“ရာသီစာ ကတက်ဥ"

28/07/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

      မိုးဖြိုင်ဖြိုင်ရွာပြီး စိုစွတ်တဲ့ရာသီမှာ ထွက်ပေါ်တဲ့ရာသီစာ ကတက်ဥကို လူတော်တော်များများမြင်ဖူးကြမှာပါ။ အဖျားမှာ ဖြူဖွေးပြီး လုံးလုံးတုတ်တုတ်အရွယ်က တစ်မျိုး၊ သွယ်လျလျပုံစံနဲ့က တစ်မျိုး ရှိကြပေမယ့် တူညီတဲ့အချက်မှာ ကတက်ဥရဲ့ အဖျားဘက်မရောက်ခင်နားထိ အမွှေးအမျှင်များ အပြည့်ပါနေတာပဲဖြစ်ပါသည်။

     သူ့ရဲ့ အမွှေးအမျှင်ကို ခြစ်ထုတ်ပြီး ရေဆေးလိုက်လျှင် လက်ဖဝါးယားယံစေတတ်တာမို့ သတိထားကိုင်တွယ် ချက်ပြုတ်ရတဲ့ ဆေးဖက်ဝင် သစ်မြစ်သစ်ဥလေးဖြစ်ပါသည်။ ကတက်ဥကို 'သင်္ဘောဥ' ဟုလည်း ခေါ်ကြပါသေးသည်။ ကတက်ဥမှာ ကျောက်ကပ်ဝေဒနာရှင်များအတွက် ကောင်းကျိုးပြုသည်ဟု လူသိများကြပါသည်။ ကျောက်ကပ်ရောဂါသာမက အဆုတ်၊ အစာအိမ်၊ သရက်ရွက် စသည့် ရောဂါများအတွက်လည်း ကောင်းမွန်စေသည်ဟု မှတ်ရဖူးပါသည်။

     ကတက်ဥပေါ်ထွက်တဲ့ နေရာဒေသမှ ဒေသခံများမှာ ကတက်ဥကို နည်းမျိုးစုံချက်စားကြပါသည်။ ကတက်ဥကို ပင်စိမ်းနဲ့ ဟင်းချိုချက်သောက်ရတာကို မွန်၊ ကရင်နှင့် ထားဝယ်လူမျိုးများ ကြိုက်နှစ်သက်ကြပါသည်။ ကတက်ပင်ရဲ့ အညွှန့်တွေကို ပြုတ်ပြီးတို့စားနိုင်သလို ပုစွန်ခြောက်နဲ့ ကြော်ချက်လေးချက်စားကြပါသည်။ ရခိုင်ဒေသတွင် ကတက်ဥဟင်းရည်နှင့် ငါးစင်ရိုင်းတို့ကို တွဲဖက်ချက်စားကြပါသည်။ ကရင်ပြည်နယ်ဘက်မှာမူ ကတက်ဥအရည်သောက်ဟင်းဖြစ်စေ၊ ကတက်ဥကို သရေစာမုန့်သဖွယ်ဖြစ်စေ လုပ်စားလေ့ရှိကြပါသည်။

     ကတက်ဥအရည်သောက်ဟင်းပြုလုပ်ရာတွင် ကတက်ဥ၊ ရေချိုပုစွန်၊ ပင်စိမ်းရွက်၊ ငါးပိရေကျို၊ ကြက်သွန်နီတို့ကို လိုအပ်ပါသည်။

ပြုလုပ်ပုံမှာ -

     () ကတက်ဥကို အမွှေးအမျှင်ခြစ်ထုတ်ပြီး မထူမပါးအကွင်းလိုက်လှီးကာ ရေဆေးပြီး ပန်းကန်ထဲ ထည့်ရပါမည်။ ပင်စိမ်းရွက်ကို ခြွေထားရပြီး ကြက်သွန်နီ မထူမပါးလှီးထားရပါမည်။ ပုစွန်ကို ခေါင်းခွံနွှင်ပြီး ဆေးကြောထားရပါမည်။

     () မီးဖိုပေါ်သို့ ရေများများထည့်ထားသော ဒယ်အိုးကိုတည်ပြီး ရေပွက်ပွက်ဆူလာပါက ငါးပိ(ငါးပိရေကျို)အနည်းငယ်ထည့်ပြီး စောနက ဆေးထားသော ကတက်ဥ၊ ကြက်သွန်နီ၊ ပုစွန်တို့ကို ထည့်ရပါမည်။ ဟင်းအိုးဆူနေစဥ်မှာပဲ ဆား၊ အရသာမှုန့်တို့ကို လိုအပ်သလောက် ထည့်ပေးရပါမည်။ အရည်သောက်ဟင်းမို့ အရည်ခပ်များများထည့်ရပါမည်။

     () ဟင်းရည်စချက်ချိန်မှစ၍ (၁၅)မိနစ်ခန့်ကြာအောင် ဆူပွတ်ပြီးပါက ပင်စိမ်းရွက်ကို ထည့်ပြီး ဟင်းရည်အိုးကို မီးဖိုပေါ်က ချလို့ရပါပြီ။

     ထိုအခါမှာတော့ ပင်စိမ်းနဲ့ ကတက်ဥတို့ရဲ့ အနံ့မွှေးနေတဲ့ ကတက်ဥဟင်းရည်ကို မျှင်ငါးပိထောင်းစပ်စပ်(သို့)ငါးပိချက်၊ တို့စရာ အသီးအရွက်စုံတို့ဖြင့် တွဲဖက်စားသုံးပါက မိုးရာသီစာ ခံတွင်းမြိန်စရာ ဟင်းတစ်မည်ကို ရရှိပေမည်။

ဒေသစာ ကတက်ဥမုန့်

     ကတက်ဥမုန့်လို့ဆိုလိုက်လျှင် ကရင်ပြည်နယ်ဒေသခံများ အများဆုံးစားဖူးကြပါသည်။ ကတက်မုန့်မှာ ဖက်နဲ့ထုပ်ပြီး ပေါင်းအိုးဖြင့်ပေါင်းကာ ထိပ်နားလေးမှာ အုန်းသီးဖြူဖြူကို အုပ်ထားတဲ့ ဖက်ထုပ်မုန့်လို့သာ မြင်ကြပါသည်။

     ကတက်ဥမုန့်ပြုလုပ်ရာတွင် ဆန်ထောင်း၊ အုန်းသီး၊ ထန်းလျက်၊ ဆားအနည်းငယ်၊ နွယ်တန်းရွက်နဲ့ ပေါင်းအိုး()လုံးလိုအပ်ပါသည်။ နွယ်တန်းရွက်မှာ အနံ့သင်းသင်းလေးနဲ့ဖြစ်ပြီး ရှာရခက်ပါက ငှက်ပျောရွက်နဲ့ပေါင်းပြီးလုပ်စားကြပါသည်။

ပြုလုပ်ပုံမှာ -

     () ပထမဦးစွာ ရေစိမ်ထားသောဆန်ကို သစ်သားဆုံကြီးမှာထည့်ပြီး ကြေလုနီးနီး ဆန်ကွဲတွေဖြစ်သွားတဲ့အထိ မောင်းထောင်းတံနဲ့ထောင်းပြီး ဆန်မုန့်တွေကို ဇလုံကြီးတစ်ခုမှာ ထည့်ထားရပါမယ်။

     () ကတက်ဥကို အမွှေးအမျှင်ဖယ်ရှားပြီး ဓားနဲ့မွန်းကာ ကြေနေအောင် တောက်တောက်စင်းရပါသည်။ ကြေသွားတဲ့ ကတက်ဥချွဲချွဲလေးတွေကို စောနကထောင်းထားတဲ့ ဆန်မှုန့်ဇလုံထဲထည့်ကာ ဆားနဲနဲထည့်ပြီး ကတက်ဥကို ထန်းလျက်၊ ဆန်မှုန့်၊ ဆားနဲနဲဖြင့် အသေအချာ သမအောင်နယ်ပေးရပါသည်။

     () မုန့်သားတွေ(ကြိမ်နယ်ပြီးပါက ခပ်ပါးပါးလှီးထားတဲ့ အုန်းသီးဖတ်လေးတွေထည့်ပြီး ထပ်နယ်ရပြန်ပါသည်။ အားလုံးသမပြီဆိုပါက သစ်ရွက်ဖက်လေးထဲ မုန့်ဖတ်ကိုမပြည့်တပြည့်ထည့်ပြီး ဖက်ကို ခေါက်ပိတ်ပြီး နှီးပြားလေးနဲ့ ခိုင်အောင် ထုပ်ထားရပါသည်။

     () ပြီးနောက် ဖက်နှင့်ထုပ်ထားတဲ့ မုန့်ထုပ်လေးတွေကို နွယ်တန်းရွက်(သို့)ငှက်ပျောရွက်ခံထားတဲ့ ပေါင်းအိုးထဲ စီထည့်ပြီးပေါင်းရပါသည်။ မိနစ်(၂၀)လောက်ကြာပြီးနောက် မုန့်ပေါင်းအိုးကို ဖွင့်လိုက်ပါက ခပ်ပွပွဖောင်းဖောင်း ကတက်မုန့်ပူပူနွေးနွေးကို ရရှိပါမည်။

     () အုန်းသီးကို လွှာမထည့်ဘဲ မုန့်ပေါင်းပြီးမှ ခြစ်ထားသော အုန်းသီးကို ဖြူးပြီးလည်း စားလို့ရပါသည်။

     ထိုအခါမှာတော့ အုန်းသီးနှင့်ထန်းလျက်တို့ရဲ့ မွှေးပျံ့နေတဲ့ ပူပူနွေးနွေးကတက်မုန့်ကို ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းတို့ဖြင့် တွဲဖက်စားကြကာ မိုးရာသီသရေစာမုန့်အဖြစ် လုပ်စားကြကြောင်း သိရှိရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်