နွေသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးမည်ဆိုလျှင် (အပိုင်း ၁)

21/02/2024 14:00 PM တွင် U Thet Lwin U Thet Lwin မှ ရေးသား

နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ပြည့်စုံစွာ ရေးသားတင်ပြထားသော ဆောင်းပါးများ မရှိသလောက် ရှားပါးနေသဖြင့် မိမိ၏ အတွေ့အကြုံများဖြစ်သည့် နွေသီးနှံ ပဲတီစိမ်း စတင်စိုက်ပျိုးခဲ့သည့် ၁၉၉၄ ခုနှစ်ခန့် ၊ နွေမတ်ပဲသီးနှံ စ၍ စိုက်ပျိုးခဲ့သော၂၀၀၅ ခုနှစ်ခန့်၊ တို့မှစ၍ ကြုံတွေ့ခဲ့ရသော မိမိ၏ နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှု အတွ့အကြုံတို့အား အခြေခံ၍ ခေတ်နှင့်အညီ ပြောင်းလဲလာသော ပံပိုးပစ္စည်းသုံးစွဲခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှု၊ စိုက်စနစ်၊ ပြုစုထိမ်းသိမ်းမှု တို့အား ပူးပေါင်း တင်ပြထားခြင်းဖြစ်ပါတယ်။ 

စိုက်ပျိုးရေးအတွက် အသုံးပြုလိုပါက  မည်သူမဆို လိုအပ်သလို အသုံးပြုနိုင်ပါကြောင်း အသိပေးလိုပါတယ်။

ဒါပေမဲ့ မိမိ၏ ရေးသားမှုကို ကူးယူတင်ပြထားတယ် ဆိုတာကိုတော့ အသိအမှတ်ပြု ထည်သွင်းဖော်ပြရန်တော့ လိုအပ်ပါလိမ့်မည်။ ဘာဖြစ်လို့ ယခုလို ရေးရသလဲဆိုလျှင် အချို့ စီးပွားရေးလုပ်သူများသည် မူရင်းရေးသားသူအား Credit မပေးဘဲ ဖြတ်ဆက်ညှပ်လုပ်၍ ကူးယူဖော်ပြနေ၍ ဖြစ်ပါတယ်။

ထိုသို့ရေးသားတင်ပြရာတွင် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် လူအချို့ မှားယွင်းစွာ ထင်မှတ်ယုံကြည်ပြီး လက်ခံထားကြသော မတ်ပဲ  ပဲပွင့်သီးချိန် တို့တွင် ရေပေးသွင်း၍ မရနိူင်ဘူး အပင်သေဆုံးနိူင်တယ်ဆိုတဲ့ အယူအဆ မှားယွင်းတယ်ဆိုတာ၊ မတ်ပဲသာမက ပဲတီစိမ်း၊ ကုလားပဲ တို့တွင်လည်း အပင်ငယ်စဉ်၊ အပင်ကြီးထွားချိန်၊ ပွင့်သီးချိန်တို့တွင်လည်း စနစ်တကျရေပေးသွင်းလျင် အပင်မသေနိူင်ဘူး.ဆိုတာ သိစေခြင်ပါတယ်။

မြေဩဇာကြွေး ရေပေးသွင်းခြင်း ပြုနိုင်လျင်၊ အဟာရနှင့် အစိုဓာတ် ရှိနေသမျှကာလပါတ်လုံး မတ်ပဲသီးနှံသည် ပွင့်သီးနိူင်မှု စွမ်းအင်ရှိနေပြီး လိုအပ်သည့် ပိုးမွှားရောဂါကို ကာကွယ်နှိမ်နင်းနိုင်လျှင် အသီးရရှိရေးကို လုပ်ဆောင်နိုင်တယ်ဆိုတာ၊ စိုက်ပျိုးသူများ သိစေလိုသဖြင့် ရေပေးသွင်းခြင်းအား အသေးစိတ်  ရေးသားထားခြင်း ဖြစ်ပါတယ်။

ယခုနှစ် ဆောင်းသီးနှံ ရိတ်သိမ်းသည့် အချိန်ကာလတွင် မတ်ပဲသီးနှံဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ မတ်ပဲသီးနှံအား နွေသီးနှံအဖြစ် ပြန်လည် စိုက်ပျိုးရန်အတွက် စိတ်ဝင်စားမှု မြင့်တက်လာကြပြီး ထိုသို့ မြင့်တက်မှုနှင့်အတူ မိမိထံသို့ နွေသီးနှံ မတ်ပဲစိုက်ပျိုးခြင်း၊ မျိုးနှင့် ပါတ်သက်၍ မေးမြန်းစုံစမ်းမှုများ နေ့စဉ်မပြတ် ရှိနေခြင်းကြောင့် ယခုဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါတယ်။

  • အမည်.......မတ်ပဲ
  • အင်္ဂလိပ်အမည်....Black gram
  • သိပ္ပံအမည် ........vigna mungo(L)Hepper
  • မျိုးရင်း................Fabaceae
  • အင်္ဂလိပ်အမည်ကွဲ Urd,Black mung,Wooly pyrol
  • သိပ္ပံအမည်ကွဲ ....phaseolus mungo L နွေမတ်ပဲသီးနှံကို  ဘယ်ဒေသမှာ  စိုက်ကြလဲ။

မိမိထံသို့ နွေမတ်ပဲ စိုက်ချင်လို့ပါတယ် ဆိုလာလျှင် ပထမဆုံးမေးကြသည့် မေးခွန်းဖြစ်ပါတယ်။

စိုက်ပျိုးရေးဟူသည် ပုံသေသတ်မှတ်၍ လုပ်ဆောင်၍ မရသော လုပ်ငန်းဖြစ်ခြင်းကြောင့် အကြံပေးမည့် မိမိသည် စိုက်ပျိုးမည့် ဒေသကို သိရှိရန် ပထမလိုအပ်ပါတယ်။

စိုက်ပျိုးမည့်ဒေသကို ပထမသိရှိမှသာလျှင် ထိုဒေသ၏ ရေမြေရာသီဥတုတို့ကို အခြေပြုပြီး စိုက်ပျိုးစနစ်၊ သုံးစွဲသင့်သည့်မျိုးနှင့် မျိုးစေ့နှုန်း၊ ပြုစုထိန်းသိမ်းမှု စနစ်တို့ကို အကြံပြုရမှာဖြစ်ပါတယ်။

ထိုသို့မဟုတ်ဘဲ ပညာရှင်အမည်ခံသူအချို့၊ မျိုးစေ့ရောင်းချနေသူအချို့ ရေးသားပြောဆိုနေသလို လုပ်လို့မရသလို မျိုးစေ့အိတ်မှာ စိုက်စနစ်ရေးသားလိုက်ရုံမျှဖြင့် ပြည့်စုံသော စိုက်ပျိုးရေးနည်းလမ်း ဖြစ်လာမှာမဟုတ်ပါဘူး။

မြေအမျိုးအစား

မြေအချဉ်အငန်ဓာတ်(၅.၅-၇.၅)အတွင်းတွင် စိုက်သင့်ပြီး ဆားပေါက်မြေနှင့် ဆပ်ပြာမြေများတွင် ခံနိုင်စွမ်းမရှိ၍ မစိုက်သင့်သလို အပင်ဖြစ်ထွန်းမှု ညံ့ဖျင်းသည့် မြေမျိုးတွင် မစိုက်သင့်ဘူးလို့ ဆိုချင်ပါတယ်။

(မြေအချဉ်ငံဓာတ် (၅.၅) ထက်နိမ့်သော မြေမျိုးတွင်စိုက်ပါက အပင်ဖြစ်ထွန်းမှု ညံ့ဖျင်းပါတယ်။)

သဲနုန်းမြေ၊ နုန်းမြေ၊ စနယ်မြေစေးတို့တွင် အောင်မြင်စွာ စိုက်ပျိုးနိုင်သော်လည်း နွေသီးနှံ ဖြစ်ထွန်းနိုင်ရန်အတွက် မိမိမြေကြီးနှင့် လိုက်ဖက်ညီသည့် ထွန်ယက်မှုစနစ်၊ စိုက်စနစ် အသုံးပြုမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

ရာသီဥတု

စိုက်ပျိုးသော မျိုးအမျိုးအစားအပေါ် မူတည်၍ စိုက်ပျိုးရမည့်အချိန်ကာလ ရွေးချယ်ရန် လိုအပ်ပါသည်။

မတ်ပဲသည် ပူနွေး၍ ခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် ဖေဖော်ဝါရီလဆန်းပိုင်း(အညာဒေသတွင် အအေးလျော့ချိန်) တွင် စိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက်နိူင်ပါတယ်)

စိုက်ချိန်

စိုက်ပျိုးသင့်သော အချိန်အား အကြံပြုရပါလျှင် အအေးလျော့သည့် ဖေဖော်ဝါရီလခန့်မှသာ စိုက်ပျိုးသင့်တယ်လို့ ဆိုချင်ပါတယ်။

အချို့စိုက်ပျိုးသူများမှာ နွေသီးနှံအား ဇန်နဝါရီလကတည်းက စိုက်ပျိုးလို့ရတယ်။ စိုက်လို့ရတယ်လို့ ပြောကြမှာပါ။

ထိုသို့ စိုက်နေကြတာကိုလည်း တွေ့နေရပါတယ်။

မိမိအနေဖြင့် စိုက်လို့မရဘူးဟုဆိုနေခြင်း မဟုတ်ဘဲ မစိုက်သင့်ဘူးလို့ ဆိုနေရခြင်းမှာ နွေရာသီစိုက်ပျိုးသည့် မတ်ပဲမျိုးများသည်

လင်းတာတုန့်ပြန်မှု အပူချိန်တုန့်ပြန်မှု မရှိသော မျိုးဖြစ်ကြ၍ ရာသီဥတု အေးသော အချိန်ဖြစ်နေပါက အပင်များကြီးထွားမှု နှေးကွေးပြီး ကုပ်နေတတ်ပါတယ်။ ထိုသို့သော အခြေအနေကို စုပ်စားပိုးကျနေတယ်လို့ မှားယွင်းယူဆတတ်ကြပါတယ်။ (သတိပြုစရာပါ)

မတ်ပဲမျိုးအများစုသည် နေ့တာတိုပင်များဖြစ်ခြင်း ပန်းပွင့်ခြင်းသည် နေ့တာနှင့်အပူချိန် (၂)မျိုးလုံးတုံ့ပြန်မှု ရှိကြောင်း တွေ့ရပါသည်။

ပန်းပွင့်ချိန်မှစ၍ အပူချိန်မြင့်မားမှုကြောင့် အပွင့်အသီးအောင်မြင်မှုအား အခက်အခဲဖြစ်စေသည့် လှေး၊ ယင်ဖြူကျရောက်မှု ဆိုးဝါးသော်လည်း ရေမကြာခဏ သွင်းပေးလျှင် လှေးကျရောက်မှုကို သက်သာစေပါတယ်။

လင်းတာတုန့်ပြန်မှုမရှိသော မတ်ပဲမျိုးများအား ဒေသအပေါ်မူတည်၍

ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် စိုက်ပျိုးပြီး ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လ တို့တွင် ရိတ်သိမ်းနိုင်ပါတယ်။

ပန်းပွင့်ချိန်တွင် မိုးရွာခြင်း အပူချိန်မြင့်မားခြင်း ရိတ်သိမ်းချိန်တွင် မိုးရွာခြင်းများ ဖြစ်ပေါ်ပါက အထွက်နှုန်းအား ထိခိုက်နိုင်၍ မိမိတို့ဒေသတွင် မိုးစတင်ရွာသွန်းနိုင်သောကာလကို ချိန်ဆတွက်ချက်ရန်လိုသည့်အတွက်

  • အောက်မြန်မာပြည်တွင် ဖေဖော်ဝါရီလမှ စတင်၍ မတ်လအတွင်း နောက်ဆုံးထား၍ စိုက်ပျိုးသင့်ပြီး
  • အထက်မြန်မာပြည်အတွက် ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်းမှ စတင်စိုက်ပျိုးပြီး ဧပြီလဆန်း နောက်ဆုံးထား၍ စိုက်ပါလို့ အကြံပြုလိုပါတယ်။

(အသီးရင့်မှည့်ချိန် အတောင့်ရေစိုမိုးမိပါက အတောင့်များမှိုတက် အစေ့မှိုတက်၍ ဝင်ငွေလျော့ပါးနိုင်ကြောင်း အသိပေးလိုပါတယ်။)

မတ်ပဲ မျိုးရွေးချယ်ခြင်း

မတ်ပဲအား နွေသီးထပ်အဖြစ် စိုက်ပျိုးမည်ဆိုလျှင် မျိုးရွေးချယ်ခြင်းသည် အဓိကကဏ္ဍ၌ ရှိနေပါတယ်။

နွေမတ်ပဲ စိုက်ရန်အတွက် အချို့ဒေသများတွင် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ စိုက်ပျိုးသူများသည် ဒေသအတွင်းနာမည်ကြီးနေသည့် စာပစပ်၊ ရေဆင်း ၃၊ ပဲကန်ဇွန်းတို့အား  စိုက်ပျိုးရန် ကြိုးစားပြင်ဆင်နေကြတာကို ကြားသိနေရပါတယ်။

ထိုမျိုးများသည် လင်းတာတုန့်ပြန်မှု ရှိ၊ အပူချိန်တုန့်ပြန်မှုရှိသည့်မျိုး များဖြစ်၍ နွေသီးနှံအဖြစ် စိုက်၍ မရဘူး၊ အသီးမသီးနိုင်ဘူး၊ သီးပြန်လျှင်လည်း  အနည်းငယ်ဘဲ သီးနိုင်တယ် ဆိုတာကို အသိပေးလိုပါတယ်။ 

မတ်ပဲမျိုး ရွေးချယ်မည်ဆိုလျင်

  • သစ်စေ့နားချိန်(Domancy) ကင်းလွတ်သည့်မျိုး။
  • အပင်ပေါက်ရာခိုင်နှုန်းကောင်းသည့်မျိုး။
  • လင်းတာတုန့်ပြန်မှု မရှိ၊ အပူချိန်တုန့်ပြန်မှု အနည်းငယ်ရှိသည့်မျိုး။
  • အဝါရောင်မိုစိတ် (Virus) ရောဂါဒါဏ်ခံနိူင်ရည် ရှိသည့်မျိုး။
  • မျိုး သန့်စင်မှု။
  • အပင်သက်တမ်း။
  • အထွက်နှုန်း။
  • အပင်ဖြစ်ထွန်းမှုရှိခြင်း မရှိခြင်းတို့က အဓိက အချက်ဖြစ်ပါတယ်။ 

မတ်ပဲ စိုက်ပျိုးရန် မျိုးရွေးချယ်ပါက သစ်စေ့နားချိန် (Seed Domancy)သည် အဓိကအရေး အကြီးဆုံး အချက်လို့ ဆိုရမှာပါ။

နာမည်ကြီး မတ်ပဲမျိုးစေ့ တစ်မျိုးမှ မျိုးစေ့ စတင်ထုတ်လုပ်သည်မှစ၍ ၂၀၂၂ ခုနှစ် မျိုးစေ့ထုတ်ရာသီတိုင် တောင်သူများကို ဒုက္ခပေးနေတာကတော့ သစ်စေ့နားချိန် (Seed Domancy) မထားဘဲ မျိုးစေ့ထုတ်တွင် အပင်ပေါက်ရာခိုင်နှုန်းအား ခပ်တည်တည်ရေးသားပြီး ထုတ်ဝေခဲ့ခြင်းပါ၊ ယခုနှစ်တော့ သစ်စေ့နားချိန် (Seed Domancy) နှစ်လလောက်ထားပြီး မျိုးထုတ်လုပ်ဖြန့်ဖြူးလာတာကို တွေရတော့ တောင်သူများအတွက် ဝမ်းမြောက်မိပါတယ်။

မတ်ပဲသီးနှံ သစ်စေ့နားချိန် (Seed Domancy) ရှိနေသဖြင့် သစ်စေ့နားချိန်အား ဂရုစိုက် ရှောင်ကြဉ်၍ စိုက်ပျိုးရမည်ဖြစ်ရာ သစ်စေ့နားချိန် ကင်းလွတ်ရန်မှာ အနည်းဆုံး သီးနှံရိတ်ပြီး (၂- ၃) ကြာသိမ်းစည်းထားသည့် မျိုးဖြစ်ရန် လိုအပ်ပါတယ်။

နွေသီနှံအဖြစ် မတ်ပဲ စိုက်မည်ဆိုလျှင်

ယခု ဇန်နဝါရီ၊ ဖေဖော်ဝါရီလ ရိတ်သိမ်းနယ်လှေ့၍ ထွက်ရှိလာသည့် မျိုးများကို ယခုအချိန် နွေသီးနှံတွင် စိုက်၍မရပါဘူး။ မိုးသီးနှံ၊ ဆောင်းသီးနှံ ရာသီချိန် ရောက်ရှိမှသာမှသာ စိုက်၍ရမှာပါ။

နိုဝင်ဘာလတွင် ထွက်ရှိ ထုတ်လုပ်ထားခဲ့သည့်မျိုးများနှင့် ယခင်နှစ်မျိုးကျန်များဆိုလျှင် နွေသီးနှံအဖြစ် စိုက်၍ရပါတယ်။

ဘာကြောင့်လဲဆိုလျှင် မတ်ပဲသီးနှံသည် ပဲတီစိမ်းကဲ့သို့ မဟုတ်ဘဲ သစ်စေ့နားချိန်(Domancy) ရှိနေ၍ပါ။

မတ်ပဲရိတ်သိမ်းပြီး 

တစ်လအတွင်း အပင်ပေါက်ရာခိုင်နှုန်း  30%၊ တစ်လခွဲတွင် 45% ၊ နှစ်လကျော်မှ 72% လောက် ဖြစ်နေနိုင်ရာ အပင်ပေါက်နှုန်း အင်မတန်နည်းနေသဖြင့် မျိုးစေ့နှုန်း တစ်ဆခွဲ၊ နှစ်ဆ အထက် သုံးရမယ်လို့ ဆိုချင်ပါတယ်။ မတ်ပဲစိုက်မည်ဆိုလျှင် အပင်ပေါက်ရာခိုင်နှုန်းအား စမ်းသပ်ရန်လိုပြီး အပင်ပေါက်ရာခိုင်နှုန်း 75% အနည်းဆုံးရရှိမှ စိုက်သင့်ပါတယ်။

တောင်သူလယ်သမားများ အနေဖြင့် မျိုးစေ့ထုတ်များကို ဝယ်ယူပြီး အပင်ပေါက် မစမ်းသပ်ဘဲ စိုက်ပျိုးနေခြင်းသည် ဆိုးဝါးသည့် အပြုအမူဖြစ်ရာ တောင်သူလယ်သမားများအနေဖြင့် အပင်ပေါက်နှုန်း မစမ်းသပ်ခြင်း ဆိုသည့် အရိုးစွဲနေသည့် အကျင့်စရိုက်ကို ပြုပြင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။

မျိုးစေ့ဝယ်ယူစိုက်ပျိုးသူ အနေဖြင့် မိမိဝယ်ယူထားသည့် မျိုးစေ့အား မစိုက်ပျိုးမီ အပင်ပေါက်နှုန်း စမ်းသပ်ပြီး အိတ်ခွံတွင် ရေးသားထားသည့် အပင်ပေါက်နှုန်း မရလျှင် မျိုးထုတ်တွင် ရေးသားထားသည့် အပင်ပေါက်ရာခိုင်နှုန်း မရပါဘူးဆိုပြီး စောဒကတက်လျှင်ဖြင့် မျိုးစေ့အရောင်းဆိုင်ဘက်မှ ဖြေရှင်းပေးနိုင်ပါလိမ့်မည်။ စိုက်ပြီးမှ အပင်မပေါက်လို့ သွားပြောလျှင်တော့ ဖြေရှင်းပေးမှာ မဟုတ်ပါဘူး။

လင်းတာတုန့်ပြန်မှု မရှိ၊ အပူချိန်တုန့်ပြန်မှု အနည်းငယ်ရှိသည့်မျိုး။

အဝါရောင်မိုစိတ် (Virus) ရောဂါဒါဏ်ခံနိုင်ရည် ရှိခြင်း၊ မရှိခြင်း။

နွေသီးနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက လင်းတာတုန့်ပြန်မှု မရှိ၊ အပူချိန်တုန့်ပြန်မှု အနည်းငယ်ရှိသည့်မျိုး၊ အဝါရောင်မိုစိတ် (Virus) ရောဂါဒါဏ်ခံနိုင်ရည် ရှိသည့် မျိုးများဖြစ်သည့် ရေဆင်း ၇ (ခံနိုင်ရည်ရှိ)၊ ရေဆင်း ၄ (အသင့်အတင့်)၊ TBL 9 (ခံနိုင်ရည်ရှိ) ကဲ့သို့သော မျိုးများ ရွေးချယ်စိုက်ပျိူးရမှာ ဖြစ်ပါတယ်။

ထိုမျိုးများနှင့် အလားတူမျိုးအချို့မှာ ဈေးကွက်အတွင်း မရောင်းချနိုင်သေးသော်လည်း စမ်းသပ်စိုက်ပျိုးထားရှိပြီး မကြာမီ မျိုးစေ့မှတ်ပုံတင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ပြုနိူင်မည့် အရည်အသွေးကောင်းမျိုး (၄)မျိုးခန့် ရှိနေပြီဆိုတာကို သတင်းပေးထားလိုပါတယ်။

မျိုးသန့်စင်မှု(မျိုးစစ်မှန်ခြင်း)

နွေသီးထပ်မတ်ပဲ စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့သန့်စင်မှု(မျိုးစစ်မှန်ခြင်း)သည် အရေးကြီးသော အချက်ဖြစ်ပေသည်။

သန့်စင်သော မျိုးစေ့ဆိုသည်မှာ အဖျင်းအမှော် လုံးပိန်လုံးညှပ်ကင်သော မျိုးစေ့ကို ဆိုလိုခြင်း မဟုတ်ဘဲ မိမိရွေးချယ်စိုက်ပျိုးသော မျိုးမှတပါး အခြားမျိုးကွဲများမပါဝင်ဘဲ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်ကိုက်ညီသော မျိုးကိုဆိုလိုပြီး ထိုကဲ့သို့သောမျိုးကို စိုက်ပျိုးမှသာ အထွက်ကောင်းနိုင်မည်ဖြစ်ပါတယ်။

လင်းတာတုန့်ပြန်မှု မရှိ၊ အပူချိန်တုန့်ပြန်မှု အနည်းငယ်ရှိသည့်မျိုးသည် ပထမအရေးကြီးဆုံးဖြစ်ပါတယ်။ ထိုသို့သော မျိုးများကို စိုက်ပျိုးမှသာလျင် ပွင့်သီးနိူင်ပြီး အကျိုးအမြတ်ရရှိမှာပါ။

အဝါရောင်မိုစိတ် ခံနိုင်ရည်ရှိသောမျိုးသည် ဒုတိယအရေးကြီးဆုံးအဖြစ် ရှိနေပြီး နွေရာသီပူပြင်းသောကာလတွင် ဆိုးဝါးစွာကျရောက်သော ယင်ဖြူမှ ကူးဆက်သည့်ရောဂါဖြစ်၍ ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်စိုက်ရမှာပါ။

ယခုဈေးကွက်အတွင်း ရောင်းချနေသော မျိုးများနှင့် ပတ်သက်၍ မိမိအား မျိုးသန့်စင်မှုတွင် စိတ်ချရသော အဆင့်တွင် ရှိနေပါသလားလို့ တောင်သူလယ်သမား အချို့၊ မျိုးရောင်းချသူ အချို့မှ မေးမြန်းလာရာ မိမိမှ စိတ်မချရပါဘူးလို့ ဖြေကြားခဲ့ပါတယ်။ 

ဘာကြောင့်လဲဆိုတာ သိလိုလျှင်တော့ မိမိရေးသားထားသော စာများကို သေသေချာချာ အစမှအဆုံးတိုင် ပြီးဆုံးအောင်ဖတ်ပါလို့ပဲ ဆိုချင်ပါတယ်။

အပိုင်း (၂) တွင်  ဆက်လက်ဖော်ပြပါဦးမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်