ကျန်းမာရေးဓာတ်စာအဖြစ် အလေးထားလာကြတဲ့ ငှက်သိုက်

17/08/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငှက်သိုက်တွင် အာဟာရတန်ဖိုးအနေဖြင့် ပရိုတင်း ၅၀%၊ ကာဗွန်ဟိုက်ဒြိတ် ၃၅% နှင့် ကယ်ဆီယမ်၊ ဖော့စ်ဖောရပ်၊ သံဓာတ်၊ အိုင်အိုဒင်း တို့လည်းပါဝင်ပြီး အသားဓါတ် (protein) ကြွယ်ဝသည့် အစားအစာတစ်မျိုးဖြစ်သည်။

    ငှက်သိုက်ကို အားအင်ကုန်ခမ်းနေသူများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါရှိသူများအတွက် ဓာတ်စာသဖွယ် အလေးထားသုံးစွဲကြပါသည်။

ငှက်သိုက်

    ငှက်သိုက်သည် ပျံလွှားငှက်တစ်မျိုးတွင်ပါဝင်သည့် ဇီဝဇိုးငှက်၊ ပြီးလဲငှက်၊ မိုးစာငှက်များ၏အံဖတ်ဖြင့် ပြုလုပ်သော အသိုက်ဖြစ်ပြီး တန်ဖိုးကြီးမားသောဓါတ်စာဖြစ်သည်။ မြန်မာနိုင်ငံတွင် ထားဝယ်ကမ်းခြေရှိ ကျွန်းများ၊ မြိတ်ကျွန်းစုများနှင့် ပုသိမ်အနောက်ဘက်ရှိ ကျွန်းများ၌ နေထိုင်ကျက်စားသော ဇီဝဇိုးငှက်များမှ ငှက်သိုက်ကိုရရှိပါသည်။   

    ဇီဝဇိုးငှက်သည် လေထဲတွင်ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် "လေစားငှက်" ဟုလည်း ခေါ်ကြသည်။ ဇီဝဇိုးငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင်ငှက်သိုက် (၂ ) မျိုး ရရှိပါသည်။

ငှက်သိုက်ပြုလုပ်ပုံ

    ငှက်သိုက်ကို ပျံလွှားငှက်မျိုးတွင်ပါဝင်သည့် ဇီဝဇိုးငှက်၊ မိုးစာငှက်၊ ပြီးလဲငှက်တို့မှ တပေါင်း၊ တန်ခူးလမှစ၍ ငှက်သိုက်ပြုလုပ်ကြသည်။ ၄င်းတို့၏ငှက်သိုက်မှာ တခြားငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့်မပြုလုပ်ဘဲ ထူးဆန်းစွာ အဆိုပါငှက်တို့၏ အာခေါင်မှ အာစေးတစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြပါသည်။ ယင်းအသိုက်များတွင် ငှက်မများက ဝင်ဥကြသည်။ တစ်နှစ်လျှင် (၂) ကြိမ် ဥ ဥပြီး တစ်မြုံလျှင် ဥ (၂) လုံးရှိကြသည်။ အများအားဖြင့် အထီး ၁ ကောင်၊ အမ ၁ ကောင် ပေါက်လေ့ရှိသည်။ ငှက်မမှာ ငှက်ကလေးများကို (၂) လကြာမျှ ကျွေးမွေးပြုစုပြီးနောက် အသိုက်မှဆင်းသွားကြပါသည်။

    ဇီဝဇိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်နဝါရီ၊ ဧပြီနှင့် သြဂုတ်လများတွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိပြီး ဇီဝဇိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက်ဆောက်လုပ်ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီးသော အစာရည်တချို့ ပါဝင်ပါသည်။ အသိုက်ပြုလုပ်မည့်နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး   တံတွေးများကို အန်ထုတ်လိုက်သည်။

    အစဦးဆုံးထွက်သော အာစေးမှာ ဖြူစင်သည်။ ယင်းတံတွေးများသည် လေနှင့်ထိတွေ့သည့်အခါ မာ​ကျောသွားသည်။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါအန်ပြီး နှုတ်သီးဖြင့် ခွက်ပုံသဏန်ဖော်ပေးသည်။ တစ်ခါတစ်ရံ ငှက်သိုက်တွင် သွေးစများပါလာတတ်ကြသည်။

    ငှက်အသိုက်တစ်ခုတွင် အရွယ်ရောက်ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ ၂ ကောင်နေရန် လုံလောက်သည်။ အဖြူရောင်ငှက်သိုက်တွင် အဖြူရောင်ငှက်မွေးနုများပါဝင်ကြပြီး အမဲရောင်ငှက်သိုက်တွင် အမဲရောင်ငှက်မွေးနုများ ပါဝင်ကြသည်။ အရွယ်အစားအားဖြင့် အမဲရောင်ငှက်သိုက်သည် အဖြူရောင်ငှက်သိုက်ထက် ၂ ဆကြီးသော်လည်း စီးပွားရေးစျေးကွက်တွင်မူ အဖြူရောင်ငှက်သိုက်ကို လူကြိုက်များသောကြောင့် (၁ဝ) ဆမျှ စျေးပိုကြီးကြောင်းသိရသည်။

    ထိုငှက်မျိုးသည် စာကလေးအရွယ်လောက်သာရှိပြီး ပျံသန်းရာ၌ အလွန်လျင်မြန်သည်။ ညအိပ်သည့်အချိန်မှလွဲ၍ တစ်နေ့လုံး ပျံသန်း၍ နေနိုင်စွမ်းရှိသည်။ လူသူဝေးသည့်ကျွန်းများပေါ်ရှိ ကျောက်လိုဏ်ဂူနံရံများတွင် အသိုက်ပြုလုပ်၍နေကြသဖြင့် ထိုငှက်သိုက်မျိုးကို သဘာဝငှက်သိုက် (Cave Nest) ဟုသိရသည်။

    ယခုနောက်ပိုင်းတွင် လူတို့ဖန်တီးပြုလုပ်ထားသည့် ဇီဝဇိုးငှက်လေးများ၏အသံကို CD ပြားဖြင့် အဆက်မပြတ်ဖွင့်ပေးထားကာ အသံဖြင့်လှည့်စားထားသော ငှက်ခေါ်အိမ်များကို ဖန်တီးငှက်သိုက်  (House Nest) ဟူ၍ သိရပါသည်။

ငှက်သိုက်အသုံးဝင်ပုံ

    ငှက်သိုက်သည် အင်အားပြည့်ဖြိုးစေသည်ဟု အယူရှိကြသည်။ ငှက်သိုက်ကို ခေတ်မီနည်းဖြင့်သန့်စင်ပြီး ရလာသောငှက်သိုက်ရည်ကို ဆေးဘက်ဝင်အခြားပစ္စည်းများနှင့် ပေါင်းစပ်ထားသဖြင့် အဆုတ်ကိုအားကောင်းစေပြီး ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေးရောဂါများကို သက်သာပျောက်ကင်းစေကာ နလံထလူမမာများအတွက်လည်း ကောင်းကျိုးပြုပါသည်။

    ငှက်သိုက်သည် ဆေးဘက်ဝင် ရှားပါးပစ္စည်းတစ်မျိုးဖြစ်တာကြောင့် အလွန်အဖိုးတန်လှပြီး ပြည်တွင်း၌သာမက ပြည်ပသို့လည်း တင်ပို့ရောင်းချကြပါသည်။

မိရိုးဖလာနည်းဖြင့် ငှက်သိုက်စားသုံးရန်မှာ-

    ငှက်သိုက်ကို ၂ နာရီ ခန့်ကြာ ရေစိမ်ပြီး ပွလာပါက ငှက်မွှေးများနှင့် အမှိုက်များကိုသန့်စင်ပြီး ကြွေခွက်အတွင်းထည့်ကာ ရေသင့်ရုံထည့်၍ ပေါင်းအိုးဖြင့် မိနစ် ၂၀ ခန့် ပေါင်းရပါသည်။ ရေဆူလာပါက သကြားကျောက် အနည်းငယ်ထည့်ကာ ၅ မိနစ်ခန့် ဆက်ပေါင်းပြီးပါက အအေးခံကာ စားသုံးကြပါသည်။ ၄င်းငှက်သိုက်ပေါင်းရည်အား ညတရေးနိုးချိန်၌သောက်ပါက အင်အားပြည့်ဝလန်းဆန်းစေသည်ဟု သိရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

Ref : (၁) Wikipedia

         (၂) ဆရာမောင်စိမ်းထွေး (ထားဝယ်) ၏ “ ငှက်သိုက်အကြောင်းသိကောင်းစရာ “ ဆောင်းပါး


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်