နို့ခမ်းခြင်း

22/09/2020 11:30 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    နို့ခမ်းခြင်းဆိုသည်မှာ နောက်တစ်‌သားမပေါက်မီ အချိန်အထိ နို့ညှစ်ခြင်းကို ရပ်ထားရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် ခြံသမားများသည် ဤဆုံးဖြတ်ချက်ကို နို့ထုတ်လုပ်မှုပမာဏပေါ်တွင် မူတည်ပြီး နို့ပမာဏများများမရတော့သည့် အချိန်မှသာ နို့ခမ်းလေ့ ‌ရှိကြသည်။ ယခုပို့စ်တွင် နွားမများကို နို့ခမ်းချိန် ဆုံးဖြတ်မှုနှင့် ပတ်သက်၍ တင်ပြသွားပါမည်။

🔸နွားမမှထုတ်ပေးနေသော နို့ပမာဏနှင့် နောက်ဆုံးတစ်သားမွေးခဲ့သော အချိန်တို့ပေါ်မူတည်၍ မှန်ကန်စွာ နို့ခမ်းရန် ဆုံးဖြတ်ခြင်းသည် ရိုးရှင်းပါသည်။

နို့ထုတ်လုပ်မှုနိမ့်သောအခါ နို့ဆက်မညှစ်သင့်တော့ပါ။ ဤတွင် ကောင်းစွာစဉ်းစားရန်လိုပါသည်။ နို့ခမ်းချိန်တွင်ရှိသင့်သည့် နို့ပမာဏမှာ ခြံသမားများလိုလားသော ၀င်ငွေပမာဏပေါ်  မူတည်ပါသည်။ ‌သို့သော် နို့ထုတ်လုပ်မှု တစ်နေ့ ၃ ပိဿာအောက်နည်းနေပါက နို့ခမ်းရန် စဉ်းစားသင့်ပါသည်။

🔸ခြံသမားများသည် နွားမ နောက်တစ်သားကျမည့်အချိန်ပေါ်တွင် မူတည်၍လည်း နို့ခမ်းရန် စဉ်းစားသင့်ပါသည်။

နွားမများသည် ‌ နို့ခမ်းပြီးချိန်နှင့် နောက်တစ်သားမမွေးမီကြား နို့နားကာလ နှစ်လခန့် ရရှိရန် လိုအပ်ပါသည်။ နို့နားကာလအတောအတွင်း နို့အုံပြန်လည်ပြင်ဆင်ရန် အခွင့်အရေးရပါသည်။ နို့ပေးကာလများကြားတွင် နွားမ၏နို့အုံသည် အနားယူချိန်မရရှိပါက နောက်လာမည့် နို့ပေးကာလတွင် နို့ထုတ်လုပ်မှု လျော့နည်းမည်ဖြစ်ပါသည်။ နွားမသည် နောက်တစ်သားမမွေးမီ နှစ်လအထိ နို့ထုတ်လုပ်မှုများနေသေးလျှင်တောင် နို့နားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထိုမှသာ နောက်‌နို့ပေးကာလတွင် နို့ထုတ်ထုပ်မှု ပိုကောင်းမည်ဖြစ်သည်။

သို့သော် ထိုသို့ နို့နားခါနီးအထိ နို့များများပေးနေသော နွားမများကို နို့နားချိန်အမီ နို့လျော့ကျသွားစေရန် အစာကို ထိန်းကျွေးခြင်းဖြင့် နို့ပေးနှုန်းကို လျှော့ချသွားရမည်။ နောက်တသားမွေးဖို့ ၂ လသာလိုတော့လို့ နို့အုံအနားပေးချင်လို့ဆိုပြီး နို့ပေးများနေတုန်း (၅ - ၆ ပိဿာခန့်) ရုတ်တရက် နို့ညှစ်ရပ်လိုက်ခြင်းသည် နောက်ဆက်တွဲ နို့အုံပြဿနာများ ဖြစ်လာနိုင်သည်။

ထို့ကြောင့် မိမိခြံရှိ နွားမများ၏ တစ်ကောင်ချင်း နို့ထွက်နှုန်းမှတ်တမ်းထားရှိခြင်းသည် နို့ပေးကာလအတွင်း အစာကျွေးမှုစနစ်နှင့် နို့နားကာလစီမံခြင်းတို့အတွက် ပိုမို လွယ်ကူစေမည်။

🔸တခြားစဉ်းစားရန်တစ်ချက်မှာ နွားမ၏ ခန္ဓာကိုယ်အနေအထားပေါ် မူတည်၍ ဖြစ်သည်။

နွားမသည် နောက်တစ်သားမွေးပြီးချိန်တွင် ကျန်းမာပြီး နို့များစွာထုတ်လုပ်ရန် ခန္ဓာကိုယ်အနေအထား ကောင်းမွန်နေဖို့ လိုအပ်ပါသည်။ နွားမသည် ‌နို့ပေးကာလနောက်ပိုင်းတွင် ပိန်နေပါက နောက်တစ်သားမွေးရန်အတွက် အဆင်ပြေစေရန် အလေးချိန်များများ တိုးဖို့လိုအပ်ပါသည်။ နို့နားချိန်တွင် ခန္ဓာကိုယ်အလေးချိန်တိုးရန် ပို၍လွယ်ကူပါသည်။

အကယ်၍ နွားမသည် အစာကောင်းမွန်စွာကျွေးသော်လည်း နို့ပေး‌ကာလနောက်ပိုင်း (မွေးပြီး ၆ လမှ ၁၀ လကြား) တွင် တဖြည်းဖြည်းပိန်လာပါက ခန္ဓာကိုယ်အလေးချိန် တက်လာ‌စေရန် စော၍ နို့နားသင့်ပါသည်။

🔸အစာရရှိနိုင်မှုပေါ်တွင်မူတည်၍လည်း နို့ခမ်းရန် စဉ်းစားသင့်ပါသည်။

အကယ်၍ မကြာမီကာလတွင် အစာဈေးနှုန်းတက်နိုင်ခြင်း သို့မဟုတ် အစာရရန် ခက်ခဲခြင်းတို့ ဖြစ်လာနိုင်ပါက စော၍နို့ခမ်းခြင်းသည် ပို၍အကျိုးရှိနိုင်ပါသည်။

ဥပမာ- ခြောက်သွေ့သော ကာလရောက်ခါနီးပြီး အစာနု ပမာဏများစွာ ၀ယ်ရန်လာအပ်လာနိုင်ပါသည်။ ထိုအချိန်တွင် အစာကျွေးစားရိတ်သည် ၀င်ငွေထက်များနေနိုင်သောကြောင့် ဖြစ်ပါသည်။ ဤကဲ့သို့မဟုတ်ဘဲ လာမည့်လတွင် အစာစိမ်းပိုရရှိနိုင်မည်ကို သိပါက နို့နည်းနွားမများကို နို့ဆက်ညှစ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်လာမည့်လတွင် ပို၍ ကောင်းကောင်းကျွေးနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် နို့ခမ်းရန်ဆုံးဖြတ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားသင့်သည်။

🔹နို့‌ထုတ်လုပ်မှုပမာဏ

(နို့ထုတ်လုပ်မှုပမာဏသည် တွက်ချေမကိုက်ပါက နို့ခမ်းသင့်ပါသည်)

🔹သားမွေးပြီးကြာချိန်

(နို့ပေးကာလ ၁၀လကျော်ပါက နို့ခမ်းသင့်သည်)

🔹နောက်တစ်သားမွေးရန်ကြာမည့်အချိန်

(နောက်တစ်သားမမွေးမီ နှစ်လကြို၍ နို့ခမ်းသင့်သည်)

🔹နွားမ၏ ခန္ဓာကိုယ်အနေအထား

(ပိန်သောနွားမများတွင် စော၍ နို့ခမ်းသင့်သည်)

🔹အစာရရှိနိုင်မှု

(အစာရရှိရန် ခက်ခဲခြင်းနှင့် အစာကုန်ကျ စရိတ်များသော အချိန်များတွင် စော၍ နို့ခမ်းသင့်သည်)

🔹နို့ခမ်းမည့်အချိန်ကို ဘယ်လိုဆုံးဖြတ်မလဲ

(နောက်တစ်သားမကျမီ အချိန် ၊ အစာ‌ ၊ နို့ဈေး၊ နွားမနှင့် ဈေးကွက်အတွက်လဲ စဉ်းစားသင့်ပါသည်)

🔹နို့ခမ်းရန် ဘယ်လိုပြင်ဆင်မလဲ

(နို့ထွက်နည်းအောင်စီမံခြင်း၊ နို့အုံရောင်ရောဂါမဖြစ်အောင် စီမံခြင်း)

🔸နွားမများကို နို့ခမ်းခြင်းသည် ရိုးရှင်းပါသည်- နို့မညှစ်တော့ခြင်းဖြစ်ပါသည်။ သို့သော် ဤကာလအတောအတွင်းတွင် နို့အုံမ‌ရောင်အောင် ဂရုစိုက်ရန် အရေးကြီးပါသည်။

နွားမများသည် နို့မညှစ်တော့ချိန်တွင် နို့အုံရောင်တတ်ပြီး၊ နို့အုံရောင်ပါက နောက်တစ်သားတွင် နို့ထုတ်လုပ်မှု များစွာဆုံးရှုံးနိုင်ပါသည်။ နို့ပေးများသောနွားမများသည် နို့အုံရောင်‌ရောဂါ ပိုဖြစ်နိုင်ပါသည်။

🔸နို့မခမ်းမီ နို့ပေးပမာဏ ၅ ပိဿာအောက် ရှိသင့်ပါသည်။ အကယ်၍ ၎င်းပမာဏထပ်ပိုများနေပါက အစာလျော့ပြီး နို့ပေးနှုန်းလျော့ကျအောင် စီမံသင့်သည်။ နို့ပေးနှုန်း လျော့သွားမှသာ နို့ခမ်းရန် စိတ်ချရသော အနေအထားဖြစ်မည်။

🔸နို့ပေးပမာဏများနေသော နွားမများကို နို့ခမ်းရန်

အစာနုနှင့် အစာစိမ်းပမာဏကို ဖြည်းဖြည်းချင်းလျှော့သင့်ပြီး ကောက်ရိုးနှင့် ရေသာပေးပါ။ ကောက်ရိုးနှင့် ရေသာပေးပါက နို့ပေးနှုန်း လျှင်မြန်စွာ လျော့ကျသွားမည်။ နို့ခမ်းပြီး တစ်ပတ်ခန့်အထိလည်း ကောက်ရိုးနှင့်ရေသာကျွေးပြီး နို့အုံရှုံ့သွားသည်အထိ စောင့်သင့်ပါသည်။ ထို့နောက် နွားမ၏ ခန္ဓာကိုယ်အနေအထားကို မဝလွန်း မပိန်လွန်း အခြေအနေရှိနေအောင် ဂရုစိုက်ပြီး ကျွေးရမည်။

🔸နွားမများကို နို့မခမ်းမီ နောက်ဆုံးနို့ညှစ်ချိန်တွင် ပိုးသတ်ရန် နို့တိုင်ကို အိုင်အိုဒင်းဆေးရည်ဖြင့် သေချာစွာနှစ်သင့်သည်။ ထို့ပြင် နို့ခမ်းမည့်နွားမများအတွက် သုံးသည့် နို့တိုင်အတွင်းထည့်သည့် ဆေးချောင်းကို နောက်ဆုံးနို့ညှစ်ပြီးနောက် အသုံးပြုနိုင်ပါသည်။

(နို့ပေးကာလတလျှောက်လုံးတွင်လည်း နို့အုံရောင်ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် နို့ညှစ်ပြီးတိုင်း နို့တိုင်ကို အိုင်အိုဒင်းဆေးရည်ဖြင့် နှစ်ပေးရမည်။)

နို့ခမ်းပြီး နှစ်ပတ်အထိလည်း နွားမကို သန့်ရှင်းသောနေရာတွင် ထားသင့်သည်။ ထိုမှသာ နို့အုံထဲသို့ ပိုးမွှားများမ၀င်အောင် တားနိုင်မည်ဖြစ်သည်။

နို့အုံကို ပုံမှန်စစ်ဆေးမှုပြုလုပ်ပါ။ အကယ်၍ နို့အုံ၏ တစ်ဖက်ဖက်သည် ရောင်နေသည်ကို တွေ့ပါက စစ်ဆေးပြီး လိုအပ်ပါက ပဋိဇီ၀ပိုးသတ်ဆေးသုံးပြီး ကုသသင့်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်