နေကြာအောင်မြင်အောင် စိုက်ပျိုးနည်း

02/01/2024 12:42 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (105)  

Oilseed Crops – Sunflower: Healthy Cooking Oil (Part - 4)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၅) ဆီထွက်သီးနှံများ - နေကြာ-ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း - ၄)

မိတ်ဆက် (Introduction) 

နေကြာစိုက်ပျိုးထုတ်လုပ်နည်းကို စိုက်ပျိုးရေးပညာရှင်အမျိုးမျိုးက ရှုထောင့်အမျိုးမျိုးမှ ရေးသားထုတ်ဝေဆွေးနွေးပြီး ဖြစ်ပါသည်။ သို့သော် မြန်မာဘာသာဖြင့် ထုတ်ဝေထားသော စာအုပ်များနည်းပါးနေဆဲဖြစ်ပါသည်။ (မှီငြမ်းစာအုပ် အမည်များ ပူးတွဲလျက်)။

ကျွန်တော် အနည်းငယ်သိသော သီးနှံကြီးထွားမှုနှင့် ပန်းပွင့်မှုဆိုင်ရာဇီဝကမ္မ (Crop Growth Physiology and Flowering Physiology) ရှုထောင့်မှ နေကြာစိုက်တောင်သူကြီးများအတွက် အုပ်တစ်ချပ်၊ သဲတစ်ပွင့်သဖွယ် အထောက်အကူပြုစေရန် ရေးသားဆွေးနွေးပါမည်။ 

ဇယား - ၁ (၂၀၁၈-၁၉ ခုနှစ်အတွက် ကမ္ဘာ့နှင့်မြန်မာ ဆီထွက်မှု အများဆုံး သီးနှံများ)

ကျွန်တော်တို့နိုင်ငံ၏ နှမ်းနှင့်မြေပဲဆီ ထုတ်လုပ်မှုသည် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ ၂၇ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းအထိရှိသဖြင့် အလွန်ဂုဏ်ယူစရာကောင်းလှပါသည်။ နေကြာဆီကမူ စုစုပေါင်း၏ တစ်ရာခိုင်နှုန်း လောက်ပဲရှိပါသည်။

နေကြာသီးနှံ (Sunflower – Helianthus annuus)

နေကြာပင်သည် မြန်မာနိုင်ငံတွင် တတိယအများဆုံး စိုက်ပျိုးသောဆီထွက်သီးနှံဖြစ်ပြီး တစ်နှစ်ခံသီးနှံပင် (Annual Crop) ဖြစ်ပါ သည်။ ကမ္ဘာ့ဆီထုတ်လုပ်မှု စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းသည် နေကြာမှ ထုတ်လုပ်သော နေကြာဆီ (Sunflower Oil) ဖြစ်ပါသည်။ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် ရှရှားနှင့် ယူကရိန်းသည် ထိပ်ဆုံးမှ ဦးဆောင်နေပါသည် (ဇယား-၂)။

ဇယား - ၂ (၂၀၂၂-၂၃ ခုနှစ်အတွက် ကမ္ဘာ့နေကြာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများ)

နေကြာစပ်မျိုး (Sunflower Hybrid) ကမ္ဘာ့အထွက်ဆုံး သုတေသနမှတ်တမ်း (Experimental Yield) မှာ ၃၇၅၀ ကီလို/ဟက်တာ (တစ်ဧက ၁၀၄-တင်းခန့်) အထိ ရရှိခဲ့ပါသည်။ ရိုးရိုးနေကြာ (OPV – Open-Pollinated Variety) မှာ ၁၇၃၀-ကီလိုဂရမ်/ ဟက်တာ (တစ်ဧက တင်း ၃၀-ခန့်) သာထွက်ပါသည်၊ 

(နေကြာ တစ်တင်း = ၈.၉ ပိဿာ = ၃၂-ပေါင် = ၁၄.၅၁ ကီလိုဂရမ်)

 မြန်မာနိုင်ငံတွင် ၁၉၇၀-ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ပြီး စိုက်ဧရိယာအားလုံး၏ ၁၉-၂၀ ရာခိုင်နှုန်းခန့်သာ မိုးတွင်းစိုက်သည်။ (Monsoon Crop) ကျန် ၈၀-၈၁  ရာခိုင်နှုန်းခန့်က မိုးနှောင်း (ဆောင်းသီးနှံ Post-monsoon Crop) အဖြစ် စိုက်ပျိုးကြပါသည်။

မြန်မာနိုင်ငံတွင် နေကြာတိုးချဲ့စိုက်ပျိုးသင့်သည့် အကြောင်းရင်းများမှာ -

(၁) ဒေသရာသီဥတုအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ (Wide adaptability to different Agro-climatic Regions)

(၂) နေ့တာတုံ့ပြန်မှုမရှိ၍ မိုး၊ ဆောင်း၊ နွေ ရာသီ အမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပါသည်။ (Day Neutrality leading to cultivation in all Seasons)

(၃) မျိုးစေ့နှုန်းနည်းပါသည်၊ (Low seed Rate – 5-6 kg/ha) တစ်ဧက ၂-၂.၅ ပြည်ခန့်

(၄) သီးထပ်၊ သီးညှပ် စိုက်ပျိုးရေးအတွက် အလွန်သင့်လျော်ပါသည်။ (Fitness of Crop into multiple and intercropping systems)

(၅) စားသုံးဆီထုတ်လုပ်မှုတွင် ကျန်းမာရေးအတွက်ကောင်းမွန်သောဆီ (High Oil Quality, fitness for Health) ရရှိနိုင်ပါသည်။

နေကြာအတွက်ရာသီဥတု (Climatic Requirement for Sunflower)

နေကြာသီးနှံက မြေပဲနှမ်းထက်စာလျှင် အအေးနည်းနည်းပိုသည်။ ၂၀-၂၅ ဒီဂရီ ဆဲလ်စီယဒ် (20-25 *C) တွင်မူ အကောင်းဆုံးကြီးထွား ဖွံ့ဖြိုးပါသည်။ အသင့်တော်ဆုံး မိုးရေချိန်မှာ သက်တမ်းတလျှောက်လုံး ၆၃၅-၇၆၂ မီလီမီတာ (၂၅-၃၀ လက္ခခန့်) ညီညာစွာရွာပြီး ပန်းပွင့်ချိန်နောက်ပိုင်းမိုးနည်းပါးရမည် ဖြစ်သဖြင့် မိုးများသော ဒေသများတွင် မိုးတွင်းစိုက်ပျိုးရန် မသင့်တော်ပါ။ 

နေကြာပင်၏ နက်နက်ထိုးဆင်းနိုင်သော ရေသောက်မြစ် (Deep Tap Root) ကြောင့် မိုးခေါင်ဒဏ် ခံနိုင်ရည်ရှိပြီး ခြောက်သွေ့ချိန်တွင် အစိုဓာတ်ကို ရရှိအောင် စုပ်ယူနိုင်ပါသည်။

နေကြာအထွက်အများဆုံး နိုင်ငံများမှာ သမပိုင်းနိုင်ငံများ (Temperate Countries) ဖြစ်သဖြင့် ပန်းပွင့်ချိန် နောက်ပိုင်း အေး၍ခြောက်သွေ့သင့်ပါသည်။ နေကြာခင်းသက်တမ်း တစ်လျှောက်လုံး ပြည့်ဝသောအလင်းရောင် (Adequate Light) ရရှိရန် လိုအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဥပမာ - မိုးတိမ် အလင်းရောင် ပုံမှန်ထက် ၄၀-ရာခိုင်နှုန်း လျှော့ရပါက အထွက်၏ ၆၄-ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း သုတေသနပြုချက်အရ တွေ့ရှိရပါသည်။ ပန်းပွင့်ချိန်နောက်ပိုင်း အစေ့တည်ချိန်အတွင်း ၂၇ ရက်ခန့်တွင် အလင်း ရောင် လျော့သွားပါက ၃၆ ရာခိုင်နှုန်းအထိ အထွက်လျော့သွားပါလိမ့်မည်။

နေကြာရွက်များသည် ၄၈ မိနစ်ခန့်အတွင်း နေရောင်ဘက်သို့ လှည့်လည်သော အလေ့အထ (Heliotropism) ရှိပါသည်။ 

နေကြာအထွက်ကောင်းမျိုး (အပင်ပု)မျိုးသည် အပင်မှနေရောင်ခြည်ကိုလှည့်ပေးခြင်းဖြင့် အရွက်မျက်နှာပြင် တစ်စတုရန်းစင်တီမီတာလျှင် တစ်မိနစ်က်ု ၄၆၄ ကယ်လိုရီ (464 Cal min-1 cm-2) အ ထိ အစာချက်လုပ်နိုင်သော နေရောင်ခြည် (Photosynthetically Active Radiation - PAR) ကို ဖမ်းယူနိုင်ပါသည်။ သာမာန် နေကြာပင်များမှာ ၂၉၆ ကယ်လိုရီခန့်သာ စုပ်ယူနိုင်ပါသည်။ 

နေကြာသည် ကာဗွန်အက်တန် ၃ လုံး အစာချက်ရာတွင် ဓာတ်ပြုသည့်အပင် (C-3 Pathway Plant) ဖြစ်သော်လည်း ဤအပင် အုပ်စုများ ထဲတွင် ကြီးထွားလျှင်မြန်မှု အကောင်းဆုံး အပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နေရောင်ခြည်ကို အသုံးပြုမှု အကောင်းဆုံး (Good Radiation Use Efficiency) သီးနှံတစ်ခုဖြစ်သည့်အတွက် ဖြစ်သည်။

C-3 သဘာဝအရ ညအချိန်တွင်ပါ အသက်ရှူဓာတ်ငွေ့လဲ (Dark Respiration) ရာ  နေကြာပင်ကြီးထွားမှုအတွက် ဤဇီဝစွမ်းအင်ရရှိမှုဖြစ်စဉ် (Biological Energy) က ထောက်ပံ့ပါသည်။ နေကြာပင်၏ အသားတင် အစာချက်မှုနှုန်း  (NAR – Net Assimilation Rate) သည် တစ်ရက်လျှင် အရွက်တစ်စတုရန်းမီတာအတွက် ပုံမှန် ၁၀-၁၈ ဂရမ် (10 to 18 g leaf area  m-2 day-1) ရရှိနေရာကနေ ၂၈-ဂရမ် အထိ ရရှိနိုင်ပါသည်။ နေကြာပင်၏ အရွက်ဧရိယာဆကိန်း (LAI – Leaf Area Index) ၄.၃ လောက်အထိ ရနိုင်သော သီးနှံဖြစ်ပါသည်၊ အရွက်အလင်းဖြန့်နှုန်း (Leaf and Crop Canopy)နှင့် အလင်းရောင်စုပ်ယူမှုနှုန်း (Light Interception) ကောင်းမွန်ပြီး စိုက်ပြီး ရက် ၅၀ အတွင်း စိုက်ခင်းတစ်ခုလုံး အရွက်များနှင့် ပိတ်သွားနိုင်ပါသည်။

နေကြာပင်၏ အအေးဒဏ်နှင့်အပူဒဏ်ကို အခြားအပင်များထက်ခံနိုင်ရည်ရှိခြင်း (Tolerance to both cold and high temperature) သည် ဒေသအမျိုးမျိုး၊ ရာသီ အမျိုးမျိုးတွင် စိုက်ပျိုးလို့ရသည်ဟု ဆိုနေပါသည်။ နေကြာမျိုးစေ့သည် အနည်းဆုံး ၄-ဒီဂရီ ဆဲလ်စီရပ်တွင် အညှောက်ပေါက်နိုင်သော်လည်း ကွင်းထဲတွင် အညှောက်ပေါက်စုံရန် ၈-၁၀ ဒီဂရီ ဆဲလ်စီရပ်လိုအပ်ပါသည်။ အပင်ပေါက်စ အစေ့ရွက် (Cotyledon) ပေါ်ထွက်ချိန်တွင် အနှုတ် ၅-ဒီဂရီ အထိ ခံနိုင်ရည်ရှိပါသည်။

နေကြာပင်သည် နေ့တာတုံ့ပြန်မှုမရှိပါ (Day Neutral Plant)။ သို့ဖြစ်ပါ၍ ရာသီမရွေး၊ နေရာမရွေး စိုက်ပျိုးနိုင်ပါသည်။

အပင်ရေလိုအပ်ချက် (Water Requirement) (သို့မဟုတ်) ရေငွေ့ပြန်မှုအချိုး (Transpiration Ratio) ၏အဓိပ္ပာယ်မှာ အပင်အခြောက်အလေးချိန် တစ်ဂရမ်ရရှိရန် ရေငွေ့ပျံသွားသော ရေဂရမ် ပမာဏ (The grams of water transpired/g of dry matter produced above soil level) ဖြစ်ပါသည်။ ရေငွေ့ပျံနှုန်း (Transpiration Rate) သည် ပတ်ဝန်းကျင် အထူးသဖြင့် စိုထိုင်းဆ (Humidity)၊ အပူချိန် (Temperature)၊ လေတိုက်နှုန်း (Wind)၊ အလင်းရောင် (Light) တို့နှင့် သက်ဆိုင်ပါသည်။ နေကြာပင်အမြစ်များမှာ မြေကြီးအောက် ၁.၈ မီတာ (၆-ပေခန့်) အထိ ထိုးဆင်းပြီး ရေစုပ်ယူနိုင်ပါသည်။

နေကြာသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်လျှင် ရေအသုံးချမှုကို အကျိုးရှိစွာ အသုံးချနှိုင် စွမ်းနည်းသောသီးနှံ (Inefficient User of water – WUE Water Use Efficiency) ဖြစ်ပါသည်။ အပင်အခြောက် အလေးချိန် တစ်ဂရမ်ရရန် ရေသည် နေကြာတွင် ၅၇၇-ဂရမ်၊ ပြောင်း ဖူး ၃၄၉-ဂရမ်၊ နှံစားပြောင်း ၃၀၄-ဂရမ်၊ လူးဆပ် ၂၆၇-ဂရမ် လိုအပ်သည်ကို တွေ့ရသည်။

နေကြာဆီ သည် ကိုယ်လက်စထရော (Colestrol) နည်းသဖြင့် လူတို့ကျန်းမာရေးအတွက် စားသုံးသင့်သော စားသုံးဆီ ဖြစ်ပါသည်၊ အနောက်နိုင်ငံများတွင် အများဆုံးစားသုံးသော စားသုံးဆီ (Edible Oil) ဖြစ်ပါသည်။ နေကြာဆီနှင့်ကြော်လျှင် ဆီလျော့နည်းမသွားဘဲ ကြာရှည်စွာ ကြော်လှော်နိုင်သဖြင့် ‘အကြော်ခံဆီ’ ဟူ၍လည်း ခေါ်ပါသည်၊

ဟင်းချက်ဆီများတွင်တော့ အကောင်းဆုံးက ဟေဇယ်အခွံမာသီးဆီ (Hazelnut Oil)၊  သံလွင်ဆီ  (Olive Oil) တို့ ထိပ်ဆုံးမှ ရှိကြပြီး မြန်မာနိုင်ငံတွင် တော့ အလွန် ဈေးကြီးလှပါသည်၊ 

နေကြာဆီ ကောင်းကျိုးများမှာ -

(က) မီးခိုးထွက်အပူချိန်များခြင်း (High Smoke Point) ၂၂၇-ဒီဂရီ ဆဲလ်စီယာဒ် အထိအောင် အပူဒဏ်ခံနိုင်ပါသည်။ အပူချိန်များချိန်မှာ အဆိပ်ဖြစ်စေသောဓာတ်များ (Harmful Compounds) လည်း မထုတ်လွတ်ပါ။

(ခ) သဘာဝအနံ့ရှိပြီး၊ အနံ့မဆိုးခြင်း (Neutral Flover) ချက်ပြုတ်နေစဉ်လည်း အနံ့ဆိုးများ မထွက်ပါ။ သို့ဖြစ်ပါ၍ နေကြာဆီနှင့် ချက်သော မုန့်များမှာ အနံ့မွှေးပါသည်။

(ဂ) နှလုံးသွေးကြောဆိုင်ရာ ကျန်းမားရေးနှင့် မညီသော အဆီဓာတ်နည်းခြင်း (Heart-Healthy Fats) ပြည့်ဝဆီ (Saturated Fats) နည်းပြီး ကျန်းမာရေးအတွက်ကောင်းမွန်သော ပေါ်လီမပြည့်ဝဆီ (Poly-unsaturated Fats) များစွာပါရှိပါသည်။

(ဃ) ဗိုက်တာမင် အီးဓာတ်ကြွယ်ဝခြင်း (Rich in Vitamin-E) အလွန်ကောင်းသော အောက်ဆီဂျင်မဲ့ဓာတ်ပြုပစ္စည်း (Antioxidant) ဗီတာမင်-အီး ပါဝင်ပါသည်၊

(င) ဆီပုံသဏ္ဌာန်အပျော့ (Light Texture) ဖြစ်ခြင်းကြောင့် ပေါင်မုန့်၊ ကိတ်မုန့်ဖုတ် ရာတွင် မျက်နှာပြင်ချောမွေ့စေရန် အသုံးပြုရပါသည်၊

(စ) အကြော်ခံခြင်း (Versatile for Cooking) အကြော်၊ အကင်၊ ချက်ပြုတ်ရာတွင် အားလုံးသုံးနိုင်သော ဆီဖြစ်ပါသည်၊

(ဆ) သက်တန်းကြာရှည်စွာသိုလှောင်နိုင်ခြင်း (Long Shelf Life) အခြားဆီများထက်စာလျှင် အေး၍၊ အလင်းရောင်နည်းသော နေရာများတွင် သိုလှောင်ထားပါက ကြာရှည်စွာ သိုလှောင်နိုင်ပါသည်။ တစ်နည်းအားဖြင့် ဆီဂျီးစော်မနံပါ။

(ဇ) စီးပွားရေးအရ တွက်ချေကိုက်ခြင်း (Economical Option) နေကြာဆီ၏ တစ်ပိဿာဈေးနှုန်းမှာ အခြားဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးချိုပါသည်။

ပုံ - ၃ သီးနှံဆီများ၏ပြည့်ဝဆီ၊ မပြည့်ဝဆီများ 

နေကြာစေ့သိုလှောင်ရာတွင် အခြားသီးနှံများထက်စာလျှင် ပေါ့ပါး၍ သိုလှောင်ရ လွယ်ကူပါသည်။ အစိုဓာတ် ၉.၅-ရာခိုင်နှုန်း အောက်တွင်သိုလှောင်ရပါမည်။ ဆီထွက်သီးနှံအများစုမှာ ဆီနှင့် ပရိုတင်းဓာတ်များစွာ ပါဝင်နေ၍ စပါး၊ ပြောင်းဖူးစသည့် နှံစားသီးနှံများထက် အစိုဓာတ်နည်းအောင် အခြောက်ခံပြီးမှ သိုလှောင်ရပါမည်။ နေကြာစေ့များ အစိုဓာတ် ၁၁-ရာခိုင်နှုန်းလောက် ရှိနေပြီဆိုလျှင် မျိုးစေ့များ မှိုတက်ပြီး အညှောက်ပေါက် ရာခိုင်နှုန်း သိသာစွာ ကျဆင်းသွားပါလိမ့်မည်၊

ဇယား - ၃ သုတေသနဌာနများမှ နောက်ဆုံးထုတ် နေကြာမျိုးများ -

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Carter, J.F. (1978) Sunflower Science and Technology. American Society of Agronomy. 505p.

Mandal, B.C. (2008) Manual on Major Oilseed Crops of Myanmar. FAO 78p.

Wijnands, H.M., Biersteker, J., Hagerdoorn, L.F. and Louisse, J. (2014) Business Opportunities and Food Safety of the Myanmar Edible Oil Sector. LEI Wageningen UR, The Netherlands. 96p.

ထွန်းဆိုင်, ဒေါက်တာ နှင့် ခင်မာမာနွယ် (၂၀၁၁) နေကြာစိုက်ပျိုးရေး၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ပညာရှင်အဖွဲ့၊ ၁၀၃-မျက်နှာ

 (ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူးနယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုးမွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊  ဒေါ်ခင်မာမာနွယ် (ညွန်မူး - ငြိမ်း)၊ ဒေါက်တာမောင်မောင်တာ (ညွန်မူး - ငြိမ်း)၊ ဒေါက်တာခင်မျိုးဝင်း၊ ဌာနစု တာဝန်ခံ၊ ဆီထွက်သီးနှံဌာနစု၊ စိုက်ပျိုးရေးသုတေသနဌာန၊ ရေဆင်း တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

(ဒေါက်တာမျိုးကြွယ်)

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်