တိရစ္ဆာန်တွေကထွက်တဲ့ မီသိန်းဓာတ်ကို လျှော့ချနိုင်မဲ့ ဆေးပေါ်လာပြီနှင့် ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ

27/02/2023 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

#တရုတ်ကို အမဲသားတင်ပို့မှု ရပ်ဆိုင်းလိုက်ရတဲ့ ဘရာဇီးလ်

တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းထွန်းကားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံက ထုတ်လုပ်တဲ့ ပဲပုတ်ဖတ်နဲ့ အမဲသားကို ကမ္ဘာ့နိုင်ငံအ‌တော်များများကို တင်ပို့ရောင်းချပြီး စီးပွားဖြစ်နေတာပါ။ ဘရာဇီးလ်အမဲသားကို အဓိကဝယ်ယူနေတဲ့ နိုင်ငံတစ်ခုကတော့ တရုတ် နိုင်ငံပါပဲ။ ပြီးခဲ့တဲ့အပတ်ထဲမှာတော့ ဘရာဇီးလ်နိုင်ငံက တရုတ်နိုင်ငံကို အမဲသားတင်ပို့မှုကို ရပ်ဆိုင်း လိုက်ရပါတယ်။ အဓိက အကြောင်းအရင်းကတော့ ဘရာဇီးလ်နိုင်ငံမှာ နွားရူးရောဂါ (BSE) ရောဂါဖြစ်ပွားမှု တစ်ခုကြောင့် ဖြစ်ပါတယ်။ နွားရူးရောဂါဟာ ပရိုင်ယွန်လို့ ခေါ်တဲ့ ပရိုတင်းအသားစကြောင့်ဖြစ်ပွားပြီး လူကိုလည်း ကူးစက်နိုင်တဲ့ ရောဂါတစ်ခုပါ။ 

ဘရာဇီးလ်နိုင်ငံမြောက်ပိုင်းက Para ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေက နွားရူးရောဂါ ဖြစ်ပွားကြောင်း အတည်ပြု ခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့ကနေ့ စတင်ပြီး အမဲသားတင်ပို့မှုကို ချက်ချင်း ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ ဒီ ရပ်ဆိုင်းမှုဟာ ယာယီသဘောသာ ဖြစ်လိမ့်မယ်လို့ နှစ်ဖက်စလုံးက မျှော်လင့်နေကြပါတယ်။ 

Para ပြည်နယ်ထဲက နွားရူးရောဂါတွေ့ရှိခဲ့တဲ့ နွားခြံမှာ နွားကောင်ရေ ၁၆၀ လောက် မွေးမြူထားတာလည်း ဖြစ်ပါ တယ်။ ရောဂါနမူနာပစ္စည်းတွေကို ကနေဒါနိုင်ငံ အယ်လ်ဘာတာ မှာရှိတဲ့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့ပြီး အတည်ပြုချက် ထပ်မံရယူဖို့ လုပ်ဆောင်နေပါတယ်။ 

တကယ်တော့ ဒီဖြစ်စဉ်ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်တုန်းကလည်း ဘရာဇီးလ်နိုင်ငံက အသားထုတ်လုပ်တဲ့အလုပ်ရုံနှစ်ခုမှာ နွားရူးရောဂါကို တွေ့ရှိခဲ့ရတာကြောင့် တရုတ်နိုင်ငံဆီ အမဲသားတင်ပို့မှုကို ရပ်တန့်ခဲ့ရပါသေး တယ်။ 

ဘရာဇီးလ်ရဲ့ အဲဒီဖြစ်စဉ်ကြောင့် ဥရောပသမဂ္ဂဝင် နိုင်ငံတချို့ကတော့ အခွင့်အလမ်းကောင်းတွေကို မျှော်လင့်နေကြပါတယ်။ ဥပမာအားဖြင့်တော့ အိုင်ယာလန်နိုင်ငံပါ။ စားအိုးကြီးတဲ့ တရုတ်နိုင်ငံအနေနဲ့ ဘရာဇီးလ်ရဲ့ အမဲသားကို ဝယ်ယူလို့ မရချိန်မှာ သူတို့အနေနဲ့ တရုတ်နိုင်ငံရဲ့ အမဲသားဈေးကွက်ကို ဝင်ရောက်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်ပါ။ Cattle and Sheep Farmers’ Association (ICSA) ရဲ့ ဥက္ကဌဖြစ်သူ Edmund Graham က ဥရောပသမဂ္ဂ ကော်မရှင်အနေနဲ့ ဘရာဇီးလ်ရဲ့ အခြေအနေကို သေသေချာချာ စုံစမ်းမှုတွေ ပြုလုပ်သင့်ကြောင်းနဲ့ အခုအချိန်မှာ တရုတ်ဈေးကွက်ကို ဥရောပသားတွေ အသာစီးရနိုင်ဖို့ တိုက်တွန်းပြောဆိုနေတာကို သတင်းတွေမှာ ဖော်ပြနေကြတာပါ။ 

ရောဂါတွေ ဖြစ်ပွားပုံ၊ ကမ္ဘာ့ကုန်သွယ်ရေးအပေါ် သက်ရောက်ပုံနဲ့၊ ဖြစ်ပေါ်လာတဲ့ ရောဂါအခြေအနေအပေါ် မူတည် ပြီး မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားအခွင့်အလမ်းကို ရှာဖွေကြပုံတွေက စိတ်ဝင်စားစရာ ဖြစ်တာမို့ မြန်မာ့မွေးမြူသူများ အတွက် မျှဝေလိုက်ရပါတယ်။ 

ကြီးမြင့်လာမယ့် တရုတ်နိုင်ငံရဲ့ အမဲသားဈေးနှုန်းကို ကြိုတင်ချိန်ဆပြီး၊ တရုတ်နိုင်ငံဆီ နွားအရှင် တင်ပို့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ဘယ်လိုအကျိုးရှိအောင် ဆောင်ရွက်နိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ မေးခွန်းတစ်ခု ဖြစ်ပါလိမ့်မယ်။ 

#တိရစ္ဆာန်တွေက မီသိန်းထုတ်လွှတ်မှု လျှော့ချပေးမယ့် ဆေးဝါး

မွေးမြူ‌ရေးလုပ်ငန်းမှာ ကြုံတွေ့ရတဲ့ ကြီးမားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုကတော့ ဖန်လုံအိမ် အာနိသင် ထုတ်လွှတ်မှုပါ။ အဲဒီထဲကမှ ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိတဲ့ စားမြုံ့ပြန်သတ္တဝါတွေက ထုတ်လွှတ် တဲ့ မီသိန်းဓာတ်ငွေ့ ပြဿနာပါ။ အဲဒီ ပြဿနာကို သိပ္ပံပညာရှင်တွေက ဖြေရှင်းဖို့ ကြိုးစားနေခဲ့ကြတာ ကြာပါပြီ။ ကမ္ဘာကြီးပူနွေးလာမှုအတွက် မွေးမြူရေးလုပ်ငန်းတွေကို တရားခံအဖြစ် လက်ညှိုးထိုးတာတွေ များနေတာမို့၊ အဲဒီ ပြဿနာကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် မွေးမြူရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ ပိုမိုလွယ်ကူသွားစေမှာ ဖြစ်ပါတယ်။ 

အခုတော့ နယ်သာလန်အခြေစိုက် DSM ကုမ္ပဏီက ပညာရှင်တွေအနေနဲ့ အဲဒီ အကြီးမားဆုံးပြဿနာတွေ ထဲက တစ်ခုကို ဖြေရှင်းနိုင်တော့မယ်လို့ ဆိုပါတယ်။ သူတို့က နိုက်ထရစ်အက်ဆစ် နဲ့ ဇီဝအခြေခံ အယ်လ်ကိုဟော တစ်မျိုးကနေ ထုတ်လုပ်တဲ့ 3-NOP ဆိုတဲ့ ဓာတုဓာတ်ပေါင်းတစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။ အဲဒီ ဓာတ် ပေါင်းကို အသားစားနွားတွေရဲ့ အစာထဲကို ထည့်သွင်းရောစပ်ကျွေးမွေးတဲ့အခါ အဲဒီ နွားတွေကနေ မီသိန်းဓာတ်ငွေ့ ထုတ်လုပ်မှုကို ၉၂ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြရတယ်လို့ ဆိုပါတယ်။ နွားတွေကို ကျွေးမွေးတဲ့အစာ အမျိုးအစားနဲ့ ရောစပ်ပုံအချိုးအစားတွေပေါ်မူတည်ပြီး မီသိန်းထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်းက နေ ၉၂ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ သုတေသန ရလဒ်တွေက ဆိုပါတယ်။ ဒါ့အပြင် အဲဒီ ဓာတ်ပေါင်းက တိရစ္ဆာန်တွေအတွက်ရော၊ အဲဒီတိရစ္ဆာန်တွေရဲ့ အသား၊ နို့၊ ဥ အစရှိတဲ့ ထုတ်ကုန်တွေကို စားသုံးမယ့် လူသားတွေ အတွက်ပါ ဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။ 

တကယ်တော့ 3-NOP အပြင် အခြားသော မီသိန်းလျှော့ချနိုင်တဲ့ ထုတ်ကုန်အချို့ကိုလည်း စမ်းသပ်တွေ့ရှိ ထားကြပြီး ဖြစ်ပါတယ်။ ဥပမာ Asparagopsis နဲ့ Rumin8 တို့လို့ ဆေးဝါးတွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အ နာဂတ် တိရစ္ဆာန်အစာထုတ်လုပ်ရေးမှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချနိုင်တဲ့ ဖြည့်စွက်အစာ (feed additive) တွေဟာ ကြီးကြီးမားမား နေရာယူလာမယ်ဆိုတာကတော့ အသေအချာပါပဲ။ မြန်မာ့မွေးမြူသူများအတွက် ကြိုတင်လေ့လာနိုင်ကြဖို့ မိတ်ဆက်တင်ပြလိုက်ရပါတယ်။ 

#အီတလီကြက်ဥနဲ့ အင်္ဂလန်စားသုံးသူတွေရဲ့ ပဋိပက္ခ

ဒီတစ်ပတ်အတွင်း နောက်ထပ် စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကတော့ အင်္ဂလန်က သတင်းတစ်ပုဒ်ပါ။ အင်္ဂလန်ရဲ့ အထင်ကရ စူပါမားကတ်တစ်ခုဖြစ်တဲ့ Sainsbury ဟာ စားသုံးသူတွေရဲ့ ဝေဖန်မှုတွေကို အကြီးအကျယ် ခံနေရပါတယ်။

အဖြစ်က ဒီလိုပါ။ 

အင်္ဂလန်မှာ Sainsbury အပါအဝင် စူပါမားကတ် အတော်များများမှာ ကြက်ဥ ပြတ်လပ်မှုတွေ ဖြစ်ပေါ် နေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အင်္ဂလန်မှာ သမိုင်းတလျှောက် အဆိုးဝါးဆုံး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကို ကြုံတွေ့ခဲ့တာရယ်၊ အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ကြက်ဥ ထုတ်လုပ်မှုစရိတ် မြင့်မားလာတာရယ် ကြောင့် ဖြစ်ပါတယ်။ 

ဈေးကွက်ထဲမှာ ကြက်ဥတွေ ပြတ်လပ်သွားတဲ့အခါ အီတလီက ကြက်ဥတွေကို တင်သွင်းပြီး စင်ပေါ်တင် ရောင်းချရပါတော့တယ်။ အဲဒီမှာ ပြဿနာက စပါတယ်။ အီတလီက တင်သွင်းလာတဲ့ ကြက်ဥတွေဟာ ခြံလှောင်စနစ်နဲ့ မွေးမြူထားတဲ့ ကြက်မတွေက ထုတ်လုပ်ထားတဲ့ ကြက်ဥတွေပါ။ အင်္ဂလန်က တိရစ္ဆာန်အခွင့်အရေး လှုပ်ရှား သူတွေက ကြက်မတွေကို ခြံလှောင်မွေးမြူကြတာဟာ တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်ရာကျတယ်လို့ ယူဆတာမို့ အဲဒီစနစ်ကို အသုံးမပြုဘဲ လွှတ်ကျောင်းမွေးမြူကြဖို့ အစဉ်တစိုက် နှိုးဆော်နေကြပါတယ်။ ဒါကြောင့် Sainsbury က အီတလီကြက်ဥတွေကို သူတို့ရဲ့ စင်တွေပေါ် တင်ရောင်းရတဲ့အခါ “ဒါဟာ အခိုက်အတန့်သာ ဖြစ်ပြီး၊ ကြက်ငှက် တုပ်ကွေးရောဂါကာလမှာ ရောဂါကူးစက်မှု လျော့ချဖို့ ကြက်တွေကို ခြံလှောင်မွေးမြူထားရကြောင်းနဲ့၊ အဲဒီ ကြက်တွေဆီက ကြက်ဥတွေဖြစ်ကြောင်း” ရှင်းပြပြီး ရောင်းချကြပါတယ်။ ဒါကို မကျေနပ်နိုင်တဲ့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက Sainsbury ကို ဝေဖန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ 

ဒါကလည်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ပါပဲ။ နိုင်ငံတွေမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ မတူညီတဲ့အခါ ပြည်သူလူထု (တနည်းအားဖြင့် စားသုံးသူတွေ)ရဲ့ လိုအင်တွေကလည်း ကွာခြားနေတာကို စိတ်ဝင်စားဖွယ် သတိပြုကြည့်နိုင်ပါတယ်။ ဆင်းရဲတဲ့ တိုင်းပြည်တစ်ပြည်မှာဆိုရင်တော့ စားသုံးသူတွေက လွှတ်ကျောင်း‌တွေ၊ ခြံလှောင်တွေ မစဉ်းစားအားဘဲ ဈေးသက်သာတဲ့နောက် လိုက်နေကြရဦးမှာပဲ ဖြစ်ပါတယ်။ နိုင်ငံအများစုက မွေးမြူသူများ အနေနဲ့ကတော့ မိမိတို့နိုင်ငံသူနိုင်ငံသားတွေရဲ့ အခြေခံစီးပွားရေးအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ မွေးမြူရေးထုတ်ကုန်တွေကိုသာ ဦးတည်ထုတ်လုပ်နေကြဦးမှာပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်