သရက်ပင်အား မီးခိုးမှိုင်းတိုက်ခြင်း
သရက်ပင်အား မီးခိုးမှိုင်းတိုက်ခြင်း (Smudging) သည် အညွန့်အဖူး များအား အသီးအပွင့် များစော လာစေရန်၊ အပွင့် ညီညာ ရန်နှင့် အသီးတင်မှုကောင်း ရန် လှုံ့ဆော်ဆောင် ရွက်ပေးခြင်းဖြစ်သည်။ သရက်ပင်အား မီးခိုးမှိုင်း တိုက်ခြင်း သည် ရှေးနှစ်များစွာ ကတည်းက ဖိလစ်ပိုင်နိုင်ငံတွင် ကျင့်သုံးဆောင် ရွက်ခဲ့သော နည်းဖြစ်သည်။Gonzalez (၁၉၂၃) ၏ အဆိုအရမူ ဖိလစ်ပိုင်နိုင်ငံ Bulacan နှင့် Cavite ဒေသတို့တွင် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခဲ့ သည်ဟု ဆိုသည်။
သရက်ပင်အောက်ပင်တွင် အမှိုက်သရိုက်များအား ရှင်းလင်းမီးရှို့ရာမှ အညွန့် အဖူးများ စောစောဝင်လာကာ အသီးတင်မှုကောင်းကြောင်းကို လုပ်ကိုင်ဆောင်ရွက်ရင်း သတိထားတွေ့ရှိလာပြီး ကျင့်သုံးခဲ့ ဟန်တူပေ သည် ။ စောစော ပိုင်းကာလများ တွင် သရက်ပင်အား မီးခိုးမှိုင်း တိုက်ခြင်းသည် သာမန် မိရိုးဖလာ အတိုင်း ဆောင်ရွက် လုပ်ကိုင်ခဲ့ခြင်း မျှသာဖြစ်ပေလိမ့်မည်။ နောက်ပိုင်းမှသာ ၎င်းမီးခိုးမှိုင်း တိုက်ခြင်းနှင့် ပတ်သက်၍ သုတေသီ အချို့မှ သုတေသန များဆောင်ရွက်ကာ ၎င်း၏ သရက်ဖူးပွင့်မှုအပေါ် သက်ရောက်မှုတို့ကို သိပ္ပံနည်းကျချဉ်းကပ်ဆောင်ရွက်လေ့လာမှုများ ပြုခဲ့ကြခြင်းဖြစ်သည်။
၁၉၂၄ ခုနှစ်တွင် Wester နှင့် Gonzalez ဆိုသူတို့မှ မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် သရက်ပန်းပွင့်များ လှုံ့ဆော်နိုးကြားလာခြင်းမှာ မီးခိုးကြောင့် မဟုတ်ဘဲ ၎င်း၏ အပူဓာတ် (Heating Effect) ကြောင့်ဖြစ်သည်ဟု ယူဆခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် Borja နှင့် Rodriguez တို့ကတော့ မီးခိုး၏ လှုံ့ဆော်မှု (Stimulating Effect) ကြောင့်ဟု သုံးသပ်ခဲ့ပြန်သည်။ ၎င်းအချိန်တွင် ထိပ်ဖျားပိုင်းအဖူးများ ကောင်းစွာဖွံ့ဖြိုးနေရမည်ဟုလည်း ဆိုသည်။ ၁၉၃၆ ခုနှစ်တွင် Galang နှင့် Agati ဆိုသူ သုတေသီနှစ်ဦးမှ ဖိလစ်ပိုင်နိုင်ငံရှိ သရက်မျိုးတစ်မျိုးဖြစ်သော Carabao ကို ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) နှင့် အပူဓာတ် (Heat) တို့၏ အဖူးဖြစ်ပေါ်မှုအပေါ်သက်ရောက်မှုအား စမ်းသပ်ဆောင်ရွက်ခဲ့ကြသည်။
အပူချိန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တို့ကြောင့် ပန်းဖူးများကြီးထွား ဖွံ့ဖြိုးမှုကို ဖြစ်စေသည်ဟု ဆိုကြသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များများသုံးလျှင် အဖူးဖြစ်ပေါ်မှု အကောင်းဆုံးဟု ၎င်းတို့ နှစ်ဦးမှ တွေ့ရှိခဲ့ကြသည်။ Roger D, Dutcher ဆိုသူကတော့ အပူဓာတ်ကြောင့် မဟုတ်ဘဲ မီးခိုးမှရသော ဓာတ်လောင်ကျွမ်းခြင်းတစ်ခု (Gaseous Combustion Product) ကြောင့်ဖြစ်မည်ဟု ယူဆပြန်သည်။ ၁၉၇၂ ခုနှစ်တွင် Dutcher မှ သရက်ပင်အား မီးခိုးမိုင်းတိုက်ခြင်းဖြင့် ပန်းပွင့်မှုအား လှုံ့ဆော်ပေးသောအရာမှာ မီးခိုးတွင်ပါဝင်သော အီသိုင်လင်း (Ethylene) ကြောင့်ဟု နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။
သရက်ပင်အား မီးခိုးမှိုင်း တိုက်ပေးခြင်းဖြင့် ပန်းပွင့်မှုအား လှုံ့ဆော်ပေးခြင်းသည် အပင်၏ အခြေအနေပေါ်တွင် များစွာတည်မှီနေပေသည်။ မီးခိုးမှိုင်းတိုက်မည့်သရက်ပင်သည် ပန်းပွင့်နိုင်သော အသက်အရွယ်ရှိ ရင့်ပြီးသား ကိုင်းများဖြစ်ရ မည်။ ထိုအချိန်၌ အပင်၏ ကြီးထွားမှုသည် ဆိုင်းနေ (Suspended growth) ရမည်။ အရွက်၏ အရောင်သည် အစိမ်းရောင်မွဲမွဲ (Dull green) ဖြစ်ရမည်။ ကြေးနီရောင် (Copper Color) သည် အကောင်းဆုံးဟု ဆိုသည် (အရွက်အား လက်ထဲတွင် ချေလိုက်သောအခါ ကြွတ်ဆတ်နေရမည့် အနေအထားဖြစ်သည်)။ ကိုင်းအနုများသည် ကိုင်းရင့်များထက် မီးခိုးမှိုင်းတိုက်ရန် အချိန်ကြာကြာပို၍ လိုသည်။ မီးခိုးမှိုင်းတိုက်ခြင်းသည် တခါတရံ ပန်းခိုင်အစား ရွက်နုများလည်း ထွက်လာနိုင်သည်။ ထို့ကြောင့် မီးခိုးမှိုင်းတိုက်ခြင်းသည် ပန်းပွင့်မှုအား လှုံ့ဆော်ရာတွင် မသေချာသောကြောင့် အိန္ဒိယနိုင်ငံတွင်မှု ၎င်းအားဆောင်ရွက်ကျင့်သုံးမှု နည်းပါးကြကြောင်းတွေ့ရသည်။
သရက်ပင်အား မီးခိုးမှိုင်းတိုက်ခြင်းသည် အဖူးပွင့်မဝင်မီ တစ်လ၊ နှစ်လခန့် ကြိုတင်၍ ရက်အတော်ကြာတိုင်အောင် မီခိုးအူအူထွက်စေရန် အပင်အောက်ခြေမှနေ၍ အရွက်ခြောက်များ၊ အုန်းဆံများ၊ စပါးခွံ၊ လွှစာမှုန့် များပေါ်မှ မြက်စို များဖြင့် ဖုံးကာ မီးဖိုပေးထားခြင်းဖြစ်သည်။ ပန်းပွင့်ဖူးများ ပြူထွက်လာသောအခါ (သို့မဟုတ်) ၂ ပတ်အတွင်း ပန်းပွင့်ဖူးများ ပြူထွက်မလာလျှင် မီးခိုးမှိုင်းတိုက်မှုအား ရပ်ဆိုင်းပြီး တစ်လ၊ နှစ်လကြာမှ ပြန်လည်ပြုလုပ်ပေးလေ့ရှိကြပါသည်။
မြန်မာနိုင်ငံတွင်မူ မီးခိုးမှိုင်းတိုက်ပေးခြင်းကို မွန်ပြည်နယ်နှင့် အခြားဒေသရှိ တောင်သူတို့ ဆောင်ရွက်လေ့ရှိကြသည်။ မီးခိုးမှိုင်းတိုက်ခြင်းကို သရက်ပင်တွင်သာမက နာနတ်ပင်၊ သီဟိုသရက်နှင့် မရမ်းပင်တို့ တွင်လည်း ဆောင်ရွက်ကြကြောင်းတွေ့ရ သည်။ ထိုင်းနိုင်ငံတွင် သီဟိုသရက်ပင်အား မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် အထွက်နှုန်း သိသိသာသာပိုလာကြောင်း တွေ့ရှိခဲ့သည်။
သရက်ပင်အား မီးခိုးမှိုင်းတိုက်ပေးခြင်းသည် အပင်၏အနေအထား၊ ပတ်ဝန်းကျင်အခြေအနေနှင့် နေရာဒေသပေါ်မူတည်ပြီး အပင်၏ အညွန့်အဖူးများအား အသီးအပွင့်များဝင်လာအောင်လှုံ့ဆော်မှုသည် သေချာမှု၊ မသေချာမှုများရှိနိုင်သော်လည်း သရက်အပါအဝင် သစ်သီးခြံစိုက်တောင်သူများအနေဖြင့် မီးခိုးမှိုင်းတိုက်ပေးခြင်းကို ဆောင်ရွက်သင့်သည်ဟု ဆိုရပေမည်။ မီးခိုးမှိုင်းတိုက်ပေးခြင်းအားဖြင့် အပင်၏ ပန်းပွင့်ဖူးများ ပြူထွက် ပွင့်အာလာခြင်းမဖြစ်သော်မှ မိမိခြံအတွင်း အမှိုက်သရိုက်များ ရှင်းလင်းပြီးသားဖြစ်ခြင်းနှင့်း ပိုးမွှားရောဂါခိုအောင်းမှုတို့အား နှိမ်နင်းပြီးသားဖြစ်ခြင်းတို့ကြောင့် အကျိုးရှိဆောင်ရွက်သင့်သော ကိစ္စဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
ကျမ်းကိုး
၁။ The Mango: Botany, Production and Uses (Richard E. Litz (ed.))
၂။ Mango (R.N. Singh)
၃။ The Mango: Its Botany and Production (Ramon V. Valmayor)
၄။ Effect of Smudging on Mango (Sen and Mallik)
Naw Khine Zin Nyein
လွန်ခဲ့သော ၁၁ လ ကဘယ်လလောက်မာ မီးခိုးမှိုင်းတိုက်ဖို့အကောင်းဆုံးလဲသိချင်ပါတယ်
U Lwin Moe
လွန်ခဲ့သော ၁ နှစ် ကအဖူးအပွင့်စုံနေလျက် မီးခိုးမှိုင်းတိုက်ခြင်း အကျိုးကို သိချင်ပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 4 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
More from HanPhyoAung
အားလုံး