တောင်သူတွေကိုယ်တိုင် မျိုးထုတ်တော့မယ်ဆိုရင် (မျိုးကွဲပယ်ခြင်းနှင့် တွေ့ကြုံနိုင်သည့်စိန်ခေါ်မှုများ)

20/09/2023 13:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

မျိုးသန့်စိုက်ပျိုးထုတ်လုပ်ခြင်းတွင် မျိုးကွဲထုတ်ပယ်ခြင်းသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ မျိုးကွဲများဖြစ်ပေါ်လာရသည့် အဓိကအရင်းအမြစ် (၃) ရပ်ရှိသည်။ 

  • ၁) မူလမျိုးတွင် မတည်ငြိမ်သော ဗီဇများ (recessive genes in heterozygous condition) ပါလာ၍ မျိုးထွန်းခြင်းသဘောမျိုးဖြင့် မျိုးကွဲများထွက်ပေါ်လာခြင်း၊ 
  • ၂) အရင်ကနဦးစိုက်ခင်းမှ မျိုးစေ့များကျန်ရှိ၍ မျိုးကွဲပင်များ ဖြစ်ပေါ်လာခြင်း၊ 
  • ၃)အသုံးပြုသော စက်ပစ္စည်းကိရိယာများမှပါလာသော မျိုးရောများကြောင့် မျိုးကွဲများ ဖြစ်ပေါ်ခြင်းတို့ဖြစ်သည်။

ထို့ကြောင့် မျိုးကွဲပင်များနှုတ်ပယ်ခြင်းကို ပန်းမပွင့်မီ သေချာဂရုစိုက် လုပ်ဆောင်ပေးရန်လိုအပ်သည်။ ကျန်ရှိသော မျိုးကွဲပင်များကို မရိတ်သိမ်းမီ အပြီးသတ်နှုတ်ပယ် ပေးရမည်ဖြစ်ပါသည်။  သီးနှံသက်တမ်း၊ စိုက်ခင်းအခြေအနေနှင့် အသုံးပြုသော မျိုးစေ့ပေါ်မူတည်၍ မျိုးကွဲနှုတ်ပယ်ခြင်းကို အနည်းဆုံး (၃) ကြိမ် (ပင်ပွားစည်းချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်) ပြုလုပ်ရန် လိုအပ်ပါသည်။

စိုက်ချိန်ကာလတစ်လျှောက် စိုက်ခင်းရောဂါပိုးမွှားများ ကျရောက်မှု ရှိမရှိကို မပြတ်စစ်ဆေးဆောင်ရွက်ပေးရမည်ဖြစ်သည်။ ရောဂါပိုးမွှားကျရောက်နေမှုကို တွေ့ရှိပါက မိမိကိုယ်တိုင်ဖြစ်စေ သို့မဟုတ် ရောဂါပိုးမွှားကျရောက်မှုကို နားလည်တတ်ကျွမ်း သိရှိသူများကို ဖြစ်စေ ဆွေးနွေးတိုင်ပင်၍ သေချာခွဲခြမ်းစိတ်ဖြာကာ ကောင်းမွန်သော နည်းလမ်းများကို အသုံးပြု၍ ကာကွယ်နှိမ်နင်းပေးကြရမည် ဖြစ်ပါသည်။ သို့မှသာ ပတ်ဝန်းကျင်၊ လူနှင့် ငွေကြေးထိခိုက်မှုများကိုလျှော့ချပေးနိုင်မည် ဖြစ်ပါသည်။ 

ရိတ်သိမ်းချိန်လွန်နည်းပညာများ ကောင်းစွာစီမံခန့်ခွဲအသုံးပြုခြင်းသည်လည်း မျိုးစေ့ ထုတ်လုပ်မှုတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။ အကယ်၍ ရိတ်သိမ်းချိန်တွင် မသန့်စင်သော မျိုးများ၊ အစိုဓာတ်ပမာဏ များခြင်း၊ မရင့်မှည့်သေးသော မျိုးများ၊ ထိခိုက်ဒဏ်ရာရရှိသော မျိုးစေ့များပါဝင်လာလျှင် သိုလှောင်ချိန်တွင် ရောဂါပိုးမွှား များကျရောက်ကာ မျိုးစေ့အရည်အသွေးကို ထိခိုက်စေပါသည်။

စပါးပင်၏ မှန်ကန်သော ရိတ်သိမ်းချိန်သည် အစိုဓာတ် ၂၀-၂၅% ရှိကာ စပါးနှံ၏ ၈၀-၈၅% သည် ကောက်ရိုးအရောင် ပြောင်းသောအချိန်ဖြစ်သည်။

ရိတ်သိမ်းပြီးစပါးများကို ပုံထားခြင်းမရှိဘဲ မြန်မြန်ခြွေလှေ့၍ အခြောက်ခံကာ သိုလှောင်ရုံသို့ မြန်မြန်တင်ပို့နိုင်ပါက ရိတ်သိမ်းချိန်လွန်အလေအလွင့်ကို လျှော့ချနိုင်ရုံသာမက အရည်အသွေးကိုပါ ထိန်းပေးထားနိုင်ပါသည်။ သီးနှံသိုလှောင်သည့်အခါ သတ်မှတ်ထားသည့် အစိုဓာတ် (၁၂-၁၃%) ရောက်သည်အထိခြောက်သွေ့စေပြီးမှ သိုလှောင်စေခြင်း၊ သီးနှံနှင့် ရောနှောနေသည့် ဖုန်၊ သဲ၊ ခဲ၊ အဖျင်းအမှော် စသည်တို့ကို သန့်စင်စေပြီးမှ သိုလှောင်စေခြင်း၊ သိုလှောင်ခြင်းမပြုမီနှင့် သိုလှောင်စဉ် ပိုးမွှားကြွက်ငှက်စသည်တို့၏ စားသောက်ဖျက်ဆီးမှုမှ ကာကွယ်ရန်လိုအပ်ခြင်း၊ ခြောက်သွေ့၍ အပူချိန်နည်းသည့်နေရာ (40°C ထက်မကျော်ရ) တွင် သိုလှောင်ခြင်း၊ စပါးသိုလှောင်မည့် နေရာနှင့် ပတ်ဝန်းကျင်တစ်ဝိုက် အမြဲသန့်ရှင်းအောင်ထားခြင်းတို့ကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။  ထို့နောက် မှန်ကန်သော ရိတ်သိမ်းချိန်တွင် ရိတ်သိမ်းကာ ခြွေလှေ့ခြင်း၊ သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ အရည်အသွေး သတ်မှတ်ခြင်း(ဌာနဆိုင်ရာ အဖွဲ့အစည်းများက စစ်ဆေး၍ မျိုးစေ့အရည်အသွေးထောက်ခံချက်များ ထုတ်ပေးခြင်း)၊ သယ်ယူပို့ဆောင်ခြင်း၊ ဈေးကွက်တင်ပို့ရောင်းချခြင်းတို့ကို စနစ်တကျလုပ်ဆောင်သွားမည်ဆိုပါက မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ကာ အရည်အသွေးကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှုများမှ အကျိုးအမြတ်များစွာ ရရှိမည်ဖြစ်ပါသည်။ 

တောင်သူအဆင့် မျိုးသန့်မျိုးစေ့ထုတ်လုပ်ရာတွင် တွေ့ကြုံနိုင်သည့် စိန်ခေါ်မှုများမှာ

  • တောင်သူလက်ဝယ်သို့ မျိုးစေ့ အဆင့် (၃) မျိုးသန့်မျိုးပွားမျိုးစေ့ လုံလောက်စွာရရှိရန် လိုအပ်ခြင်း
  • စိုက်ပျိုးဧရိယာကျဉ်းသော တောင်သူများအတွက် မျိုးစေ့ထုတ်လုပ်မှုအခက်ခဲရှိခြင်း
  • တောင်သူစိုက်ကွင်းအတွင်း လိုအပ်ချိန်ရေသွင်းရေထုတ်လုပ်ဆောင်ရန် ခက်ခဲခြင်း
  • တောင်သူစိုက်ကွင်းသို့ သွားရောက်၍ မျိုးစေ့ထုတ်လုပ်မှုအခြေအနေနှင့် မျိုးစေ့အရည် အသွေးစစ်ဆေးရန် ငွေအား၊ လုပ်အားလိုအပ်ချက်ရှိခြင်း
  • မျိုးစေ့ထုတ်လုပ်သော တောင်သူတိုင်းဆီသို့ မျိုးစေ့အရည်အသွေးထောက်ခံချက် ထုတ်ပေးနိုင်မှု လုပ်ဆောင်ရန်လိုအပ်ခြင်း
  • တောင်သူလက်ဝယ်သို့ ရိတ်သိမ်းချိန်လွန်နည်းပညာသုံး စက်ကိရိယာနှင့် အသုံးပြုသည့် နည်းလမ်းများ ရောက်ရှိမှုအားနည်းခြင်းတို့ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော်၏ ရေရှည်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးကြီးသော မျိုးကောင်းမျိုးသန့်ထုတ်လုပ်မှုများကို နိုင်ငံတော်၊ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများပူးပေါင်း၍ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသနပညာရှင်များ၊ စိုက်ပျိုး ပညာပေး ဆောင်ရွက်သူများ၊ သမဝါယမအဖွဲ့အစည်းများ၊ အကျိုးဆောင်တောင်သူများနှင့် လက်တွဲကာ ဆောင်ရွက်ပါက မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်မုချ ဖြစ်ပါသည်။ ထို့ပြင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်လာနိုင်စေရန် တောင်သူများကို စိုက်ပျိုး နည်းပညာ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများနှင့် စက်ကိရိယာများ လုံလောက်အောင်ရရှိ၍ ထိရောက်စွာသုံးစွဲနိုင်စေရန် ပံ့ပိုးပေးဖို့လိုအပ်သလို မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းမှ အကျိုးအမြတ်ရရှိအောင် ဈေးကွက်များကို လည်း ဖန်တီးပေးရန် လိုအပ်ပါသည်။ ထိုသို့ဈေးကွက်များ ဖြစ်ပေါ်လာစေရန် မျိုးကောင်း မျိုးသန့်စိုက်ပျိုး ထုတ်လုပ်သော တောင်သူတိုင်းဆီသို့ မျိုးစေ့အရည်အသွေးထောက်ခံချက် များကို ထုတ်ပေးနိုင်ရန်လည်း လိုအပ်လှပေသည်။ 

မျိုးစေ့ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း၊ ဖွံ့ဖြိုးဆဲတိုင်းပြည်များ အတွင်း မျိုးစေ့ကုန်သွယ်မှုဆိုင်ရာ မူဝါဒများကို တပြေးညီဖြစ်စေရန် စွမ်းအားမြင့် မျိုးစေ့ကဏ္ဍကို တည်ထောင်၍ ပူးပေါင်းဆောင်ရွက်ရန်၊ စနစ်တကျမျိုးစေ့ကုန်သွယ် စီးဆင်းမှုပြုလုပ်နိုင်ရန် တို့သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသေးသည်။

မျိုးစေ့ထုတ်လုပ်နည်းပညာ၊ မျိုးစေ့ကုန်သွယ်မှုဆိုင်ရာ စည်းကမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စံချိန်စံညွှန်းဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ကိုင်ဆောင်ရွက်မည့်သူများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် စနစ်တကျသင်ယူပို့ချနိုင်စေရန် သင့်တော်သော ဘွဲ့၊ ဒီဂရီများဖြင့် လေ့ကျင့်သင်ကြားပြုစု ပျိုးထောင်ပေးရန်လည်း လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်