တရုတ်နိုင်ငံက တင်သွင်းခွင့်မပြု၍ ဆန်တန်ချိန် ခြောက်သောင်းကျော် မူဆယ်၌ ပိတ်မိနေ

07/05/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော မြန်မာဆန်များကို တရုတ်နိုင်ငံဘက်မှ ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် နောက်ပိုင်းမှစ၍ တင်သွင်းခွင့်ပြုသည့်အတွက် လက်ရှိအချိန်တွင် မူဆယ်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များ၌ ဆန်တန်ချိန်ခြောက်သောင်းကျော် ပိတ်မိနေသည်ဟု ဆန်ကုန်သည်အချို့ထံမှ သိရသည်။

 

အခု မူဆယ်နယ်စပ်ဂိုဒေါင်တွေမှာ ရှိနေတဲ့ဆန်တွေက အရင်လက်ကျန်ဆန်တွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက တင်ပို့ခွင့်မပေးတဲ့နောက်ပိုင်း မူဆယ်ဘက်ကို ဆန်ကားတွေတက်လာတာ မတွေ့ရတော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီမူဆယ်နယ်စပ်မှာ ပိတ်မိနေတဲ့ဆန်တွေကို ဘယ်လိုလုပ်ရမလဲဆိုတာပဲ နေ့စဉ်နဲ့အမျှ စဉ်းစားနေရတယ်။ တရုတ်ဘက်က တရားမဝင် မှောင်ခိုတားဆီးမှုဆိုပြီးတော့ စီမံချက်တွေနဲ့ဝင်တဲ့လမ်းကြောင်းတွေမှာ စောင့်ဖမ်းတာတွေရှိသလို ဖမ်းမိတဲ့လူတွေကို အရေးယူမှုတွေ ပြုလုပ်ကြတာရှိနေပြီး မြန်မာနဲ့ ထိစပ်မှုရှိနေတဲ့ နယ်စပ်မျဉ်းတစ်လျှောက်မှာ မှောင်ခိုမလုပ်ကြဖို့ ဆော်သြနေတာတွေလည်း ရှိနေတဲ့အတွက် တရားမဝင် လမ်းကြောင်းက သွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး" ဆန်ကုန်သည်တစ်ဦးက ပြောသည်။

 

မူဆဘ်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဘိုဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်းကို တင်သွင်းခွင့် ရရှိခဲ့သည်ဟု သိရကြောင်း၊ ကြားသိရသလောက်အနေဖြင့် အိုဗာဆီးလိုင်းမှ တင်သွင်းရမည်ဟု ကြားထားကြောင်း၊ တင်ပို့ချိန်တွင် မူဆယ်၌ ပိတ်မိနေသည့် ဆန်များကိုလည်း တာဝန်ရှိသူများအနေဖြင့် စဉ်းစားပေးလိုကြောင်း ပြောသည်။

 

လက်ရှိအချိန်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှဆန်ကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် လိုင်စင်ဖြင့် တင်ပို့ခြင်းကို ခွင့်ပြုထားသော်လည်း ဆန်အလုံးအရှည်အပေါ်မူတည်ပြီး ကန်သတ်ထားသဖြင့် ဆန်အမျိုးအစားအချို့မှာ လိုင်စင်ဖြင့် တရားဝင်သွင်းရန်လည်း သတ်မှတ်ချက်နှင့် မကိုက်ညီသည့် အခက်အခဲရှိနေပြီး ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

 

မူဆယ်၌ ဆန်များပိတ်မိနေချိန်တွင် ကုန်သည်အချို့အနေဖြင့် ပျက်စီးမည်စိုး၍ ဆန်အိတ်များကို မြန်မာနိုင်ငံအတွင်းသို့ ပြန်သယ်ကြသည်လည်းရှိကြောင်း၊ လက်ရှိအခြေအနေများအရ ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကထက် များစွာလျော့နည်းကျဆင်းသွားကြောင်၊ ယခုအတိုင်းဆက်ဖြစ်နေပါက အရောင်းအဝယ်ဒိုင်များအဖို့ ပိုဆိုးမည်ဖြစ်သလို အလုပ်သမားများ၊ ကားသမားများနှင့် အခြားအလွှာပေါင်းစုံကိုပါ ထိခိုက်စေကြောင်း ထို့အပြင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဆန်စပါးစိုက်ပျိုးကြသည့် တောင်သူလယ်သမားများ စက်ပိုင်းများအတွက်လည်း အခက်အခဲဖြစ်စေကြောင်း ဆန်ကုန်သည်များကို သုံးသပ်ပြေားကြားကြသည်။

 

ဦးသန်းဘိုဦးက "မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်ပြီး ပစ္စည်းဖလှယ်တဲ့စနစ်ပေါ့။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ ကြိုးစားခဲ့တာကို ဆန်စပါးကုန်စည်ဒိုင်က ကြိုဆိုပါတယ်။ အခု ပစ္စည်းချင်းဖလှယ်တဲ့စနစ် အောင်မြင်ခဲ့မယ်ဆိုရင် နယ်စပ်က ပိတ်မိနေတဲ့ ဆန်တွေကို အရင်ဆုံးဦးစားပေးထွက်ပေးဆိုတာကြားရတဲ့အတွက် ဝမ်းသားမိပါတယ်။ အိမ်နီးချင်းချစ်ကြည်ရေးကို အခြေခံပြီး မျှတတဲ့ ကုန်သွယ်မှုတစ်ခုဖြစ်ခဲ့ရင် ကောင်းပါတယ်။ ကျွန်တော်တို့ ဆန်စပါးကုန်စည်ဒိုင်က ကြိုဆိုပါတယ်" ဟု ဆက်ပြောသည်။

 

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ဆန်များတင်ပို့မှုကို လက်မခံသော်လည်း တရုတ်နိုင်ငံသားအချို့ကိုမှု တင်သွင်းခွင့် လိုင်စင်ချထားပေးရာ ထိုတရုတ်နိုင်ငံသားများက မြန်မာနိုင်ငံအတွင်းမှ ဆန်စျေးကို သိရှိထားသလို အချို့ဆိုလျှင် မြန်မာနိုင်ငံအောက်ပိုင်း ဆန်စပါးစိုက်ပျိုးရာ ဒေသများအထိ ကိုယ်တိုင်ဆင်းဝယ်နေကြကြောင်း။ ထိုပုံစံအတိုင်း တရုတ်ကုန်သည်များက ပြည်တွင်း ဆန်စိုက်ပျိုးရာဒေသများအထိ ဆင်းဝယ်ကြပါက မြန်မာကုန်သည်များအဖို့ ထိခိုက်နစ်နာမှုများ ဖြစ်စေမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတွင် တရုတ်နယ်စပ်တစ်လျှောက်၌ တရားမဝင်ကုန်ပစ္စည်း တားဆီးရေးစီမံချက်ဖြင့် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်း၊ နှင့် သကြားများကို ပိတ်ဆို့ထား၍ မြန်မာကုန်သည်များ၊ ကားသမားများ၊ အလုပ်သမားများ၊ အဆင်မပြေကြကြောင်း၊ ကုန်သည်များအနေဖြင့် နယ်စပ်ဒေသတွင် ယခင်ကလို တရုတ်နိုင်ငံအထိ နယ်စပ်မှသွားရောက် ရောင်းချခွင့်ရရန် လိုလားနေကြကြောင်း ကုန်သည်များ၏ပြောကြားချက်များအရ သိရသည်။

 

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား လက်ရှိကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ သွင်းကုန်အနေဖြင့် ဆိုင်ကယ်၊ ယာဉ်ယန္တရားများ၊ ဓာတ်မြေသြဇာများ၊ ပန်းသီး၊ လိမ္မော်သီး စသည့် သစ်သီးများနှင့် ပလတ်စတစ် ထုတ်ကုန်ပစ္စည်းအချို့ကို အများဆုံးတင်သွင်းနေပြီး မြန်မာနိုင်ငံမှ ပို့ကုန်များအနေဖြင့် ပဲတီစိမ်း၊ နှမ်း၊ ဖရဲသီး၊ ဆန်၊ သတ္တုတွင်းထွက်ပစ္စည်းအချို့နှင့်ငါး၊ ဂဏန်းစသည့် ရေထွက်ကုန်ပစ္စည်းများနှင့် နွားများတင်ပို့မှုများ ရှိနေကြောင်းသိရသည်။

 

 

သန့်စင် (မူဆယ်)

 

 

မြန်မာ့အလင်းသတင်းစာ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်