နှမ်းမျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးခြင်း

19/05/2021 11:30 AM တွင် U Aye Naing U Aye Naing မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်မှုသည် မြေဆီလွှာအခြေအနေ၊ မျိုးစေ့အရည်အသွေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနိုင်မှု၊ သွင်းအားစုမှန်ကန်စွာထည့်သွင်းပေးနိုင်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် မိုးလေဝသရာသီဥတုအခြေအနေများပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ ယင်းတို့အနက် မျိုးစေ့အရည်အသွေးသည် အရေးပါသော အကြောင်းအရာတစ်ခုဖြစ်ပါသည်။ “မျိုးစေ့မမှန် ပင်မသန်၊ ဖူးတံငုံကင်းအသီးဖျင်း” ဆိုသည့်အတိုင်း အရည်အသွေးမကောင်းသောမျိုးစေ့များကို အသုံးပြုစိုက်ပျိုးပါက ဆုံးရှုံးမှုများနှင့်ကြုံတွေ့နိုင်ပါသည်။

    တောင်သူများသည် စိုက်ပျိုးထုတ်လုပ်ရန်အတွက် မျိုးစေ့များကို စိုက်ပျိုးသုတေသနဦးစီးဌာန (ရေဆင်းနှင့် ပြည်နယ်၊ တိုင်းဒေသကြီးများရှိ စိုက်ပျိုးရေးသုတေသနခြံများ)၊ စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ နိုင်ငံခြားတိုင်းပြည်များမှ တင်သွင်းရောင်းချသော ကုမ္ပဏီများ၊ ဆွေမျိုးမိတ်ဆွေများထံမှ ရယူအသုံးပြုခြင်းများရှိပါသည်။ အများစုသောတောင်သူများမှာ မိမိကိုယ်ပိုင်စိုက်ခင်းမှထွက်သော မျိုးစေ့များကို အသုံးပြုကြပါသည်။ ဆွေမျိုးမိတ်ဆွေများထံမှ ရယူသောမျိုးများနှင့် မိမိစိုက်ခင်းမှထွက်သော မျိုးများမှာ မိရိုးဖလာနည်းဖြင့်ရောင်းချရန် မိမိစိုက်ခင်းများမှ ရယူထားသောမျိုးများဖြစ်ကြပါသည်။ အထွက်ကောင်းမျိုးများနှင့် စပ်မျိုးများသုံးစွဲရန်အတွက် တောင်သူများမှာအခက်အခဲရှိနေပါသည်။ ထိုအခက်အခဲမှာ မျိုးစေ့လုံလောက်စွာမရနိုင်ခြင်းနှင့် အချိန်မီမရနိုင်ခြင်းတို့ဖြစ်ပါသည်။ ထိုအခက်အခဲများကိုဖြေရှင်းရန်မှာ မိမိကိုယ်တိုင် မျိုးစေ့ထုတ်စိုက်ခင်းများထူထောင်ပြီး စနစ်တကျ မျိုးစေ့ထုတ်ခြင်းဆောင်ရွက်ကြရပါမည်။ စနစ်တကျမျိုးစေ့ထုတ်လုပ်ခြင်းကို ဆောင်ရွက်ပါက မိမိအပါအဝင် အသုံးပြုလိုသူများအတွက် မျိုးစေ့အမျိုးအစားနှင့် မျိုးစေ့အရည်အသွေးပေါ်ယုံကြည်အားထားရမှုနှင့် အာမခံချက်ရှိမည်ဖြစ်ပါသည်။

    တောင်သူများအနေဖြင့် မျိုးစေ့၊ သီးနှံစေ့(မျိုးဆံ)၊ မျိုးကောင်းနှင့် မျိုးသန့်တို့ကိုခွဲခြားသိရှိထားရန်လိုအပ်ပါသည်။

မျိုးစေ့

    စိုက်ပျိုးရန်ရည်ရွယ်ထုတ်လုပ်ပြီး မျိုးစေ့အဆင့်အလိုက် သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် သီးနှံ၏ မူလမျိုးရိုးဗီဇနှင့် ရုပ်သွင်များထပ်တူထပ်မျှရရှိအောင် စနစ်တကျ ထိန်းသိမ်းထုတ်လုပ်ရရှိသော မျိုးစေ့ကိုခေါ်ပါသည်။

သီးနှံစေ့ (မျိုးဆံ)

    စားသုံးရန်ဦးတည်၍ တောင်သူများမိရိုးဖလာနည်းဖြင့် မိမိလယ်ယာမှထွက်ရှိသော သီးနှံစေ့ကို ပြန်လည်အသုံးပြုပြီး သားဆက်ပေါင်းများစွာ နှစ်စဉ်ဆက်တိုက်စိုက်ပျိုးခြင်းဖြင့် ရရှိလာသည့် ဗီဇအရည်အသွေးညံ့ဖျင်းသော သီးနှံစေ့ကိုဆိုလိုပါသည်။

မျိုးကောင်း

    အထွက်နှုန်းကောင်းခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ စားသုံးမှုအရသာကောင်းမွန်ခြင်း၊ ပိုးမွှားရောဂါခံနိုင်ရည်ရှိခြင်းနှင့် ဒေသနှင့်ကိုက်ညီသောမျိုးဟု သတ်မှတ်နိုင်ပါသည်။

မျိုးသန့်

    မျိုးတစ်မျိုး၏ မျိုးစေ့ထဲတွင် အခြားမျိုးကွဲများ၊ ပေါင်းမြက်များ၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲပါဝင်မှုမရှိဘဲ ဗီဇသဘောအရ အရည်အသွေးမှန်ကန်ပြီး အစေ့ပုံသဏ္ဍာန်နှင့် အရောင်များတူညီသော မျိုးဖြစ်ပါသည်။

    မျိုးစေ့အစစ်အမှန်ကိုအသုံးမပြုဘဲ သီးနှံစေ့ (မျိုးဆံ) ကို စိုက်ပျိုးခြင်းဖြင့် မျိုးဗီဇညံ့ဖျင်းလာပြီး အထွက်နှုန်းလျော့နည်းလာသည့်အပြင် သီးနှံထွက်ကုန်အရည်အသွေးပါကျဆင်းလာပါမည်။ သီးနှံများသည် သဘာဝအားဖြင့် မျိုးကူးစပ်၍ မျိုးရောနှောသွားတတ်ခြင်း၊ စပ်မျိုးများသည် ၄-၅ နှစ်ကြာလျှင် အရည်အသွေးလျော့နည်းသွားခြင်းတို့ကြောင့် တောင်သူများအနေဖြင့် မျိုးများကို ၃ နှစ်ခန့်ဆက်တိုက်အသုံးပြုပြီးပါက မျိုးကောင်းမျိုးသစ်များကို ပြောင်းလဲသုံးစွဲခြင်းဖြင့် မျိုးများကို သွေးသစ်လောင်းပေးသင့်ပါသည်။

    ကိုယ်ပိုင်မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ်လုပ်မည့် နှမ်းစိုက်တောင်သူများအနေဖြင့် အောက်ပါအချက်များကို အဓိကထားလိုက်နာဆောင်ရွက်သင့်ပါသည်။

(က) မျိုးရွေးချယ်ခြင်း

    မျိုးစေ့အတွက်ဦးတည်၍ စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးကို စိုက်ပျိုးရေးသုတေသနခြံများ၊ သို့မဟုတ် စိုက်ပျိုးရေးဦးစီးဌာနများတွင် စုံစမ်း၍ ရယူအသုံးပြုရပါမည်။ ထိုသို့ရယူရာတွင် မျိုးသန့်စင်မှု ၉၈.၅% ရှိသည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (CS- Certified Seed) များဖြစ်သင့်ပြီး အခြားနေရာများမှ ရရှိသောမျိုးဖြစ်ပါက အပင်ပေါက်ရာခိုင်နှုန်း ၈၀% အထက်ရှိသော ဩမျိုးနှင့် ဒေသနှင့်ကိုက်ညီသောမျိုး ဖြစ်သင့်ပါသည်။

(ခ) မြေရွေးချယ်ခြင်း

    မျိုးအတွက်ရည်ရွယ်သောကြောင့် မြေရွေးချယ်ရာတွင် မြေဆီိထက်သန်မြေ၊ ရေအစိုဓာတ်ထိန်းနိုင်သောမြေ၊ မျိုးတူစိုက်ခဲ့သောနေရာ၊ အရိပ်လွတ်၍ အလင်းရောင်ကောင်းစွာရရှိသောနေရာကိုရွေးချယ်သင့်ပါသည်။ ပိုးမွှားရောဂါထူပြောစွာကျရောက်လေ့ရှိပြီး ယခင်နှစ်စိုက်ပျိုးရာသီတွင် ပိုးမွှားရောဂါ ပြင်းထန်စွာကျရောက်ခဲ့သော မြေနေရာကို ရှောင်ရှားရပါမည်။

(ဂ) သွင်းအားစုထည့်သွင်းအသုံးပြုခြင်း

    မြေမပြုပြင်မီတွင် သဘာဝမြေသြဇာအဖြစ် နွားချေးဆွေး တစ်ဧက အနည်းဆုံး (၅) စီးသို့မဟုတ် ကြက်ချေးဆွေး (၃) စီးထည့်ပေးရပါမည်။ နောက်ဆုံးထယ်ရေးပြင်ချိန်တွင် ယူရီးယား (ပုလဲ) ၂၈ ပေါင်၊ တီစူပါ (၅၆) ပေါင်၊ ပိုတက်ရှ် (၂၈) ပေါင်ထည့်ပေးရပါမည်။ ထို့အပြင် ပန်းစပွင့်ချိန်နှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တို့တွင် ယူရီးယား (၂၈) ပေါင်စီ ထည့်ပေးသင့်ပါသည်။ အကယ်၍ ထိုသို့ထည့်သွင်းရန် အခက်အခဲရှိပါက ပန်းစပွင့်ချိန်မှ သီးကင်းဝင်ချိန်ထိ ပုလဲ+လက်ချားရွက်ဖြန်းအားဆေးကို အနည်းဆုံး (၃) ကြိမ်ပက်ဖြန်းပေးနိုင်ပါသည်။ ဆေးဖြန်းပုံးတစ်ပုံးလျှင် ပုလဲ (၁၆) ဇွန်းနှင့် လက်ချား(၄) ဇွန်းထည့်၍ အသုံးပြုရပြီး တစ်ဧကလျှင် ဆေးဖြန်းပုံး (၅) ပုံးပက်ဖြန်းပေးရပါမည်။ 

(ဃ) စိုက်ပျိုးခြင်း

    တစ်ဧကဝင်ဆန့်သော သတ်မှတ်အပင်ဦးရေ ပြည့်မီစေရန်အတွက် နှမ်းလျင်မျိုးများတွင် တစ်ပင်တိုင်မျိုးဆိုပါက တန်းကြား (၁၂) လက်မ၊ ကိုင်းဖြာမျိုးဖြစ်ပါက တန်းကြား (၁၅) လက်မထား၍ စိုက်သင့်ပြီး နှမ်းကြီးမျိုးဆိုပါက တန်းကြား (၁၈) လက်မ ထားသင့်ပါသည်။ ပင်ကြား (၄) လက်မထား၍ မြေအစိုဓာတ်ရှိချိန်တွင် စိုက်သင့်ပါသည်။ နှမ်းသီးနှံသည် ပင်ခြားဝတ်မှုံကူးသန္ဓေအောင်မှုများသော အပင်မျိုးဖြစ်၍ မျိုးရောနှောမှုဖြစ်နိုင်ခြေများပါသည်။ ထို့ကြောင့် မျိုးရောနှောမှုနည်းအောင် အနီးအနားရှိ မျိုးတူစိုက်ခင်းများနှင့် “မျိုးရောနှောမှု ကာကွယ်ရေး နယ်နမိတ် (ID)” ဖြစ်သော ပေ ၃၀၀/၁၅၀ အကွာတွင်သာ စိုက်သင့်သည်ဟု ပညာရှင်များက ဆိုပါသည်။ ဤသို့စိုက်ပျိုးရန်မှာ မလွယ်ကူနိုင်သောကြောင့် တောင်သူများအနေဖြင့် အနီးပတ်ဝန်းကျင်စိုက်ခင်းများတွင် မျိုးတူမှသာ မိမိမြေတွင် မျိုးစေ့ထုတ်စိုက်ပျိုးမှုကို လုပ်ဆောင်သင့်ပါသည်။

(င) အပင်ပြုစု စောင့်ရှောက်ခြင်း

    စိုက်ပျိုးပြီး (၁၀) ရက်သားတွင်အူကြောင်းဖောက်ပေးပြီး မူမှန်ရွက် ၂စုံ (၄ရွက်) ထွက်ချိန်တွင် အပင်မှုန်းပေးရပါမည်။ မူမှန်ရွက် ၃စုံ (၆ရွက်) ထွက်ချိန် (၁၅-၂၁)ရက် အတွင်းတွင် ပေါင်းထိုးသားခွဲခြင်းကို မဖြစ်မနေဆောင်ရွက်ရပါမည်။ သားခွဲရာတွင် တစ်မြုံလျှင် အသန်ဆုံး (၁) ပင်သာထားသင့်ပြီး တစ်မြုံနှင့်တစ်မြုံ (၄) လက်မကွာခြားရပါမည်။ အပင်ပေါက်ပြီး (၃၀-၃၅) ရက်အတွင်း ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ထားရပါမည်။ ပိုးမွှားရောဂါကာကွယ်ဆေးများကို အခါအားလျော်စွာ ဆောင်ရွက်ပေးသင့်ပါသည်။

(စ) မျိုးကွဲဖယ်ခြင်း

    နှမ်းသီးနှံသည် မျိုးရောနှောနိုင်မှုများသော သီးနှံဖြစ်သောကြောင့် စိုက်ပျိုးကာလတစ်လျှောက် မျိုးကွဲဖယ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရပါမည်။

(၁) ဗီဇအားဖြင့် မျိုးရောနှောမှု

     မိမိစိုက်ပျိုးသော နှမ်းသီးနှံနှင့်မျိုးတူအပင်များမှ ဝတ်မှုန်ကူးပြီး မျိုးစေ့ဖြစ်ပေါ်လာ၍ မျိုးရောခြင်းဖြစ်ပါသည်။

(၂) ရုပ်ဝတ္ထုအားဖြင့် ရောနှောမှု

     ပေါင်းစေ့များ၊ ရောဂါကျအပင်များမှ မျိုးစေ့များရောနှောမှုဖြစ်ပါသည်။ မျိုးကွဲအပင်များကို ဖယ်ရာတွင် အပင်ပုံသဏ္ဍာန်ကွာခြားသောအပင်များ၊ အကိုင်းအခက်၊ အရွက် ( ပုံသဏ္ဍာန်၊ အရောင်၊ အမွှေးပါမှု/မပါမှု)၊ ပန်းပွင့် (အရောင်၊ အရွယ်အစား)၊ အသီးပုံသဏ္ဍာန် (၅ မြှောင်, ၆ မြှောင်) များကို သေချာကြည့်ရှု၍ မတူသောအပင်များကို ဖယ်ရှားရပါမည်။

    ထို့အပြင် ရောဂါကျရောက်နေသောအပင်များ၊ ကြုံလှီနေသောအပင်များ၊ ဖိုနေသောအပင်များကိုလည်း ဖယ်ရှားမြေမြှပ်ရပါမည်။

(ဆ) ရိတ်သိမ်းခြင်းနှင့် နှမ်းပုံ၊ နှမ်းထောင်း၊ နှမ်းခါခြင်း

    နှမ်းသီးနှံ၏သက်တမ်းအရသော်လည်းကောင်း၊ အပင်ရှိနှမ်းသီးများ၏တစ်ဝက်ကျော်အဝါရောင်ပြောင်းလာလျှင်သော်လည်းကောင်း (သို့မဟုတ်) နှမ်းခင်းတစ်ခုလုံး အဝါရောင်ပြောင်းချိန်၌လည်းကောင်း ရိတ်သိမ်းမှုကို ဒေသကွာခြားမှုအလိုက် လုပ်ဆောင်နိုင်ပါသည်။ ရိတ်သိမ်းပြီးသော နှမ်းပင်များကို ခေါင်းချင်းဆိုင်၍ ပုံရပါမည်။ နှမ်းပုံရာတွင် အလွန်ဆုံး(၂) ရက်ခန့်သာ ပုံသင့်ပြီး နှမ်းများကိုထောင်ရပါမည်။ ထွာဆိုင်ခန့်နှမ်းပင်များကို စည်းနှောင်၍ ဖိုခလောက်ဆိုင်အနေအထားဖြင့် နေရောင်ထဲတွင် ထောင်ရပါမည်။ နေရောင်ရရှိမှုပေါ်မူတည်၍ (၄-၅) ရက်ခန့် နှမ်းထောင်ပြီးသောအခါ နှမ်းခါခြင်း ဆောင်ရွက်ရပါမည်။ ယခုအခါ အဖျင်းအမှော်၊ အရောင်ရွေးချယ်သန့်စင်စက်များ (ကာလာဆိုလာ) ဖြင့် သန့်စင်နိုင်ပြီဖြစ်သဖြင့် အချိန်ကုန် လူပင်ပန်းမှုများမရှိတော့ပေ။ မကွေးမြို့တွင်ထိုသို့စက်ဖြင့် သန့်စင်ခြင်းကို (၁) တင်းလျှင် (၃၀၀၀) ကျပ်မှ (၃၅၀၀) ကျပ်အထိပေးရသည်ဟု သိရပါသည်။ အနည်းဆုံးတင်း (၃၀) ကျော်မှသာ သန့်စင်ပေးပါသည်။

    မျိုးအဖြစ်ထားမည်ဖြစ်သောကြောင့် အစိုဓာတ် (၉) ရာခိုင်နှုန်းရရှိအောင် အခြောက်ခံပြီး လေလုံအောင်ပိတ်၍ သိုလှောင်ရပါမည်။ အထူးသိုလှောင်အိတ် (Super Bags) များ၊ သန့်စင်သော အိတ်အသစ်များ၊ လေလုံသောပုံးများဖြင့် စနစ်တကျသိုလှောင်ရပါမည်။

    အရည်အသွေးကောင်းမျိုးစေ့များထုတ်လုပ်ရေး လုပ်ငန်းစဉ်တွင်”ကွင်းဆင်းစစ်ဆေးခြင်း” နှင့် “မှတ်တမ်းများထားရှိခြင်း” တို့သည် အရေးပါသော လုပ်ငန်းများဖြစ်သဖြင့် မဖြစ်မနေဆောင်ရွက်ရပါသည်။ စိုက်ခင်းသို့ နေ့စဉ်စစ်ဆေးခြင်း (ဖြစ်နိုင်ပါက မနက်ခင်းတစ်ကြိမ်၊ ညနေတစ်ကြိမ်) ပြုလုပ်ရပါမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပိုးမွှားရောဂါကျရောက်ပါက စောလျင်စွာသိရှိပြီး ကြိုတင်ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်သည်။ အာဟာရဓာတ်ချို့တဲ့ပါက အချိန်မီဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ မှတ်တမ်းထားရှိမှုကို မျိုးစေ့စတင်ရရှိသည်မှ ရိတ်သိမ်းသိုလှောင်ချိန်ထိထုတ်လုပ်မှုကို GAP (Good Agricultural Practices) နည်းဖြင့် စိုက်ပျိုးပါက အထူးသင့်လျော်ပါသည်။

    နှမ်းသီးနှံသည် အပူချိန်နှင့် လင်းတာရှည်မှုကို ကြိုက်နှစ်သက်ပြီး အစိုဓာတ်ကောင်းစွာရရှိပါက ဖြစ်ထွန်းသော သီးနှံဖြစ်ပါသည်။ နှမ်းသီးနှံအတွက် ရေအစိုဓာတ်လိုအပ်သောအချိန်များမှာ မြေပြင်ချိန်၊ အပင်ဖြစ်ထွန်းချိန်၊ ပန်းပွင့်ချိန်နှင့် သီးတောင့်ဖြစ်တည်ချိန်တို့ဖြစ်ပါသည်။ ထိုအချိန်တွင် အစိုဓာတ်လုံလောက်အောင် ရေသွင်းပေးနိုင်ပါက အစေ့အဆန်ပြည့်ဝသော သီးတောင့်များစွာရရှိနိုင်သဖြင့် အထွက်နှုန်းကောင်းခြင်းနှင့် အရည်အသွေးကောင်းခြင်းစသည့် ရလဒ်ကောင်းများ ရရှိမည်ဖြစ်ပါသည်။

    ထို့ကြောင့် နှမ်းသီးနှံမျိုးစေ့ထုတ်စိုက်မည်ဆိုပါက ရေသွင်းစိုက်ပျိုးနိုင်ပါက ပိုမိုသင့်လျော်ပါသည်။

    တောင်သူများအနေဖြင့် ကိုယ်တိုင်နှမ်းမျိုးစေ့ထုတ်ဆောင်ရွက်ပါက အရည်အသွေးစစ်မှန်သည့် မျိုးကောင်းမျိုးသန့်များအသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးချိန်မျိုးစေ့အဆင်သင့်ရှိနေခြင်း၊ အကယ်၍ မျိုးစေ့ပိုလျှံပါက ပြန်လည်ရောင်းချလျှင် သီးနှံစေ့ရောင်းခြင်းထက်ဈေး( ၂ဆ) ခန့်ပိုမိုရရှိသော အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

နှမ်းသီးနှံမျိုးစေ့ထုတ်စိုက်ပျိုးခြင်းဆောင်းပါးကို KMSS မှ ပံ့ပိုးကူညီထားပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်