တစ်ပတ်အတွင် ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

07/09/2018 16:07 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“မလေးရှားရော်ဘာသာမရှိပါက ကမ္ဘာ့လူဦးရေတိုးတက်မှူဟာ မထိန်းချုပ်နိုင်ပဲ ထိုးတက်သွားမယ်” လို့ ဒေါက်တာ မဟာသီယာ မိုဟာမက်က ၂၀၁၈ အပြည်ပြည်ဆိုင်ရာ ရော်ဘာလက်အိတ် ၉ ကြိမ်မြောက်ညီလာခံမှာ ပေါ့ပေါ့ပါးပါး ပြောဆို ပြက်လုံးထုတ်လိုက်ပါတယ်။ ဝန်ကြီးချုပ်က မလေးရှားရဲ့ ရှင်သန်နေတဲ့ ရော်ဘာကုန်ထုတ်လုပ်ငန်းဟာ အများ ကြီး အထောက်အပံ့ဖြစ်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကိုသာမကဘူး၊ လူ့ဘောင်လောကကိုပါ အထောက်အပံ့ ဖြစ်နေ တာပါလို့ သူကဆိုတယ်။

" ရော်ဘာလက်အိတ်တွေဟာ လူတွေအများကြီးမွေးမလာအောင်တားဖို့ အလွန်အရေးပါတယ်လို့ ပေါ့ပေါ့ပါးပါး ပြောသွား ပါတယ်။

" ကွန်ဒုံးမရှိတဲ့ကမ္ဘာ ဆိုတာကို စိတ်ကူးယဉ်ကြည့်ပါ။ အခုကမ္ဘာ့လူဦးရေဟာ ၇ ဘီလီယံကျော်ပြီဆိုရင်၊ မကြာခင်မှာ ၁၀ ဘီလီယံ ဖြစ်သွားမယ်။ ဘာကြောင့်ဆို သန္ဓေတားဖို့ဆိုတဲ့ နည်းလမ်းမရှိတော့ဘူးလေ။”

" ဒါကြောင့်ပြောတာပေါ့၊ ကျနော်တို့ရော်ဘာဟာ လူ့လောကအတွက် မဟာတာဝန်ကြီးကို ထမ်းဆောင်နေပါတယ်လို့" ပရိတ်သတ်ဆီက ရယ်သံလက်ခုပ်သံတွေကို ရယူ ပြောကြားသွားပါတယ်။ မလေးရှားတို့က ရော်ဘာကိုကုန်ကြမ်းအဖြစ် တင်ပို့မရောင်းချင်ကြတော့ဘူး။ သူတို့တိုင်းပြည်ထဲက ထွက်တဲ့ရော်ဘာကုန်ကြမ်းကို  value added လုပ်ပြီး တိုင်ယာတို့၊ ရော်ဘာလက်အိတ်တို့ ကွန်ဒုံးတို့၊ မော်တော်ယာဉ်နဲ့ အင်ဂျင်နီယာလုပ်ငန်းသုံး ပစ္စည်းအစိတ်အပိုင်းတို့လို ကုန်ချော အဖြစ်ထုတ်လုပ် ဖြန့်ချိဖို့ စတင်လုပ်နေကြပြီဆိုတာကို ပြောချင်တာပါ။ ဒီလိုကုန်ချောထုတ်စက်ရုံတွေဖြစ်လာရင် အလုပ်အကိုင်သစ်နေရာများစွာကိုလည်း ဖန်တီးနိုင်မှာပါ။ 

နိုင်ငံတကာဈေးကွက်ကို မှီခိုနေစရာမလိုဘူး။ နိုင်ငံတကာပေါက်ဈေးက နည်းနေရင်တောင်မှ ကိုယ့်ပြည်တွင်းရော်ဘာကို ထုတ်လုပ်မှုစားရိတ်ထက်ပိုတဲ့ဈေးနဲ့ အစိုးရကသော်လည်း ကျားကန်ဝယ်ပေးပြီး ပြည်တွင်းစက်ရုံတွေမှာ ကုန်ချောထုတ် လို့ ရနေတယ်မဟုတ်လား။ ရော်ဘာထုတ်ကုန်ပစ္စည်းကလည်း အမှန်အကန်လိုအပ်နေတာချည့်ပဲ။ သူတို့မှာ R&D ကလည်းကောင်းတော့ Rubberized Bitumen ရော်ဘာရောကတ္တရာနည်းပညာလည်း ကောင်းလာတယ်။ ပိုနေတဲ့ ရော်ဘာကို လမ်းခင်းလိုက်နိုင်တယ်။ ကျနော်တို့လည်း ကုန်ကြမ်းပို့နေတာထက် တိုင်းပြည်တွင်းမှာပဲ ကုန်ချောထုတ်ဘို့ downstream ဘက်လိုက်ဖို့ လိုနေပြီလို့ထင်တယ်။

နောက်တစ်ချက်က ရော်ဘာဈေးနှုန်းက အနိမ့်ပိုင်းမှာ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားတယ်ဆိုတဲ့ ကိစ္စ။ မလေးရှား ရော်ဘာဘုတ်အဖွဲ့ကပဲ ခန့်မှန်းတာ။ သူတို့မှန်းတာက ၂၀၂၃ အထိ ရော်ဘာရောင်းလိုအား အလွန်များနေမယ်။ ဒီတော့ ၂၀၂၃ အထိ ရော်ဘာဈေးက အနိမ့်ပိုင်းမှာပဲ ဆက်ရှိနေမယ်ဆိုတာပါ။ International Rubber Study Group က ၂၀၂၃ အထိ သဘာဝရော်ဘာ တန် ၂ သန်း ပိုလျှံနေမယ်လို့ ခန့်မှန်းထားတယ်။ ဒါကိုကုစားဘို့ ရော်ဘာအင်အားကြီးတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးတို့က ပို့ကုန်လျှော့ချတဲ့နည်း၊ အထွက်လျှော့တဲ့နည်းတွေနဲ့ ကြိုးစားနေကြတယ်။ မလေးတို့ ထိုင်းတို့က ထိန်းနိုင်ပေမယ့် အင်ဒိုက သူရဲ့ အငယ်စားလုပ်ငန်းတွေကို ထိန်းမနိုင်ဘူးဖြစ်နေတယ်။ တစ်ခါ အမြောက် အများမဟုတ်တဲ့ ရော်ဘာထွက်နိုင်ငံတွေလည်း တိုးလာနေတယ်။ အထူးသဖြင့် အနောက်အာဖရိကနိုင်ငံတွေ။ သူတို့ရဲ့ အထွက်ကလည်း တိုးလာနေတယ်။ အိုင်ဗရီကို့သ်ဆိုရင် ၂ နှစ်ကို ၂ ဆ တိုးထွက်လာနေတဲ့ နှုန်းရှိတယ်။ ဒီတော့ အထွက် လျှော့ဖို့ဆိုတာ သိပ်မအာင်မြင်နိုင်ဘူး။ ဒီနိုင်ငံငယ်တွေရဲ့ ထုတ်လုပ်စားရိတ်ကနည်းတော့ အခုလို အကျဈေးနဲ့လည်း သူတို့ကိုက်နေတော့။ ဆက်ထုတ်နေကြမှာပဲ။ 

ကမ္ဘာ့ရော်ဘာဈေးကွက်အခြေအနေကို ကြည့်ရအောင်။ တိုကျိုရဲ့ စံရော်ဘာဈေးဟာ တနင်္လာနေ့မှာ ၂ ပတ်နီးပါးအတွင်း အနိမ့်ဆုံးဈေးနဲ့ ပိတ်သွားတယ်။ ရှန်ဟိုင်းရော်ဘာဈေးထိုးကျခြင်းရဲ့ ဖိအားကို ခံလိုက်ရတာပါပဲ။ တိုကျိုရဲ့ TOCOM ဈေးကွက်မှာ ရော်ဘာဈေးဟာ ပြီးခဲ့တဲ့လကရောက်ခဲ့တဲ့ ၂၂ လအတွင်းအနိမ့်ဆုံးဈေး အနီးအနားမှာ ဝဲနေပါတယ်။ တရုတ်မှာ ရော်ဘာစတော့တွေ ပုံတက်များပြားလာနေလို့ပါတဲ့။ ဘယ်လောက်များလာလည်းဆိုရင် ရှန်ဟိုင်းမှ ShFE ရဲ့ စောင့်ကြည့်တဲ့ သိုလှောင်ရုံတွေမှာ အရန်ရော်ဘာတွေဟာ လွန်ခဲ့တဲ့နှစ်ကထက် သုံပုံတစ်ပုံမြင့်တက်လာကာ ၅၅၁၆၃၄ တန်ကိုရောက်နေပါပြီ။

" ဈေးအရွေ့ကို မောင်းနှင်ရာမှာ ရှန်ဟိုင်းဈေးကွက်က နံပါတ် ၁ ပါ။ ရှန်ဟိုင်းမှာ ဈေးရရင် TOCOM လဲ ရှေ့သွားနောက် လိုက်ညီညီ လိုက်ရတာပါပဲ" လို့ ဂျပန်ကုန်သွယ်ရင်းမြစ်ကဆိုတယ်။

တိုကျိုရဲ့ TOCOM မှာ ဖေဖေါ်ဝါရီကန်ထရိုက်ရော်ဘာဈေးဟာ ၄.၆ ယန်းကျကာ ၁၆၉.၁ ယန်း($၁.၅၂)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ စောစောပိုင်းကဆိုရင် ဩဂုတ်လ ၂၁ ရက်နေကတည်းကစတွက်ရင် အနိမ့်ဆုံးဈေးဖြစ်တဲ့ ၁၆၈.၆ ယန်း ဈေးကို ရောက်သွားသေးတယ်။ ရှန်ဟိုင်းကြိုရောင်းကြိုဝယ်ဈေးကွက် ShFE မှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ ဖြစ်တဲ့ ဇန်နာဝါရီမှာ ၄၆၅ ယွမ် သို့မဟုတ် ၃.၇% ကျကာ ၁၁၉၆၅ ယွမ်($၁၇၅၂)/တန်ဈေးနဲ့ ပိတ်သွားတယ်။ စောစောပိုင်းမှာ သူလဲ ၂ ပတ်နီးပါးအတွင်း အနိမ့်ဆုံးဈေးကို ရောက်သွားသေးတယ်။

တိုကျိုစံရော်ဘာဟာ အင်္ဂါနေ့မှာ စောစောပိုင်းဈေးရထားပေမယ့် ၂ ပတ်အတွင်း ဈေးအနိမ့်ဆုံးနဲ့ ပိတ်သွားတယ်။ တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးစစ်ပွဲကို စိုးရိမ်နေတဲ့အတွက် ရှန်ဟိုင်းဈေးကျတယ်။ ရှန်ဟိုင်းအကျနောက် TOCOM လိုက်ကျတယ်။ သမ္မတဒေါ်နယ်ထရမ့်တို့က ဒီအပတ်အတွင်း တရုတ်သွင်းကုန် နောက်ထပ် ဘီလီယံ ၂၀၀ ကိုအကောက်ခွန်ထပ်တိုးမြှင့်လိုက်နိုင်ချေရှိနေတယ်။ ဒါက တရုတ်က အမေရိကန်နဲ့ကုန်သွယ်ရာမှာ တရုတ်ဘက်က အများအပြားပိုနေတာကိုရိုက်ချမယ့် နောက်ဆုံးဒဏ်ခတ်မှုပဲ။ ဒါကို စိုးရိမ်နေတာ။ 

TOCOM မှာ ရော်ဘာဈေးဟာ မနက်ပိုင်းမှာ ဝ.၈% အထိတက်ခဲ့ပေမယ့် မွန်းလွဲပိုင်းမှာတော့ ရှန်ဟိုင်းအကျရဲ့ ဖိအားကို ခံလာရတယ်။ ဒါနဲ့ ဈေးပိတ်ချိန်ကျတော့ ဝ.၃ ယန်းကျပြီး ၁၆၈.၈ ယန်း($၁.၅၁)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ စောစောပိုင်းမှာ ၂ ပတ်အတွင်းအနိမ့်ဆုံးဖြစ်တဲ့ ၁၆၈.၅ ယန်းဈေးကို ရောက်ပြီးမှ ဒီဈေးပြန်ဖြစ်တာပါ။ ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ ဇန်နာဝါရီမှာ ယွမ် ၁၀၀ (ဝ.၈%) ကျပြီး ၁၁၉၇၅ ယွမ်($၁၇၅၃)/တန်ဈေးနဲ့ ပိတ်သွားတယ်။

TOCOM ကန်ထရိုက်ရော်ဘာဈေးဟာ ၅ ရက်မြောက် ဆက်တိုက်ကျပြီး ကြာသပတေးနေ့မှာ တစ်လခွဲနီးပါးအတွင်း အနိမ့်ဆုံးဈေးနဲ့ ပိတ်သွားတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ရဲ့ သွင်းကုန် ဒေါ်လာဘီလီယံ ၂၀၀ ဘိုးကို အကောက်ခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်မှုအသစ်တက်လာပြီးနောက် စီးပွားရေးတိုးတက်လာနေတဲ့အပေါ် စိုးရိမ်နေဆဲမှာ ဈေးကျသွားတာပါ။ 

အမေရိကန်က မည်သည့်အကောက်ခွန်တိုးကောက်ခြင်းကိုမဆို ဆောင်ရွက်မည်ဆိုပါက တရုတ်က လက်တုန့်ပြန်ရပါ့ မယ်လို့ တရုတ်ရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ သတိပေးလိုက်တယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံက အရှိန်ပြင်းထန်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ ဘတပြန် ကျားတပြန်ဖြစ်နေကြတာကိုး။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ထင်ဟပ်တဲ့ တိုကျိုရဲ့ TOCOM ကန်ထရိုက်ရော်ဘာဈေးဟာ ဒေါ်လာနဲ့ယှဉ်တဲ့အခါ မဆိုစလောက်လေးတက်နေတဲ့ ယန်းဈေးရဲ့ ဖိအားကိုခံနေရတယ်။ ဒီတော့ ဂျပန်ငွေကြေး ယန်းနဲ့ ပြဌာန်းထားတဲ့ ကုန် စည်ကို ဒေါ်လာလိုအခြားငွေကြေးနဲ့ ဝယ်တဲ့အခါ ဈေးကြီးသွားတယ်။ ဒါနဲ့ အဝယ်မလိုက်တော့ ဈေးပါကျသွား တော့တယ်။ 

" ကုန်သွယ်ရေးအငြင်းပွားမှု ပို၍ဆိုးရွားလာခြင်းက ရော်ဘာဝယ်လိုအားအပေါ် စိုးရိမ်စရာဖြစ်နေတယ်" ဒါက ဂျပန် ကုန်သွယ်ရေးအရင်းအမြစ်က ဆိုတာ။ 

တိုကျိုရဲ့ TOCOM မှာ ဖေဖေါ်ဝါရီ ကန်ထရိုက်ရော်ဘာဈေးဟာ ဝ.၄ ယန်းကျကာ ၁၆၇.၆ ယန်း($၁.၅၁)/ကီလိုဂရမ် ဈေးနဲ့ ပိတ်ပါတယ်။ ဇူလိုင် ၂၆ ရက်ကတည်းက အနိမ့်ဆုံး အပိတ်ဈေးပါ။ ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်း အများဆုံး ကန်ထရိုက်လ ဇန်နာဝါရီလကန်ထရိုက်ဈေးဟာ ၆၅ ယွမ်(ဝ.၅%) တက်ကာ ၁၂၀၆၀ ယွမ်($၁၇၆၆)/တန်ဈေး နဲ့ ပိတ်သွားတယ်။

ဒီရက်သတ္တပတ်ရဲ့ နောက်ဆုံးရက် သောကြာနေ့အဖွင့်မှာလည်း TOCOM က အကျနဲ့ ဖွင့်ထားပြီး အပိတ်မှာလည်း အကျနဲ့ပါပဲ။ TOCOM မှာက ၁.၇ ယန်းကျကာ ၁၆၅.၉ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်ပြီး၊ ShFE မှာတော့ ၅၅ ယွမ်ကျပြီး ၁၁၉၇၅ ယွမ်/တန်ဈေးဖြင့် ပိတ်ပါတယ်။ ဒီအပတ်တစ်ပတ်လုံး ၅ ရက်ဆက်တိုက် TOCOM ဈေးဟာ အကျကြောမှာ ရောက်သွားပါတယ်။

ညီသွေး


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်