့်သွင်းကြပါတယ်။ အဓိကလိုအပ်တဲ့ဓာတ်မဟုတ်ပေမဲ့ သူနေ့ရာနဲ့သူတော့ လိုအပ်တာပဲဖြစ်ပါတယ်။

    Silicon ဓာတ်ဟာ အပင်တိုင်းအတွက် များစွာအထောက်အပံပေးနိုင်ပါတယ်။  ဒါအပြင် မြင်းမှီးပင် နဲ့ တစ်ချို့ရေညှိပင်တွေကတော့ silicon မထည့်ပေးပဲ အသက်မရှင်နိုင်ကြပါဘူး။ 

    မြက်မျိုးရင်းဝင်အပင်တွေဖြစ်တဲ့ (စပါးအပါအဝင် ) တို့ကတော့ silicon ဓာတ်ကို အဓိကလိုအပ်တဲ့ အာဟာရဓာတ်တစ်ခုအနေနဲ့ ရှိနေတာပဲဖြစ်ပါတယ်။ အပင်တွင်းမှာ silicon ဓာတ် ပြည့်ဝနေပါက အပင်ခံနိုင်ရည်အားကို တိုးတက်စေပါတယ်။ ပြောရမယ်ဆိုရင်တော့ ပိုးမွှားတိုက်ခိုက်မှု၊ ရောဂါဖြစ်ပွားမှုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာကြောင့်ဖြစ်တဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိစေပါတယ်။ တစ်ချို့သီးနှံတွေမှာဆိုရင်‌တော့ သီးနှံအထွက်နှုန်းကိုပါ တိုးစေပါတယ်။ 

အဓိက‌အနေနဲ့ 

- Silicon ဓာတ်ဟာ အပင်ရဲ့ကြီးထွားမှုနဲ့ အထွက်နှုန်းအတွက် တိုက်ရိုက်လှုံ့ဆော်ပေးပါတယ်။ 

- ဟင်းသီးဟင်းရွက် သီးပင်စားပင်တွေမှာဆိုရင် အပေါ်ပိုင်းကြီးထွားမှုတွေဖြစ်တဲ့ ပင်စည်အရိုးတုတ်ခိုင်ခြင်း၊ ဆစ်ကြားတိုစေခြင်းအပြင် အပင်ယိုင်လဲမှုကိုပါ သက်သာစေပါတယ်။

- နိုက်ထရိုဂျင်ဓာတ်မြေဩဇာ အများအပြားသုံးခြင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို လျော့ပါးအောင်လည်း ကူညီဆောင်ရွက်ပေးပါတယ်။ 

- တစ်ချို့သီးနှံပင်တွေမှာ ကျရောက်တဲ့ မှိုနဲ့ ဘက်တီးရီးယားရောဂါတွေကို နှိမ်နင်းပေးပါတယ်။

ဥပမာ - ဖရုံ၊ သခွား (ဘူးဖရုံသခွားမျိုးနွယ်ဝင်အပင်) နဲ့ ဂျုံမှာကျရောက်တဲ့ ကျပ်ခိုးမှိုရောဂါ၊ ဘာလီနဲ့ အခြားမြက်မျိုးရင်းဝင်အပင်တွေမှာ အရွက်အစက်အပြောက်ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ 

- သီးလုံးဖောက်ပိုး၊ ရွက်ထွင်းပိုးနဲ့ ဖြုတ်တွေမကျရောက်အောင်လည်း အပင်ရဲ့ ကြံခိုင်မှုတိုးစေအောင် လုပ်‌ဆောင်ပေးပါတယ်။ 

- အပင်ရဲ့ stomatal conductivity ကို မြင့်တင်ပေးတဲ့အပြင် ရေအများအပြားဆုံးရှုံးမှုကိုလည်း လျော့ချပေးပြီး ရေငတ်ဒဏ်ကို ပိုပြီး ခံနိုင်ရည်ရှိစေပါတယ်။

- အပင်အမြစ်ဖွဲ့စည်းမှုကိုလည်း အားကောင်းစေပါတယ်။ 

- ဂုံလျှော်ပင်များမှာဆို လျှော်ရဲ့ ကြံခိုင်မှုကိုပါ တိုးစေတဲ့အပြင် biomass yield ကိုပါ တိုးစေပါတယ်။ 

- အလူမီနီယမ်၊ ကော့ပါး၊ အိုင်းရွန် ၊ မဂ္ဂနိစ်၊ ဇင့် တို့ကြောင့်ဖြစ်တဲ့ အဆိပ်သင့်မှုကိုလဲ လျော့ပါးစေပါတယ်။

- ‌အပူချိန်လွန်ကဲခြင်း၊ ‌အပင်နေလောင်ခြင်းအပြင် အခြားသော ဆားငန်ဒဏ်ခံရခြင်း စတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ဒဏ်တွေအပြင် heavy metal ကြောင့်ဖြစ်တဲ့ အခြေအနေတွေကိုလဲ အတော်အသင့်ခံနိုင်ရည်ရှိစေပါတယ်။ 

Silicon ဓာတ်ချို့တဲ့ခြင်း 

    Silicon ဓာတ် ချို့တဲ့မှုပုံစံအနေနဲ့ လက္ခဏာပြတာမျိုးကိုတော့ သိပ်မတွေ့ရပေမဲ့ သူချို့တဲ့နေပါက အပင်ရဲ့ ရောဂါ‌ကျရောက်မှု ခံနိုင်ရည်အားနည်းနေတာကို တွေ့ရပါတယ်။ ကြပ်ခိုးမှိုရောဂါကို ခံနိုင်ရည်အရမ်းမဲ့နေတာက Silicon ဓာတ်ချို့တဲ့မှုလက္ခဏာတစ်ခုလို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ စပါး၊ ဂျုံနဲ့ အခြား နှံစားသီးနှံတွေမှာ ယိုင်လဲမှုဒဏ်မခံနိုင်ပါကလဲ Silicon ဓာတ်ချို့တဲ့တယ်လို့ ယူဆနိုင်ပါတယ်။

    ခရမ်းချဉ်တွင် ပုံမှန်မဟုတ်တဲ့ ပန်းပွင့်ခြင်းပြသနာတွေ၊ သခွားနဲ့ စတော်ဘယ်ရီပင်တို့မှာ အသီးတင်မှု အားနည်းခြင်းတို့ကလည်း သူချို့တဲ့မှုကြောင့်ပဲဖြစ်ပါတယ်။ နောက်ထပ်က Silicon ဓာတ်ချို့တဲ့ပါက မဂ္ဂနီစ်, ကော့ပါး နဲ့ သံဓာတ်အဆိပ်သင့်မှုကို တိုးစေပါတယ်။

Silicon လိုအပ်တဲ့ သီးနှံများ 

    များသောအားဖြင့် စပါးနဲ့ ကြံသီးနှံတွေမှာ ပိုလိုအပ်ပါတယ်။ စပါးပျိုးခင်းတွင် အသုံးပြုပါက အရွက်အ‌ရေအတွက်နဲ့ အခြောက်အလေးချိန်ကို တိုးစေတဲ့အပြင် ရွေ့ပြောင်းစိုက်ပျိုးပီးပါက ပင်းပွားအ‌ရေအတွက် နဲ့ စပါးနှံအရည်အတွက်ကို တိုးစေပါတယ်။ ဒါ့အပြင် စပါးပင်ယိုင်လဲမှုမှ လည်း ကာကွယ်ပေးပါတယ်။ 

     နောက်တစ်ချက်က စပါးနဲ့ ကြံမှာဖြစ်စေတဲ့ leaf blast (စပါးဂုတ်ကျိုးရောဂါ) ဖြစ်စေမှုကို လျော့ကျစေပါတယ်။ ဝါပင်မှာဆိုပါက အမြစ်ပုပ်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ 

Silicon လိုအပ်ချက်နဲ့ အသုံးပြုရန် မြေဩဇာနှုန်းထားများ

    Silicon က မြေဩဇာအများစုမှာမပါဝင်ပေမဲ့ သူ့ချည်းသက်သက်မြေဩဇာတွေကို ဈေးကွက်ထဲမှာတွေ့လာရပါတယ်။

    ဆီလီကွန်မြေဩဇာကို အခဲပုံစံရော အရည်ပုံစံနဲ့ပါ အသုံးပြုလို့ရပါတယ်။ များသောအားဖြင့် ကယ်ဆီယမ်ဆီလီကိတ် နဲ့ ပိုတက်ဆီယမ်ဆီလီကိတ်တွေ အသုံးပြုမယ်ဆိုရင်တော့ တစ်ပတ်ကို  50 ppm (သန်းခိုင်နှုန်း)  သို့မဟုတ် 100 ppm လောက်သာ အသုံးပြုသင့်ပါတယ်။ 

    ရောဂါတွေ ကာကွယ်ဖို့ ၊ အစေ့‌အထွက်နှုန်းကောင်းဖို့ဆိုရင်တော့ Si ပြင်းအား ၁ % လောက်သာပါဝင်ပီးဖြန်းနိုင်တယ်လို့ ဆိုပါတယ်။ 

    ကယ်ဆီယမ်ဆီလီကိတ်မှာ ၃၀% ကယ်ဆီယမ်၊ ၁၂% ဆီလီကွန် ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် ဆီလီကိတ်မှာတော့ ၇% မဂ္ဂနီဆီယမ် နဲ့ ၁၂% ဆီလီကွန်ဓာတ်ပါဝင်ပါတယ်။ သို့သော် ဟင်းသီးဟင်းရွက်သီးနှံတွေမှာတော့ များသောအားဖြင့် ပိုတတ်ဆီယမ် ဆီလီကိတ်နဲ့ ဆိုဒီယမ်ဆီလီကိတ်တွေကို အသုံးများကြပါတယ်။ သူတို့နှစ်ခုလုံးကို ရွက်ဖျန်းအ‌နေနဲ့အသုံးပြုလို့လည်းရပါတယ်။ (သူက ရွက်ဖျန်းအသုံးပြုပါက သက်ရောက်မှု အားနည်းစေပါတယ် ) ဟင်းသီးဟင်းရွက်အပင်တွေအတွက်သာ ရွက်ဖျန်းဆေးအသုံးပြုသင့်ပါတယ်။

    သီးနှံအကြွင်းအကျန်များ (ကောက်ရိုး ၊ ဂျုံရိုး )၊ သဘာဝမြေဩဇာများ အသုံးပြုခြင်းကလည်း Silicon ဓာတ်ကို အပင်မှ ရရှိစေပါတယ်။ ဒီလို သီးနှံအကြွင်းအကျန်တွေမှရတဲ့  Silicon ဓာတ်ကို plant stones သို့ phytoliths လို့ခေါ်ပြီး သူရဲ့ တည်ဆောင်ပုံဟာ ‌တည့်တံလွန်းတာဖြစ်လို့ ကြေပျက်ရန်ခက်ခဲပြီး နှစ်များစွာအထိ မြေထဲမှာရှိနေစေပါတယ်။ (ဆွေးမြေးအောင်လုပ်ပီးမှ ပိုထည့်သင့်ပါတယ်) 

    မြေတွင်း အသုံးပြုရန် နှုန်းထားအနေနဲ့ကတော့ မြေပေါ်မူတည်ပါတယ်။ မြေက အရမ်းချဉ်နေပါက ထုံးထည့်ဖို့လိုနေပါပြီ။ ထို့အတွက် ကယ်ဆီယမ်ဆီလီကိတ်ကို တစ်ပါတည်းအသုံးပြုသင့်ပါတယ်။ များသောအားဖြင့် ကြံမှာဆိုပါက တစ်ဟက်တာလျှင်  ၃၀၀-၇၀၀ kg, စပါးမှာဆိုပါက တစ်ဟက်တာ ၁၅၀-၃၀၀kg (တစ်ဟက်တာ -၂.၅၄ ဧက ဖြစ်ပါတယ်)  အများ‌ဆုံးထားပြီး  အသုံးပြုဆိုပေမဲ့လည်း မြေရဲ့ pHနဲ့ ကိုယ်စိုက်မယ့်သီးနှံအပေါ်လည်း မူတည်နေပါတယ်။ အခြားသီးနှံတွေအတွက်ကတော့ တစ်ဟက်တာလျှင် ၅၀-၂၀၀kg အတွင်းသာ သုံးသင့်ပါတယ်။ 

သတိပြုချက် - silicon တွေဟာ very alkaline ဖြစ်တဲ့အတွက် မြေရဲ့ pH တိုးစေပြီး မြေငန်မှုကို ဖြစ်စေလို့ ချင့်ချိန်အသုံးပြုသင့်ပါတယ်။

ဆီလီကွန်နဲ့အပင်တွေ ဆောင်းပါးကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Reference 

A case of silicon fertilization to improve crop yields in tropical soils  journal 

https://njaes.rtgers.edu.com

https://blog.agrivi.com

www.frontiersin.org

https://www.smart-fertilizer.com


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်