ယနေ့ နံနက်ကစပြီး အားကောင်းလာတဲ့ အရှေ့မြောက်မုတ်သုန်လေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေများ

12/11/2023 15:23 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် ရရှိသည့် မိုးလေဝသဒေတာများအရ

**ကပ္ပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်လာနိုင်သည့်အခြေအနေ**

ECMWF Model မှ ရရှိသည့် အချက်အလက်များမှာ ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းဟာ ထိုင်းပင်လယ်ကွေ့မှာ နိုဝင်ဘာ ၁၂ ရက် နံနက် ၂ နာရီခန့်က စတင်ဖြစ်ပေါ်ပြီး အနောက်ဘက်ကိုဆက်လက်ရွေ့လျားကာ ဖူးခက်မြို့ပေါ်မှဖြတ်၍ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းကို နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းမှာ စတင်ဝင်ရောက်လာမှာဖြစ်ကြောင်း၊ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီးတဲ့နောက် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းမှာရောက်ရှိလာပြီးတဲ့နောက် အားပိုကောင်းလာပြီး အနောက်-အနောက်မြောက်ကိုဆက်လက်ရွေ့လျားနိုင်ကြောင်း ကနဦးလမ်းကြောင်းခန့်မှန်းချက်များမှာတွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းရောက်ရှိပြီးတဲ့နောက် လေဖိအားနည်းရပ်ဝန်းအနေနဲ့ဆက်ရှိမလား၊ အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်အထိရောက်လာနိုင်မလားဆိုတာကိုတော့ဆက်ပြီး စောင့်ကြည့်ရပါမယ်။

**ဖြစ်ပေါ်ခဲ့သည့်မိုးလေဝသအခြေအနေနှင့် ဖြစ်လာနိုင်သည့် မိုးလေဝသအခြေအနေများ**

ထိုင်းပင်လယ်ကွေ့မှာလေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်တဲ့ နိုဝင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းကစပြီး အရှေ့-အရှေ့မြောက်လေစီးကြောင်း(အရှေ့မြောက်မုတ်သုံလေ)အားကောင်းလာကာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်းမှာ မိုးသက်လေပြင်းကျပြီး မိုးထစ်ချုန်းရွာခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

**အရှေ့မြောက်မုတ်သုံ(ဆောင်းမုတ်သုံ)အားကောင်းနေမည့်အခြေအနေ**

လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားပင်လယ်အော်ဘက်ကိုဆက်လက်ရွေ့လျားစဉ်ကာလအတွင်း(ခန့်မှန်း နိုဝင်ဘာ ၁၈ ရက်အထိ) အရှေ့မြောက်လေအားကောင်းနေမှာဖြစ်တာကြောင့် မြန်မာနိုင်ငံတောင်ပိုင်း၊ အရှေ့ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းများကျပြီး မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာတွေဟာ မွန်းလွဲ/ညနေပိုင်းအချိန်တွေမှာ ဖြစ်လာနိုင်ပါတယ်။ 

မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျောက်မှာတော့ ၁၄ ရက် ၁၇ ရက် နဲ့ ၁၈ ရက်နေ့တွေမှာ အရှေ့ဘက်က လေပြင်းများတိုက်ပြီး မိုးသက်လေပြင်းကျနိုင်ပါတယ်။ မိုးသက်လေပြင်းကျချိန်မှာ လေတိုက်နှုန်း(GUST)က တနာရီ ၃၅ မိုင်ခန့်အထိရှိနိုင်ပါမယ်၊ လှိုင်းအမြင့်က ၅ ပေခန့်ရှိနိုင်ပါတယ်။

လေဖိအားနည်းရပ်ဝန်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းကို ဆက်လက်ရွေ့လျားနိုင်မဲ့ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပြီး နေရာအလိုက် မိုးများတာတွေဖြစ်နိုင်ပါတယ်။ လေဖိအားနည်းရပ်ဝန်းလမ်းကြောင်းနဲ့ အင်အားအခြေအနေကိုဆက်လက်စောင့်ကြည့်တင်ပြပေးနေပါမယ်။

Photo - ဦးဝင်းနိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်