အာဟာရစုံပါဝင်သည့် တီကျစ်စာမြေဆွေး ထုတ်လုပ်နည်း

28/08/2024 10:44 AM တွင် ဒေါက်တာစန်းလှထွေး ဒေါက်တာစန်းလှထွေး မှ ရေးသား

သီးနှံစိုက်ပျိုးရေးတွင် သီးနှံပင်များ ကျန်းမာရှင်သန်ကြီးထွားပြီး အထွက်နှုန်း ကောင်းစေရန်အတွက်  စိုက်ပျိုးမြေဆီလွှာတွင် လိုအပ်သောအာဟာရဓာတ်များ ပြည့်စုံရမည့်အပြင် မြေဆီသြဇာ ထက်သန်ရန်လည်း လိုအပ်သည်။ မြေဆီသြဇာထက်သန်သောမြေအမျိုးအစားများတွင် သစ်ဆွေးဓာတ်များ ကြွယ်ဝပြီး၊ ရေထိန်းသိမ်းနိုင်စွမ်းကောင်းမွန်ကာ ရေသွင်းရေထုတ် ပြုလုပ်ရန် လွယ်ကူသည့်အပြင် အဏုဇီဝသက်ရှိများနှင့် တီကောင်များ များပြားစွာ ရှိသည်။

သုတေသနတွေ့ရှိချက်များအရ မြေတစ်ပေပတ်လည်တွင် တီကောင် ၁၀ ကောင်မှ ၅၀ ကောင် ရှိသည့် မြေယာသည် သီးနှံစိုက်ပျိုးရေးအတွက် အလွန်ကောင်းသော မြေဆီလွှာမျိုးဖြစ်သည်။

တီကောင်မှ စွန့်ထုတ်သော တီကျစ်စာတွင် ဖော့စဖိတ်၊ ပိုတက်ရှ်၊ နိုက်ထရိုဂျင်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်ဓာတ်များ များစွာ ပါဝင်သည်။   ရိုရိုးမြေနှင့် နှိုင်းယှဉ်ပါက   နိုက်ထရိုဂျင်ပါဝင်မှု ၅ ဆ၊ ဖော့စဖိတ်ပါဝင်မှု ၈ ဆနှင့် ပိုတက်ရှ်ပါဝင်မှု ၁၀ ဆ ပိုမိုပါဝင်သည်။ အပင်မှအာဟာရဓာတ်များ စုပ်ယူနိုင်စွမ်းလည်း ပို၍ ကောင်းမွန်သည်။  ထို့အပြင် အကျိုးပြု အဏုဇီဝသက်ရှိများလည်းပို၍ များပြားစွာ ပါဝင်သည်။ သာမာန် စိုက်ခင်းများနှင့် သစ်တောများတွင် တီကောင်များမရှိပါက သစ်ရွက်များနှင့် ပင်ကြွင်းပင်ကျန်များ ဆွေးမြေ့ရန် ၁ နှစ်မှ ၂ နှစ်ထိ ကြာသော်လည်း တီကောင်များရှိပါက သစ်ရွက်များနှင့် ပင်ကြွင်းပင်ကျန်များကို ၃ လအတွင်းတွင် ဆွေးမြေ့ပြီး မြေဆီသြဇာ ထက်သန်ကာ သစ်ဆွေးဓာတ်ကြွယ်ဝသော မြေဆီလွှာကို ဖြစ်လာသည်။

ထို့ကြောင့် လယ်ယာထွက် စွန့်ပစ်ပင်ကြွင်းပင်ကျန်များ၊ တိရစ္ဆာန်ထွက် စွန့်ပစ်ပစ္စည်းများ၊ မီးဖိုချောင်ထွက် အမှိုက်များကို အသုံးပြုပြီး သီးနှံစိုက်ပျိုးရေးအတွက် အာဟာရဓာတ်ပေါင်းစုံ ပေးစွမ်းနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေဘဲ ဂေဟစနစ်ကို ကောင်းမွန်စေ သော သဘာဝမြေဆွေး တီကျစ်စာကို  ကုန်ကျစရိတ် အနည်းဆုံးဖြင့် တစ်နိုင်တစ်ပိုင် ထုတ်လုပ် သုံးစွဲသင့်သည်။ 

ဂေဟစနစ်အရ တီကောင်အမျိုးအစားကို  အုပ်စုကြီး  ၃ မျိုး ခွဲခြားနိုင်သည်။ ပထမ အုပ်စုမှာ  မြေကြီးနှင့်အမှိုက်စားသောတီအမျိုးအစားဖြစ်ပြီး မြေကြီးထဲတွင်နေကာ ထောင်လိုက်သွားသော အက်နက်ဆစ် ( Anecic )အုပ်စု ဖြစ်သည်။ ဒုတိယအုပ်စုမှာ မြေကြီးအတွင်း၌ နေပြီး မြေကြီးကိုသာ စားကာ ဘေးတိုက်သွားသော အင်န်ဒိုဂျက်အစ် (Endogeic ) အုပ်စု ဖြစ်သည်။ တတိယအုပ်စုမှာ သဘာဝ ပင်ကြွင်းပင်ကျန်အမှိုက်များအတွင်း၌နေပြီး စားသုံး သော အက်ပီဂျက်အစ် (Epigeic ) အုပ်စု ဖြစ်သည်။

သုတေသန  လေ့လာချက်များအရ ကမ္ဘာပေါ်တွင် တီကောင်အမျိုးအစားပေါင်း (၉၀၀၀) ကျော်ရှိသည်။ တီကောင်များ၏ အရွယ်အစားမှာလည်း ၀.၅ လက်မ မှ ၂၂ ပေ ထိ အရှည် ရှိသည်။ တီကောင်၏သဘာဝမှာ သွေးအေးသတ္တဝါဖြစ်ပြီး တီကောင်တစ်ကောင်ထဲမှာပင် အဖို၊ အမနှင့် အင်္ဂါစုံ ပါဝင်သည်။  အရေပြားဖြင့်သာ အသက်ရှူပြီး  အဆုပ်မပါဝင်ပါ။ တီကောင်သည် အစိုဓာတ် ကြိုက်နှစ်သက်သော သတ္တဝါဖြစ်ပြီး ၂၄ နာရီကြာအောင် အရေပြားခြောက်သွေ့ပါက သေဆုံးနိုင်သည့်အပြင် အလင်းရောင်ကို တစ်နာရီကြာသည်ထိ ထိတွေ့ပါက သေဆုံးနိုင်သည်။ တီကောင်တစ်ကောင်သည် မိတ်လိုက်ပြီး  ၂ ရက်ကြာလျင် မျိုးပွားပြီး ဥ အုသည်။ ဥမှအကောင်ပေါက်ရန် ၁၈  ရက်မှ  ၂၀ ရက် ကြာပြီး အရွယ်ရောက်၍ ကျန်းမာသန်စွမ်းသော တီကောင်တစ်ကောင်သည် ၇ ရက်မှ ၁၀ ရက်လျှင်  တစ်ကြိမ်  အကောင် ၂ ကောင်မှ ၄ ကောင် ပေါက်ပွားနိုင်သော ဥ တစ်ဥကို အုသည်။ တစ်လလျှင်  ၎င်းကဲ့သို့သော ဥမျိုး  ၃ ဥ အုသည်။ အကောင်ကြီးဖြစ်ရန် ရက်ပေါင်း ၅၀ မှ ၇၆ ရက်သာ ကြာမြင့်၍ တစ်နှစ်တာအတွင်း တီကောင်များမြောက်များစွာ ပေါက်ပွားပြီး တီကျစ်စာကို များပြားလုံလောက်စွာ ထုတ်လုပ်ပေးနိုင်သည်။

သဘာဝတီကျစ်စာ မြေဆွေးထုတ်လုပ်ရန် အသုံးပြုရမည့်တီအမျိုးအစားမှာ အက်ပီဂျက်အစ် (Epigeic ) အုပ်စုဖြစ်သည့် red wiggler ခေါ် တီနီအမျိုးအစားကို မွေးမြူ၍ ထုတ်လုပ်ရမည် ဖြစ်သည်။

တီကျစ်စာ မြေဆွေးထုတ်ယူမည်ဆိုပါက တီကောင်ကြိုက်နှစ်သက်သော အစားအစာများကို ကျွေးမွေးရန် လိုအပ်သည်။ တီကောင် ကြိုက်နှစ်သက်သော အစားအစာများမှာ မီးဖိုချောင် ထွက်စွန့်ပစ် ပစ္စည်းအမျိုးမျိုး၊ ကော်ဖီနှင့် လက်ဖက်ရည်ဆိုင်များမှ စွန့်ပစ်လက်ဖက်ခြောက်ဖတ်များ နှင့် ​ကော်ဖီအနည်အနှစ်များ ၊ စိုက်ပျိုးရေးခြံထွက် ပင်ကြွင်းပင်ကျန်များ၊ သစ်ရွက်စို သစ်ရွက်ခြောက်များနှင့် မြင်းချေး၊ နွားချေး၊ ဆိတ်ချေး စသည့် တိရစ္ဆာန်များ၏ စွန့်ပစ်အညစ်အကြေးများဖြစ်သည်။ ၎င်းအပြင် သတင်းစာ၊ စာရွက်နှင့် ကဒ်ထူစက္ကူများကိုလည်း ကျွေးမွေးနိုင်သည်။ တီကောင်တစ်ကောင်သည် ကိုယ်အလေးချိန်၏ ပမာဏတစ်ဝက်ရှိသော အစာကို တစ်ရက်အတွင်း ကုန်အောင် စားသုံးသည်။ 

သဘာဝ တီကျစ်စာ မြေဆွေး ထုတ်လုပ်ရာတွင် red wiggler ခေါ် တီနီအမျိုးအစား တီကောင်များကို မိမိစိုက်ခင်းအတွင်းတွင် ကိုယ်တိုင်စုဆောင်း၍ ဆောင်ရွက်နိုင်သည်။ ကုန်ကျစရိတ် အနည်းဆုံး ဖြင့် red wiggler ခေါ် တီနီအမျိုးအစား တီကောင် များကို   စုဆောင်း ရာတွင် အောက်ခြေနှင့်ဘေးပတ်လည်တွင် အပေါက်ဖောက်ထားသော ပုံး တွင်  ခြံထွက် အမှိုက်စိုများ  ထည့်ပြီး ဖမ်းယူ စုဆောင်းနိုင်သည် ။ တီကောင် ဖမ်းယူ စုဆောင်းရာတွင် စိုက်ခင်း၊ စိုက်ဘောင် များ၏ ထောင့် ၄ ထောင့် တွင် ကျင်းတူး၍ အပေါက်ဖောက်ထားသော ပုံးကို မြှုပ်နှံပြီး ပုံးထဲသို့ တီကြိုက်တတ်သော အစာများနှင့် အမှိုက်စိုများထည့်ပြီးလျှင်  ၎င်းအပေါ်မှ မြေဆွေးပါးပါးဖုံး ပြီး ရေလောင်း၍  အစိုဓာတ်မပြတ်စေရန်  ဂရုပြု ဆောင်ရွက်ပါက ၂ လ ခန့် ကြာလျှင် တီကောင်များသည် ပုံးထဲသို့ ရောက်ရှိလာပြီး ၎င်းတီများဖြင့် သဘာဝမြေဆွေး တီကျစ်စာ ကို ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။

သဘာဝမြေဆွေး တီကျစ်စာ ထုတ်လုပ်ခြင်းကို  စနစ်တကျ အဆင့်ဆင့် ထုတ်လုပ်နိုင်သည်။ လုပ်ငန်းအရွယ်အစား ပမာဏ အနည်းငယ်ဖြင့် ပထမဆုံး စတင်သင့်သည်။ အတွေ့အကြုံ နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိပြီးမှသာ လုပ်ငန်း တိုးချဲ့သင့်သည်။

တီကျစ်စာ ထုတ်လုပ်ရာတွင် အုတ်ကန် ၊ လေးထောင့်ပုံး သို့မဟုတ် ပုံးဝိုင်းများဖြင့် ထုတ်လုပ်နိုင်သည်။ တီကျစ်စာထုတ်လုပ်မည့် ကန်အရွယ် အစားမှာ အမြင့် ၁၂ လက်မမှ ၁၈ လက်မ၊ အနံ ၃ ပေ၊ မိမိဆောင်ရွက်နိုင်သည့် သင့်တင့် လျောက်ပတ်သော အလျား ဖြင့် ပြုလုပ်နိုင်သည်။ စစ်ကျရေ စီးဆင်းနိုင်ရန် ကန်၏အောက် မျက်နှာ ပြင်ကို စောင်းလျှောပြုလုပ်ပြီး အောက်ခြေထောင့်တွင် အပေါက်ငယ် တစ်ပေါက် ဖောက်ရန် လိုအပ်သည်။ ပုံးဖြင့် ထုတ်လုပ်မည် ဆိုပါက ၁၆˝x ၂၄ ˝ x ၈ ˝ ဆိုဒ် ရှိသော လေးထောင့်ပုံး၊   ၁၀ ဂါလံပုံး သို့မဟုတ် ၅ ဂါလံပုံး စသည်ဖြင့် တီကျစ်စာ ထုတ်မည့် ပုံးများကို အသုံးပြု ထုတ်လုပ်နိုင်သည်။ 

တီကျစ်စာ ကောင်းစွာ ထုတ်လုပ်နိုင်ရန်အတွက် တီကောင်များ ရှင်သန်ကြီးထွားရန် မွေးမြူထုတ်လုပ် မည့် ကန်၊ ပုံးများသည် အလင်းရောင် မဖောက်နိုင်ခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ တီကောင်များ၏ စစ်ကျရေ စနစ်တကျ ထုတ်လုပ်နိုင်ခြင်း စသည့် အရည်အသွေး ရှိသင့်သည်။ တီကျစ်စာ ထုတ်လုပ်သော ပုံးများတွင် လေဝင်လေထွက်နှင့် ပိုလျှံသော စစ်ကျရေ ထွက်ရန်အတွက် ပုံးအောက်ခြေတွင် လက်မဝက် အပေါက် ဖောက်ပြီး အပေါ်ပိုင်း ဘေးနံရံတွင်လည်း   လက်မ ဝက် အပေါက်များ ကို ၆ လက်မခြား ၂ တန်း ဖောက်ရန် လိုအပ် သည်။ ပုံးများကို လုံအောင်ဖုံးရန် အပိတ် လိုအပ်သည်။ 

တီကျစ်စာ မြေဆွေး ထုတ်လုပ်ရာတွင် ထုတ်လုပ်မည့် တီကန် သို့မဟုတ် ပုံးများတွင် တီများနားနေခိုအောင်းနေထိုင်ရန် အရည်အသွေး ကောင်းမွန်သော အခင်းများ မဖြစ်မနေ  ပြုလုပ် ထားရှိရန် လိုအပ်သည်။ တီနေထိုင်မည့် အခင်းသည် ကောင်းမွန်စွာ ရှင်သန်နေထိုင်ရေးအတွက် အစိုဓာတ်ထိန်းနိုင်ခြင်း၊  လေဝင်လေထွက်ကောင်းခြင်း၊ တီကောင်ကို အဆိပ်အတောက်မဖြစ်သည့် ပတ်ဝန်းကျင်ကောင်းဖြစ်ခြင်း စသည့် အရည် အသွေးကောင်းများ ဖန်တီးဆောင်ရွက်ရန် လိုအပ်သည်။ ထို့အပြင် အသုံးပြုသော ပစ္စည်းများသည် တီနေထိုင်ရန် အခင်းအဖြစ် သာမက အစားအစာအတွက် အသုံးပြုနိုင် သော ပစ္စည်း ဖြစ်ရမည် ။ တီနေထိုင်ရန် အခင်း ပြုလုပ်ရာတွင် စက္ကူနှင့် သတင်းစာများကို  လက်မဝက် သို့မဟုတ် တစ်လက်မအရွယ် အပိုင်းအစများအဖြစ် ပြုလုပ်ပြီး  ပုံးတွင် ထည့်၍ ရေစိမ်ကာ ရေစိုစွတ်လာလျင် ရေညစ်ပြီး ခပ်ပွပွ ဖြန့်၍ ကန် သို့မဟုတ် ပုံးအခြေတွင် ထည့် ရမည်။ ၎င်းအပေါ်မှ မြေကြီး ၊ မြေဆွေး ခပ်ပါးပါး ဖြူးပါ။စိုက်ခင်းအတွင်းမှ စုဆောင်းရရှိထားသော တီကောင်များကို တီကျစ်စာ ထုတ်လုပ်ရန် ပြင်ဆင်ထားသော ကန်နှင့် ပုံးများတွင် ထည့်ပါ။ ဧရိယာ အကျယ် တစ်ပေပတ်လည်တွင် အကောင် ၁၀၀၀ နှုန်း နှုန်းထားဖြင့် ထည့်ပေးရန် လိုအပ်သည်။

တီများစားရန်အတွက်မူ တီကြိုက်နှစ်သက်သော အစားအစာများကို သေးငယ်နိုင်သမျှ သေးအောင် ပြုလုပ်ပြီး ကျွေးမွေးပါ။ အစာကို တစ်လက်မထု အထူ ထည့်သွင်းကျွေးမွေးပါ။ တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ကျွေးပြီး တီနေထိုင်မည့် အခင်းကိုလည်း အစိုဓာတ် မပြတ်စေရန် လိုအပ်သည်။ အစာကျွေးရာတွင် အကန့်လေးကန့်ခွဲ၍ တစ်ကန့်လျှင် တစ်ကြိမ်  အလှည့်ကျ ကျွေးမွေးသော စနစ်ဖြင့် ဆောင်ရွက်ပါ။ ကျွေးမွေးရမည့် အစာများသည် လတ်လတ်ဆတ်ဆတ်အစာများအစား ဆွေးမြည့်သည့် အစာဖြစ်ရန် လိုအပ်သည်။ ကျွေးမွေးသည့်  အစာထည့်ပြီးတိုင်း ၎င်းအပေါ်မှ မြေဆွေးပါးပါး ဖုံးအုပ်ပါ။  အစာများအပေါ်မှ သတင်းစာ စက္ကူအစိုများကို ဖြန့်၍ ပြန်ဖုံးပါ။ အပေါ်ဆုံးတွင် သတင်းစာနှင့် ကဒ်ထူစက္ကူ အခြောက်များကို လုံအောင် ဖြန့်ခင်း ဖုံးအုပ်ပါ။

သဘာဝမြေဆွေး တီကျစ်စာထုတ်ယူရာတွင်  ကျွေးထားသောအစာများမကျန်တော့ သည့်အချိန်နှင့်  စတင်မွေးမြူဆောင်ရွက်ချိန်မှ  တစ်လခွဲမှနှစ်လကြာချိန်တွင် ထုတ်ယူနိုင်သည်။ တီကျစ်စာကို မွေးမြူထားသော တီများမှ ခွဲခြား၍ တီကြိုက်နှစ်သက်သော အစာဖြင့် မျှား၍ ထုတ်ယူခြင်း၊ အလင်းရောင်ပေး၍ ထုတ်ယူခြင်း နှင့် အပုံစုပုံပြီးအပေါ်ယံ သိမ်းဆည်းထုတ်ယူခြင်း နည်းများဖြင့် ဆောင်ရွက်ပါ။

တီကြိုက်နှစ်သက်သော အစာဖြင့် မျှား၍ ထုတ်ယူရာတွင် ထောင့်တစ်ထောင့်တွင် ဖရဲသီး၊ ကျောက်ဖရုံသီးများကို ဖြတ်ပိုင်း၍ ထားပြီး တီကောင်များကို မျှားခေါ် ကျွေးမွေးကာ တီကောင်များမရှိသည့် ကျန်အပိုင်းမှ တီကျစ်စာများကို ထုတ်ယူနိုင်သည်။ အလင်းရောင်ပေး၍ ထုတ်ယူရာတွင် တီကျစ်စာ ထုတ်လုပ်သည့်ပုံး၊ ကန်၏ အဖုံးကို ဖွင့်ပြီး မီးအလင်းရောင် သို့မဟုတ် နေရောင် အောက်တွင် ၁၀ မိနစ်ခန့် ပြထားပါ။ အလင်းရောင်ကြောက်သော သဘာဝရှိသည့် တီကောင်များသည်  ပုံးအောက်ခြေသို့ ရွေ့လျားသွားပြီးနောက် တီကောင်များမရှိတော့သည့် အပေါ်ပိုင်းမှ တီကျစ်စာ များကို ထုတ်ယူပါ။ အပုံစုပုံပြီးအပေါ်ယံသိမ်းဆည်းထုတ်ယူရာတွင် ပုံး၊ ကန်ထဲမှ တီကျစ်စာမြေဆွေးများကို စားပွဲခုံ သို့မဟုတ် အခင်း တစ်ခုခု ပေါ်သို့  ထုတ်ယူ၍ သွန်ချကာ တောင်ပို့ပုံစံငယ်  အပုံ ပြုလုပ်ပြီး ၁၀ မိနစ်ခန့် ထားပါ။ အလင်းရောင်ကြောက်တတ်သော  သဘာဝရှိသည့် တီများ  အောက်ခြေသို့ ပြောင်းရွေ့သွားပြီးနောက် အပုံ၏အပေါ်ပိုင်းရှိ တီကောင်များ မရှိတော့သည် တီကျစ်စာမြေဆွေးများကို  ဖြည်းဖြည်းချင်း အကြိမ်ကြိမ် စုယူ သိမ်းဆည်းပါ။

ထုတ်ယူပြီးသော တီကျစ်စာ မြေဆွေးများသည် အာဟာရတန်ဖိုးမြင့်မားပြီး အကျိုးပြုအဏုဇီဝများ ကောင်းမွန်စွာ အသက်ရှင် နေထိုင်နိုင်ရန်အတွက် စနစ်တကျ သိုလှောင်သိမ်းဆည်းရန် အထူးလိုအပ်သည်။ သိမ်းဆည်းရာတွင် အေး၍ ခြောက်သွေ့ပြီး နေရောင်ခြည် တိုက်ရိုက် မထိတွေ့စေဘဲ အလင်းရောင် မဝင်ရောက်နိုင်သော အခန်းတွင်းတွင် သိုလှောင် သိမ်းဆည်းရန် လိုသည်။ ၎င်းအပြင် တီကျစ်စာ မြေဆွေးကို  အစိုဓာတ်မပြတ်စေရန် အမြဲဂရုပြု ဆောင်ရွက်ရန် လိုအပ်သည်။ တီကျစ်စာ ခြောက်သွေ့သွားပါက ရေပါးပါး ဖြန်းရန်လိုသည်။ တီကျစ်စာ မြေဆွေးကို အစိုဓာတ် ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းအတွင်း ထားရှိပါက  တစ်နှစ်အထိ အရည်အသွေးမပျက် ထိန်းနိုင်သည်။

သဘာဝမြေဆွေး တီကျစ်စာ တွင် အော်ဂဲနစ်ကာဘွန် ၉.၁၅ - ၁၇.၉၈ %၊ နိုက်ထရိုဂျင် ၁.၅ -၂.၁ % ၊ ဖော့စဖရပ်စ် ၁.၀ -၁.၅ %၊ ပိုတက်စီယမ် ၀.၆ %၊ ကယ်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ၂၂ - ၇၀ meq /၁၀၀ ဂရမ်၊ ဆာဖာ ၁၂၈ - ၅၄၈ ppm၊ ကော့ပါး ၁၀၀ ppm၊ သံဓာတ် ၁၈၀၀ ppm နှင့် သွပ်ဓာတ် ၅၀ ppm  စသည့် အာဟာရဓာတ်များ ပြည့်စုံစွာပါသည်။

သဘာဝမြေဆွေး တီကျစ်စာကို  တီကျစ်စာသဘာဝမြေသြဇာအနေဖြင့်လည်းကောင်း၊  တီကျစ်စာ အာဟာရရည်အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ တီမြေဆွေးကို မျိုးစေ့ပျိုးထောင်ခြင်း၊ အပင်ခြေတွင် ထည့်သွင်းခြင်း နှင့်  ပျိုးခင်း၊ စိုက်ခင်းများတွင်   စပ်မြေအဖြစ် သုံးနိုင်သည်။  တီကျစ်စာအာဟာရရည်ကို ရွက်ဖျန်း အားဆေးအဖြစ်အပြင်  မြေကြီးအတွင်းသို့  တိုက်ရိုက်ထည့်သွင်း သုံးနိုင်သည်။ တီကျစ်စာ သဘာဝမြေသြဇာကို သီးနှံပင်များအားလုံးတွင်  သက်တမ်းတလျှောက် အချိန်ကာလ မရွေးသုံးနိုင်သည်။

အသုံးပြုရမည့် နှုန်းထားများမှာ  လယ်ယာသီးနှံတွင် တစ်ဧကလျှင် ၂ တန်မှ ၂.၅ တန်နှုန်း၊   ဟင်းသီးဟင်းရွက် တစ်ဧကလျှင် ၄ တန်မှ ၄.၅ တန်နှုန်း၊ ပန်းမာန်စိုက်ခင်းများတွင် တစ်ပေပတ်လည်တွင်  ၁၀၀ ဂရမ်မှ  ၂၀၀ ဂရမ်နှုန်း၊ သစ်သီးပင်များတွင် တစ်ပင်လျှင်  ၅  ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်နှုန်းဖြင့် သုံးစွဲနိုင်သည်။ တီကျစ်စာအာဟာရရည် ပြုလုပ်ရန်အတွက် တီကျစ်စာမြေဆွေးတစ်ခွက်ကို ရေ တစ်ဂါလံနှင့်  ရော၍ မွှေကာ တစ်ည နှပ်ထားပြီးနောက် အရည်ကို စစ်ယူပြီး စိုက်ခင်းများတွင် လတ်ဆတ်သော တီကျစ်စာအာဟာရရည် အဖြစ်  အာဟာရရည်  တစ်ဆကို  ရေ ၁၀ဆရော ပြီး သုံးနိုင်သည်။ 

အချုပ်ဆိုရသော် ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာပြီး  အထွက်နှုန်းမြင့်မားသော သီးနှံများ ထုတ်လုပ်နိုင်ခြင်းအပြင် ရေရှည်တည်တံပြီး  မြေဆီဩဇာထက်သန်သော မြေဆီလွှာများကို ဖန်တီးပေးနိုင်သည့် သဘာဝတီကျစ်စာမြေဆွေးကို တစ်ပိုင်တစ်နိုင်  ထုတ်လုပ်သုံးစွဲရန် တိုက်တွန်းအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်