အိမ်တွင်းအလှစိုက်အပင်တွေကို မြေဩဇာအလွန်အကျွံကျွေးတဲ့အခါ တွေ့ရတဲ့လက္ခဏာများနဲ့ ကာကွယ်ဖြေရှင်းနည်း

20/02/2024 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အိမ်တွင်းအလှစိုက်ပန်းပင်တွေ စိုက်ပျိုးတဲ့ အလေ့အထဟာ မြေနေရာ အခက်အခဲရှိတဲ့ မြို့ကြီးတွေမှာသာမက နယ်မြို့တွေမှာပါ တဖြည်းဖြည်းနဲ့ ခေတ်စားလာတာ ဖြစ်ပါတယ်။ အိမ်တွင်းအလှစိုက်ပန်းပင်တွေဟာ အမျိုးအစား စုံလင်ပြီး ရွေးချယ်စရာကလည်း များလှပါတယ်။ အိမ်တွင်း အလှစိုက်အပင်တွေကို စိုက်ပျိုးတဲ့အခါ ကြုံတွေ့ရလေ့တဲ့ အခက်ခဲတွေက အပင်စိုက်ပျိုးထားရှိတဲ့နေရာ၊ ရေလောင်း များခြင်း/နည်းခြင်း၊ မြေဩဇာကျွေးခြင်း၊ မြေလဲပေးခြင်းနဲ့ ပိုး၊ ရောဂါ ကျရောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မြေဩဇာကျွေးတာက အပင်တွေကြီးထွားရှင်သန်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ သို့ပေမဲ့ မလိုအပ်ဘဲ မြေဩဇာ အလွန်အကျွံကျွေးတဲ့အခါ အပင်တွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်တာမို့ မြေဩဇာကျွေးခြင်းဟာလည်း သတိပြုရမယ့် အချက်ဖြစ်ပါတယ်။ 

မြေသြဇာတွေထဲမှာဆိုရင် အမြစ်ထဲက အစိုဓာတ်ကို ဖယ်ထုတ်နိုင်တဲ့ အမျိုးမျိုးသော ဆားတွေ အများအပြားပါရှိနေတာဖြစ်ပြီး ၎င်းဖြစ်စဥ်ကို reverse osmosis လို့ ခေါ်ဆိုကြပါတယ်။ မြေဆီလွှာမှာ ပါဝင်နေတဲ့ ဆားပမာဏဟာ အပင်မှာပါဝင်နေတဲ့ ဆားပမာဏထက် ပိုများမယ်​ဆိုပါက reverse osmosis ဖြစ်စဥ် ဖြစ်ပေါ်လာနိုင်ပြီး အပင်ဟာ ဓာတုလောင်ကျွမ်းမှုနဲ့ ရေဓာတ်ခန်းခြောက်မှု အန္တရာယ်တို့ကို ကြုံတွေ့ခံစားရမှာ ဖြစ်ပါတယ်။ အဆိုပါဖြစ်စဥ်ကြောင့် အဆိုးရွားဆုံး ထိခိုက်ပျက်စီးမှုဟာ မြေဆီလွှာအောက်မှာရှိတဲ့ အမြစ်တွေဆီမှာ အဓိကဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။ မြေသြဇာတွေ အလွန်အကျွံကျွေးပြီး ဆားဓာတ်​တွေပိုလျှံလာပါက အမြစ်များကို လောင်ကျွမ်းစေပြီး အစိုဓာတ်စုပ်ယူနိုင်မှုကိုပါ ကန့်သတ်လိုက်မှာ ဖြစ်ပါတယ်။ အပင်က ရေကို မစုပ်ယူနိုင်တဲ့အခါမှာတော့ ဒုက္ခရောက်မှာ အသေအချာပါပဲ။ ထို့အပြင် ဆားဓာတ်တွေဟာ ခါးရိရောဂါနဲ့ အမြစ်ရောဂါတွေကိုပါ သွယ်ဝိုက်ပြီး ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။

ထို့ကြောင့် ယခုဆောင်းပါးမှာတော့ အပင်စိုက်ပျိုးသူတွေအနေနဲ့ သတိပြုနိုင်ဖို့အတွက် မြေဩဇာအလွန်အကျွံကျွေးမိတဲ့အခါ အိမ်တွင်းအလှစိုက်ပန်းပင်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာအချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ပြဿနာ အရင်းအမြစ်များ

- ရေတွင် ပျော်ဝင်လွယ်သော မြေသြဇာ (soluble fertilizer) များကို တစ်ကြိမ်တည်းနဲ့ အလွန်အကျွံအသုံးပြုခြင်း (သို့မဟုတ်) ပမာဏနည်းနည်းဖြင့် ခဏခဏအသုံးပြုခြင်း

- တဖြည်းဖြည်းချင်း အာဟာရဓာတ်စိမ့်ထွက်နိုင်သော မြေသြဇာ (slow release fertilizer) များကို အလွန်အကျွံ

အသုံးပြုခြင်း

- slow release fertilizer များကို ရေတွင်ပျော်ဝင်လွယ်သော မြေသြဇာများနဲ့ ပေါင်းစပ်အသုံးပြုခြင်း 

- စပ်မြေ၏ ရေစိမ့်ဝင်နိုင်မှု အားနည်းခြင်း

- စပ်မြေ သက်တမ်းကြာပြီး အပူဓာတ်များနေခြင်း 

- အစိုဓာတ်မရှိဘဲ ခြောက်သွေ့လွန်းတဲ့ မြေဆီလွှာတွင် မြေသြဇာများထည့်ခြင်း 

 

မြေဩဇာအလွန်အကျွံ ကျွေးတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာများ 

- အပင်ရဲ့ အောက်ဘက်ပိုင်းရှိ အရွက်များ အဝါရောင်ပြောင်းလာပြီး ညှိုးနွမ်းလာခြင်း 

- အရွက်ရဲ့ ထိပ်ဖျားနဲ့ ဘေးနှုတ်ခမ်းသားများ အညိုရောင်ပြောင်းလာခြင်း 

- အမြစ်များ အမည်းရောင် (သို့မဟုတ်) အညိုရောင် ပြောင်းလာပြီး ပျော့ပျောင်းနေခြင်း 

- အရွက်များလောင်ပြီး ပျက်စီးနေခြင်း 

- အရွက်များ ကြွေကျခြင်း 

- အာဟာရဓာတ်များ မစုပ်ယူနိုင်သောကြောင့် အပေါ်ယံ မြေမျက်နှာပြင်ပေါ်တွင် မြေဩဇာများ ကျန်ရှိနေခြင်း 

- အပင် ကြီးထွားမှု နှေးကွေးသွားခြင်း (သို့မဟုတ်) ရပ်တန့်သွားခြင်း 

- ပန်းများ မပွင့်နိုင်ခြင်း 

- အပင်ပေါက်များ သေဆုံးခြင်း 

မိမိစိုက်ပျိုးထားတဲ့ အိမ်တွင်းအလှစိုက် ပန်းပင်တွေမှာ အထက်ဖော်ပြပါ အခြေအ‌နေ လက္ခဏာတွေကို တွေ့ရှိရမယ်ဆိုရင် မြေဩဇာ အလွန်အကျွံကျွေးမိနေပြီဆိုတာ သတိပြုရမှာဖြစ်ပါတယ်။ အပင်တွေကို မြေဩဇာအလွန် အကျွံကျွေးမိတဲ့အခါ အများဆုံးတွေ့ရလေ့ရှိတဲ့ တစ်နည်းအားဖြင့် အဖြစ်များတဲ့ လက္ခဏာကတော့ အပင်ကနေ အာဟာရဓာတ်တွေကို မစုပ်ယူနိုင်တော့တဲ့အတွက် အပေါ်ယံ မြေမျက်နှာပြင်ပေါ်မှာ မြေဩဇာများ ကျန်ရှိနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အဲ့ဒီလို တွေ့ရှိရမယ်ဆိုရင် ဇွန်းတစ်ချောင်းကို အသုံးပြုပြီးတော့ မြေဆီလွှာရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ သတ္တုဓာတ်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဖယ်ထုတ်တဲ့အခါမှာ အပင်နဲ့ မြေဆီလွှာကို ထိခိုက်မှု မရှိစေဖို့ ၁ လက်မရဲ့ ၄ ပုံ ခန့်သာ ဖယ်ထုတ်ပေးသင့်ပါတယ်။ 

ထို့အပြင် အပင်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ အရွက်တွေရှိရင်လည်း ဖယ်ရှားပေးသင့်ပါတယ်။ မြေဩဇာလွန်ကဲနေတဲ့ အခြေအနေကို ဖြေရှင်းဖို့ ကောင်းမွန်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ရေကို ဖြေးညင်းစွာ ဆက်တိုက်လောင်းပေးခြင်း ဖြစ်ပါတယ်။ ရေလောင်းပေးခြင်းဖြင့် မြေဆီလွှာမှာ ပိုလျှံနေတဲ့ အာဟာရဓာတ်တွေကို တဖြည်းဖြည်းချင်း စွန့်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ရေဆက်တိုက်လောင်းရမှာ ဖြစ်တဲ့အတွက် စိုက်ပျိုးထားတဲ့ ပန်းအိုးနဲ့ မြေသားဟာ ရေစိမ့်ဝင်နိုင်မှု ကောင်းဖို့တော့ လိုအပ်ပါတယ်။ ရေလောင်းတဲ့နည်းလမ်းကို  မသုံးချင်ရင်တော့ ဇလားတစ်ခုထဲကို ရေထည့်ပြီး ၎င်းဇလားထဲကို ပန်းအိုးထည့်ထားကာ မိနည်းအနည်းငယ်စိမ်ပြီး ထားရှိနိုင်ပါတယ်။ ပိုလျှံနေတဲ့ အာဟာရဓာတ်တွေ စိမ့်ထွက်သွားတာ သေချာစေဖို့အတွက် အနည်းဆုံး ၃ - ၄ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။ ဒီလို နည်းလမ်းတွေကို အသုံးပြုပြီးပြီ ဆိုရင်တော့ အနည်းဆုံး နောက်ထပ် ၁ လ အတွင်း မြေဩဇာ ထပ်မကျွေးဘဲ ထားရှိသင့်ပါတယ်။ အကယ်လို့ အပင်စိုက်ပျိုးထားတဲ့ မြေဆီလွှာဟာ ကြပ်နေပြီး ရေစိမ့်ဝင်နိုင်မှု မရှိဘူးဆိုရင်တော့ မြေအသစ်လဲပေးလိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ မြေလဲပေးတဲ့အခါမှာ အမြစ်တွေ ထိခိုက်မှုမရှိအောင်တော့ ဂရုစိုက်သင့်ပါတယ်။ ယနေ့ခေတ်မှာ အိမ်တွင်းအလှစိုက် ပန်းပင်တွေအတွက် အမျိုးအစားပေါ်မူတည်ပြီး အသင့်သုံး စပ်မြေတွေ ရောင်းချနေတာမို့ ဝယ်ယူအသုံးပြုနိုင်ပါတယ်။ 

ဘယ်လို ကြိုတင်ကာကွယ်နိုင်မလဲ 

(၁) ရေစိမ့်ဝင်မှု ရှိ မရှိ စစ်ဆေးပါ 

အိမ်အတွင်းမှာ ပန်းအိုးတွေနဲ့ အလှစိုက်ပျိုးတဲ့ အပင်တွေ ဖြစ်တာကြောင့် ရေစိမ့်ဝင်နိုင်မှုက အရေးကြီးပါတယ်။ ရေစိမ့်ဝင်နိုင်မှု ညံ့တဲ့အခါမှာ အမြစ်ပုပ်ခြင်း၊ မှိုရောဂါများ ဖြစ်ပွားခြင်းနဲ့ မြေဩဇာများ ပိုလျှံလာခြင်းတို့ ဖြစ်နိုင်တာကြောင့် သတိပြုရမှာ ဖြစ်ပါတယ်။ 

(၂) အာဟာရဓာတ်များ ပုံမှန်ဖယ်ရှားပါ 

သင့်တင့်မျှတတဲ့ နှုန်းထားနဲ့ မြေဩဇာတွေကို ပုံမှန်ကျွေးနေရင်တောင်မှပဲ အချိန်ကြာလာတဲ့အခါ မြေဆီလွှာထဲမှာ ဆားဓာတ်တွေ အများအပြား စုပုံလာနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ ရေလောင်း၊ ရေစိမ် တဲ့နည်းလမ်းတွေကို ၄ လ - ၆ လ လျှင် တစ်ကြိမ် ပြုလုပ်ပြီး ပိုလျှံနေတဲ့ အာဟာရဓာတ်တွေကို ဖယ်ရှားပေးသင့်ပါတယ်။ 

(၃) မြေဩဇာအရည် အသုံးပြုပါ 

အာဟာရဓာတ်တွေကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးတဲ့ မြေဩဇာ (Slow-release fertilizers) တွေဟာ အမှုန့်ပုံစံနဲ့ရော အခဲပုံစံနဲ့ပါ ရှိကြပါတယ်။ ဒီလို မြေဩဇာတွေ ထည့်ပေးထားခြင်းအားဖြင့် အပင်ဟာ အာဟာရဓာတ်တွေကို ပုံမှန်ရရှိနေမှာ ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းကို အသုံးပြုခြင်းဖြင့် မြေဩဇာတွေကို မကြာခဏ ကျွေးပေးရခြင်းကနေလည်း လျှော့ချပေးနိုင်ပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်ကတော့ သင့်အပင်က အမှန်တကယ်ရရှိနေတဲ့ အာဟာရဓာတ်ပမာဏကို မထိန်းချုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ထို့အပြင် ရေကို လုံလောက်အောင် မလောင်းတဲ့အခါမှာလည်း မြေဆီလွှာမှာ အာဟာရဓာတ်တွေ ပိုလျှံလာတာမျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ 

မြေဩဇာအရည်တွေကို အသုံးပြုမယ်ဆိုရင်တော့ ဖျော်ရည်သပ်သပ်ပဲ အသုံးပြုနိုင်သလို ပုံမှန်ရေလောင်းတဲ့ အခါမှာလည်း ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာဆိုရင် အိမ်တွင်း အလှစိုက်အပင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အော်ဂဲနစ် မြေဩဇာအရည်တွေလည်း ရရှိနေပြီ ဖြစ်ပါတယ်။ မြေဩဇာအရည်တွေကို အသုံးပြုခြင်းဖြင့် အပင်လောင်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်သလို မြေဆီလွှာမှာ အာဟာရဓာတ်တွေ ပိုလျှံလာခြင်းကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်