ပြည်တွင်းထွက် ဆီကြိတ်ဖတ်များအား မွေးမြူရေးအစာအဖြစ် တိုးချဲ့အသုံးပြုနိုင်ရာတွင် ဂရုပြုဆောင်ရွက်သင့်သည့် အချက်များ

17/06/2024 16:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးအစာထုတ်လုပ်ရေးတွင် အဓိကကျသည့် အသားဓာတ်အရင်းအမြစ် အစာကုန်ကြမ်း တစ်မျိုးဖြစ်သော ပဲပုပ်ဖတ်ကို ပြည်ပမှတင်သွင်းအသုံးပြုနေခြင်းအား လျှော့ချကာ ပြည်တွင်းထွက် ဆီကြိတ်ဖတ်များအား တိုးချဲ့အသုံးပြုရမည်ဖြစ်ရာ ယင်းသို့ ပြောင်းလဲအသုံးပြုရာတွင် ဂရုပြုဆောင်ရွက် သင့်သည့် အချက်များကို စုစည်းတင်ပြလိုပါသည်။ 

မွေးမြူရေးအစာတွင် ဆီကြိတ်ဖတ် အသုံးပြုရခြင်းအကြောင်းအရင်း

ဆီထွက်သီးနှံများထဲမှ ဆီကို ထုတ်ပယ်လိုက်သည့်အခါ ကျန်ရှိနေသည့် ဆီကြိတ်ဖတ်များတွင် အသားဓာတ် (Protein) များ ပမာဏများစွာ ကျန်ရှိနေပါသည်။ ဆီကြိတ်ဖတ်များသည် အနံ့၊ အရသာ၊ အစာချေဖျက်နိုင်မှု တွင် အားနည်းချက်ရှိသဖြင့် လူတို့ စားသုံးရန် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် တိရစ္ဆာန်အစာအဖြစ် အသုံးချ ကြခြင်း ဖြစ်ပါသည်။ 

မွေးမြူရေးအစာနှင့် အာဟာရဗေဒ

လူနှင့် တိရစ္ဆာန်တို့၏ ဇီဝကမ္မလုပ်ငန်းများမှာ များစွာ ကွာခြားမှု မရှိပါ။ ထို့ကြောင့် လူနှင့် မွေးမြူ ရေးတိရစ္ဆာန်များ၏ လိုအပ်သည့် အာဟာရဓာတ်အမျိုးအစားများမှာလည်း ကွာခြားမှု မရှိပါ။ 

မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုပုံစံတွင် အင်အား (Energy) ရရှိရန်အတွက် ထမင်းကို အဓိက စားသုံးပြီး အသားဓာတ် (Protein) ရရှိရန်အတွက် အသားဟင်း တစ်မျိုးမျိုးကို စားသုံးလေ့ရှိ ကြပါသည်။ ဗီတာမင်နှင့် သတ္တုဓာတ်များ (Vitamins and Minerals) ရရှိရန် အသီးအရွက်များကို ဖြည့်စွက် စားသုံးကြရပါသည်။ အဆီဓာတ် (Fat) ရရှိရန်အတွက် ဆီကို စားသုံးကြရပါသည်။ 

ထို့အတူပင် မွေးမြူရေးအစာ ထုတ်လုပ်ရာတွင် Energy အတွက် ပြောင်း သို့မဟုတ် ဂျုံ ကိုလည်း ကောင်း၊ Protein အတွက် ဆီကြိတ်ဖတ်၊ Meat and Bone Meal ၊ ငါးပေါင်းမှုန့် အစရှိသည်တို့ကို လည်း ကောင်း ထည့်သွင်းရောစပ်ရပါသည်။ 

Protein ရရှိနိုင်သော အစာကုန်ကြမ်းများအနက် ဆီကြိတ်ဖတ်များကို အများဆုံးအသုံးပြုကြရပါသည်။ သို့ဖြစ်ရာ ဆီကြိတ်ဖတ် အလုံအလောက် မရရှိဘဲ မွေးမြူရေးအစာ ထုတ်လုပ်ရန် မဖြစ်နိုင်ပါ။

မွေးမြူရေးလုပ်ငန်းဆိုသည်မှာ “ဆီကြိတ်ဖတ်ကဲ့သို့သော လူတို့စားသုံး၍ မရနိုင်သည့် တန်ဖိုးနိမ့် အသားဓာတ် (Protein)” များကို “လူတို့အတွက် အာဟာရဖြစ်စေသည့် တန်ဖိုးမြင့် အသားဓာတ် (အသား၊ နို့၊ ဥ များ)” အဖြစ် ပြောင်းလဲပေးရသည့် လုပ်ငန်း ဖြစ်ပါသည်။ ထို့ကြောင့် မွေးမြူရေးအစာတွင် ထည့် သွင်း ရောစပ်သည့် ဆီကြိတ်ဖတ်များသည် အရည်အသွေး မြင့်မားပြီး ဘေးကင်းရန် လိုအပ်ပါသည်။ 

အသားဓာတ်ပါဝင်မှုပမာဏ (Protein Content) 

ယေဘုယျအားဖြင့် ပြည်တွင်း၌ထွက်ရှိသည့် ဆီကြိတ်ဖတ်များသည် ပဲပုပ်ဖတ် (SBM) နှင့် နှိုင်းယှဉ်ပါက အသားဓာတ်ပါဝင်မှု (Crude Protein Content) လျော့နည်းပါသည်။ သို့ရာတွင် မွေးမြူရေး အစာထုတ်လုပ်ရာတွင် ပြည်တွင်းဆီကြိတ်ဖတ်များ အလုံအလောက်ရရှိပါက ပဲပုပ်ဖတ်နေရာတွင် ပြည်တွင်းထွက် ဆီကြိတ်ဖတ်များကို အစားထိုးသုံးစွဲသွားရမည်သာ ဖြစ်ပါသည်။ 

မွေးမြူရေးအစာ ထုတ်လုပ်ရာတွင် တိရစ္ဆာန်အမျိုးအစား၊ အရွယ်အစား၊ ထုတ်လုပ်မှုအဆင့်တို့ ပေါ်မူတည်၍ ကွဲပြားခြားနားသည့် အသားဓာတ်လိုအပ်ချက် ပမာဏများကို ပြည့်မီအောင် အစာ ကုန် ကြမ်းများကို အချိုးကျ တွက်ချက်၍ ရောစပ်ထုတ်လုပ်ရခြင်း ဖြစ်ပါသည်။

အစာရောစပ်ရန်အတွက် အစာကုန်ကြမ်းများ၏ဈေးနှုန်းကို စဉ်းစားရာတွင် ဆီကြိတ်ဖတ် တစ်ပိဿာချင်းစီ၏ ဈေးနှုန်းကိုသာ စဉ်းစားရသည် မဟုတ်ပါ။ ဆီကြိတ်ဖတ် တစ်မျိုးချင်းစီတွင် ပါဝင်သည့် အသားဓာတ်တစ်ယူနစ်ချင်းစီအတွက် ကုန်ကျသည့် ဈေးနှုန်းကို အဓိကထား စဉ်းစားတွက်ချက်ခြင်း ဖြစ် ကြောင်း သတိပြုရန်လိုအပ်ပါသည်။ 

ထို့ကြောင့် ပြည်တွင်းဆီကြိတ်ဖတ်များကို မွေးမြူရေးအစာတွင် ပိုမိုသုံးစွဲလာစေရန်အတွက် SBM နှင့် တစ်ပိဿာချင်းဈေးနှုန်းကိုသာ နှိုင်းယှဉ်ရမည်မဟုတ်ဘဲ၊ အသားဓာတ် တစ်ယူနစ်အတွက် ပေးရသည့် ဈေးနှုန်းကိုပါ နှိုင်းယှဉ်ရမည် ဖြစ်ပါသည်။ ထိုသို့နှိုင်းယှဉ်သည့်အခါ ပြည်တွင်းဆီကြိတ်ဖတ်များ၏ ဈေးနှုန်းမှာ SBM တင်သွင်း၍ အသုံးပြု ချင်းထက် ပိုမို၍ တွက်ချေကိုက်သည့် ဈေးနှုန်းအနေအထား ဖြစ် ရန် လိုအပ်ပါသည်။ 

အမိုင်နိုအက်ဆစ်

မွေးမြူရေးအစာ ရောစပ်ရာတွင် အသားဓာတ်ပါဝင်မှုကိုသာ စဉ်းစားရသည် မဟုတ်ပါ။ အသား ဓာတ်ကို အမိုင်နိုအက်ဆစ်များဖြင့် စုဖွဲ့တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ အမိုင်နိုအက်ဆစ် အမျိုးအစား ၂၀ ကျော် ရှိပြီး၊ ယင်းအမိုင်နိုအက်ဆစ်များကို အုပ်စု နှစ်စု ခွဲခြားနိုင်ပါသည်။ 

  • အစာထဲတွင် မဖြစ်မနေပါဝင်ရန်လိုအပ်သည့် အမိုင်နိုအက်ဆစ် (Essential amino acids) 
  • အစာထဲတွင် မပါလျှင်လည်းရသည့် အမိုင်နိုအက်ဆစ် (Non- essential amino acids)

ထို့ကြောင့် အသားဓာတ်ပါဝင်မှု ရာခိုင်နှုန်းအပြင် ပါဝင်သည့်အသားဓာတ်ကို တည်ဆောက်ထား သည့် အမိုင်နိုအက်ဆစ် အမျိုးအစား နှင့် အချိုးအစား (Amino acids profile) ကိုလည်း အသေးစိတ် စဉ်း စားရပါသည်။ တိရစ္ဆာန် အမျိုးအစားနှင့် ထုတ်လုပ်မှုအဆင့်ပေါ်မူတည်၍ လိုအပ်သည့် အမိုင်နိုအက်ဆစ် အမျိုး အစားနှင့် အချိုးအစားများ ကွာခြားမှု ရှိပါသည်။  

ပဲပုပ်ဖတ်တွင် ပါဝင်သည့် Amino acids profile အရ အခြားဆီကြိတ်ဖတ်များထက်ပိုမို၍ Essential amino acids အမျိုးအစား ပြည့်စုံစွာ ပါဝင်သည့်အပြင် ပါဝင်မှုပမာဏလည်း မြင့်မားပါသည်။ 

ထို့ကြောင့် SBM ကို အခြားသော ဆီကြိတ်ဖတ်များနှင့် အစားထိုးသည့်အခါ SBM တင်သွင်းခြင်း ကြောင့် ကုန်ကျမည့်စရိတ် လျော့ကျသွားသော်လည်း၊ တိရစ္ဆာန်များ၏ အမိုင်နိုအက်ဆစ် လိုအပ် ချက်ကို ပြည့်မီစေရန် synthetic amino acids များကို ဝယ်ယူ၍ Feed supplement အဖြစ်ပြန် လည်ဖြည့်စွက်ရ မည် ဖြစ်ရာ ကုန်ကျစရိတ် ပြန်လည်မြင့်တက်လာမည် ဖြစ်ပါသည်။

အရည်အသွေးတည်ငြိမ်ရေး

အစာထုတ်လုပ်သူများအနေဖြင့် အစာကုန်ကြမ်း (ဆီကြိတ်ဖတ်) ၏ အသားဓာတ်ပါဝင်မှုအပေါ် မူ တည်၍ အစာဖော်မြူလာကို ပြောင်းလဲနိုင်ပါသည်။ သို့သော် ယင်းသို့ ဖော်မြူလာကို မကြာခဏ ပြောင်း လဲနေရခြင်းဖြင့် အစာအရည်အသွေးတည်ငြိမ်မှုကို ထိခိုက်သကဲ့သို့ မွေးမြူရေးတိရစ္ဆာန်များ၏ ထုတ်လုပ် မှု အပေါ်လည်း သက်ရောက်မှုများစွာ ရှိပါသည်။ 

ထို့ကြောင့် အစာထုတ်လုပ်သူများအနေဖြင့် အရည်အသွေးတည်ငြိမ်သည့် အစာကုန်ကြမ်းများကို အသုံးပြုကာ အစာဖော်မြူလာ ပြောင်းလဲမှု အနည်းဆုံးဖြင့် ထုတ်လုပ်ရန် လိုအပ်ပါသည်။ 

ပြည်တွင်းဆီကြိတ်ဖတ်များသည် ယေဘုယျအားဖြင့် အရည်အသွေးတည်ငြိမ်မှု မရှိသည်ကို တွေ့ ရှိရမည် ဖြစ်ပါသည်။ ဖြစ်နိုင်ချေရှိသည့် အကြောင်းအရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 

  • ဆီထွက်သီးနှံ စိုက်ပျိုးဒေသ ကွာခြားခြင်း၊
  • စိုက်ပျိုးရာသီ ကွာခြားခြင်း
  • တစ်ဆက်တည်းစိုက်ခင်းကျယ်များ မဟုတ်ဘဲ၊ စိုက်ခင်းငယ်များအဖြစ် ကွဲပြားနေခြင်း ကြောင့် အသုံးပြုသည့် စိုက်ပျိုးနည်းစနစ်၊ သွင်းအားစု၊ ရိတ်သိမ်းနည်းစနစ်နှင့် ရိတ်သိမ်း ချိန်လွန်နည်းပညာကွာဟချက်များ ဖြစ်ပေါ်နေခြင်း၊
  • ဆီစက်လုပ်ငန်းများတွင် အသုံးပြုသည့် စက်ယန္တရားကွာခြားချက် ရှိနိုင်ခြင်း၊
  • အရောအနှောများ ပါဝင်နိုင်ခြင်း

ယင်းဖြစ်နိုင်ချေအချက်များကို ဆန်းစစ်၍ လိုအပ်သည့် ပြုပြင်မှုများ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးတည်ငြိမ်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ 

စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး

မွေးမြူရေးလုပ်ငန်းများသည် စိုက်ပျိုးသီးနှံများကဲ့သို့ ရာသီအလိုက်ထုတ်လုပ်ခြင်း မဟုတ်ပါ။ တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လုပ်ရပါသည်။ ထို့ကြောင့် မွေးမြူရေးအစာများကိုလည်း တစ်နှစ် ပတ်လုံး တည်ငြိမ်စွာ ထုတ်လုပ်ပေးနိုင်ရန် လိုအပ်ပါသည်။ သီးနှံရိတ်သိမ်းပြီးသည့် ရာသီတွင် ဆီကြိတ်ဖတ်များ ပေါပေါများများ ထွက်ရှိလာပြီး နောက်ပိုင်း ကာလများတွင် ဆီကြိတ်ဖတ် ရှားပါးသည့် အခြေအနေမျိုး မဖြစ်ပေါ်ရန် သတိပြုရပါမည်။ တစ်နှစ်ပတ်လုံး ဆီကြိတ်ဖတ်များ စဉ်ဆက်မပြတ်ထုတ်လုပ်၍ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချပေးနိုင်မည့်အခြေအနေမျိုးကို ကြိုတင်စဉ်းစားထားသင့်ပါသည်။ သို့မှသာ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို မွေးမြူရေးနှင့် ဆီထုတ်လုပ်ရေးကဏ္ဍ နှစ်ခုစလုံးက ရရှိနိုင် ပါမည်။ 

မှိုဆိပ်ကင်းစင်ရေး

ဆီကြိတ်ဖတ်တွင် မှိုဆိပ်ကင်းစင်ရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် မှိုဆိပ်ကို ပထမဆုံးတွေ့ရှိခဲ့သည့်နေရာမှာ မြေပဲဖတ်ထဲတွင် ဖြစ်သည်ကို သတိပြုသင့်ပါသည်။ 

မှိုဆိပ်ကင်းစင်ရေးမှာ ဆီကြိတ်စက်ရုံများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ စိုက်ခင်းထဲမှပင် စတင်ပါသည်။ ထို့ကြောင့် ယင်းကို ထိန်းချုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းများသာမကဘဲ စိုက်ပျိုးရေး လုပ်ငန်းများကပါ ပူးပေါင်းပါဝင်လာရန် လိုအပ်ပါသည်။ 

အစာကုန်ကြမ်းထဲတွင် မှိုဆိပ်ပါဝင်လာပါက မွေးမြူရေးတိရစ္ဆာန်များပင် ပျက်စီးဆုံးရှုံးနိုင်သည်မ ဟုတ်ပါ။ ယင်းမွေးမြူရေးတိရစ္ဆာန်များက ထုတ်လုပ်ပေးသော စားသောက်ကုန်များမှတဆင့် စားသုံးသူ များကိုပါ ကျန်းမာရေးဆိုးကျိုးများ ပေးနိုင်ပါသည်။ ဥပမာ အဖလာတောက်ဆင် မှိုဆိပ်ပါ သည့် နှမ်းဖတ် ကို နို့စားနွားများအား ကျွေးမွေးပါက၊ မှိုဆိပ်သည် နွားနို့မှတဆင့် နို့သောက်သုံးသူ ထံသို့ ရောက်ရှိကာ အန္တရာယ်ဖြစ်စေနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်