ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ
၂၀၂၃ ခုနှစ်ရဲ့ နှစ်ဆန်းကာလမှာ ကမ္ဘာတလွှားဖြစ်ပေါ်ခဲ့တဲ့ မွေးမြူရေးသတင်းတွေထဲက မြန်မာ့မွေးမြူသူများအတွက် စိတ်ဝင်စားစရာ သတင်းအချို့ကို ရွေးချယ်တင်ပြလိုက်ပါတယ်။
အသေးစားမွေးမြူသူတွေကို ဒုက္ခပေးလာနိုင်တဲ့ ဖက်စပ်ကုမ္ပဏီကြီးတွေ

ပထမဆုံးတင်ပြချင်တဲ့ သတင်းကတော့ ယူနိုက်တက်ကင်းဒမ်း (ယူကေ) နိုင်ငံက သတင်းတစ်ပုဒ်ပါ။ ယူကေနိုင်ငံက ကြက်မွေးမြူရေးနယ်ပယ်မှာ အင်အားကြီးလှတဲ့ ပြိုင်ဘက်ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းလိုက်မှုက အသေးစားမွေးမြူသူတွေအတွက် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားလာစေနိုင်တဲ့အတွက် စိုးရိမ်ပူပန်နေကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။
နယ်သာလန်အခြေစိုက် ForFarmers ကုမ္ပဏီနဲ့ ယူကေ ရဲ့ Boparan ကုမ္ပဏီကြီးတွေဟာ ကြက်မွေး မြူရေး၊ အစာထုတ်လုပ်ရေးနဲ့ ကြက်သားထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်တွေမှာ အပြိုင်ကြဲနေကြတဲ့ ကုမ္ပဏီကြီးတွေပါ။ ဒါပေမဲ့ အခုတော့ အဲဒီ ပြိုင်ဘက်ကုမ္ပဏီကြီးနှစ်ခုက လုပ်ငန်းတွေအတူ ဖက်စပ်လုပ်ကိုင်ဖို့ စာချုပ်ချုပ်လိုက်ကြပြီ ဖြစ်ပါတယ်။ ယူကေနိုင်ငံတစ်ဝန်းမှာ ကုမ္ပဏီနှစ်ခုက ပိုင်ဆိုင်တဲ့ အစာစက်ရုံ ၁၉ ရုံကို ပေါင်းစပ်လိုက်ပြီး အတူတကွ ထုတ်လုပ်ကြတော့မှာ ဖြစ်ပါတယ်။
ယူကေရဲ့ ယှဉ်ပြိုင်မှုနှင့်ဈေးကွက်အာဏာပိုင်အဖွဲ့အစည်း (Competitions and Markets Authority – CMA) ကတော့ အဲဒီလို ပြိုင်ဘက်ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းသွားခြင်းက မွေးမြူသူတွေအတွက် အစာဖိုး ကုန်ကျစရိတ် မြင့်မားလာစေနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
CMA ရဲ့ ကနဦး ဆန်းစစ်လေ့လာချက်တွေအရ ဒေသတချို့မှာ ကုမ္ပဏီနှစ်ခုရဲ့ ယှဉ်ပြိုင်မှု ရပ်ဆိုင်းပြီး ပူးပေါင်းလိုက်ကြတဲ့အတွက် သူတို့ထုတ်လုပ်တဲ့ အစာဈေးနှုန်းတွေ မြင့်တက်လာခြင်း၊ အစာအရည်အသွေး လျော့ကျလာခြင်းနဲ့ ဝန်ဆောင်မှု ညံ့ဖျင်းလာခြင်း စတဲ့ အကျိုးဆက် တွေကို မွေးမြူသူတွေ ခံစားလာရနိုင်တာကို တွေ့ရှိရကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။
CMA ရဲ့ နောက်ထပ်စိုးရိမ်ချက်တစ်ခုကတော့ ကုမ္ပဏီနှစ်ခု ပူးပေါင်းလိုက်ခြင်းအားဖြင့် Boparan ကုမ္ပဏီရဲ့ ကြက်မွေးမြူရေးလုပ်ငန်းတွေ၊ ကြက်သတ်စက်ရုံလုပ်ငန်းတွေ ပိုမိုအားကောင်းလာပြီး အသေးစားမွေးမြူသူတွေ၊ အသေးစားကြက်သတ်စက်ရုံငယ်တွေအတွက် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းလာတော့မဲ့ အရေးဖြစ်ပါတယ်။
CMA ရဲ့ အကြီးတန်းဒါရိုက်တာတစ်ဦးဖြစ်သူ Sorcha O’Carroll က “အစာကုမ္ပဏီကြီးတွေအကြား ယှဉ်ပြိုင်မှု လျော့နည်းကျဆင်းလာခြင်းက အခြေအနေတွေကိုဆိုးဝါးစေပြီး မွေးမြူသူတွေရော၊ ကြက်သားရောင်းချသူတွေကိုပါ လုပ်ငန်းပြုတ်ပြီး မွေးမြူရေးလောကထဲက အပြီးထွက်သွားအောင် လုပ်ပစ်သလို ဖြစ်လိမ့်မယ်” လို့ သုံးသပ်ထားပါတယ်။
ForFarmers နဲ့ Boparan ကုမ္ပဏီကြီးနှစ်ခုဟာ CMA ရဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြရမှာ ဖြစ်ပါတယ်။ အကယ်၍ အဲဒီလို ဖြေရှင်းချက်တွေဟာ CMA က လက်ခံတဲ့ အခြေအနေမျိုး မရှိဘူးဆိုရင်တော့ ဒုတိယအဆင့် အသေးစိတ်စစ်ဆေးအကဲဖြတ်မှုတွေကို CMA က ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မွေးမြူရေးလုပ်ငန်းတွေမှာ အစာအတွက် ကုန်ကျစရိတ်ဟာ အကြီးမြင့်ဆုံး ဖြစ်တာမို့ အစာဈေးကို အစာထုတ်လုပ်သူတွေ ပူးပေါင်းပြီး ထိန်းချုပ်လာနိုင်မယ့် အန္တရာယ်ကို မွေးမြူသူတွေ စိုးရိမ်နေကြတာဟာ အဆန်းတကျယ်တော့ မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီလို ဈေးကွက်ကို ကုမ္ပဏီကြီးတွေ ပေါင်းပြီး ထိန်းချုပ်ချယ်လှယ်မယ့် အခြေအနေကို ယူကေအစိုးရ (အထူးသဖြင့် CMA) က စိုးရိမ်တကြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာကတော့ စိတ် ဝင်စားစရာ အခြေအနေပါပဲ။
ကုမ္ပဏီကြီးတွေအချင်းချင်း လက်ဝါးချင်းရိုက်ပြီး လုပ်ချင်ရာလုပ်လို့မရအောင်၊ အသေးစားမွေးမြူသူတွေကို ကာကွယ်နိုင်အောင် CMA လိုအဖွဲ့အစည်းတစ်ခုကို အစိုးရက တည်ထောင် ဖွဲ့စည်းထားတာကလည်း စိတ်ဝင်စားစရာ၊ အတုယူစရာမို့ “စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်း” တစ်ပုဒ်အဖြစ် တင်ဆက် ပေးလိုက်ပါတယ်။
ထုတ်လုပ်မှုစရိတ်မြင့်မားလာလို့ ဆန္ဒပြကြမဲ့ ပါကစ္စတန်မွေးမြူရေးသမားများ

ပါကစ္စတန်ကြက်မွေးမြူရေးအသင်း (Pakistan Poultry Association – PPA) နဲ့ ပါကစ္စတန်နိုင်ငံလုံးဆိုင်ရာ ဆီကြိတ်စက်လုပ်ငန်းရှင်များအသင်း (All-Pakistan Solvent Extractors’ Association – APSEA) တို့ကတော့ သူတို့ရဲ့ လုပ်ငန်းတွေ ပြိုလဲနိုင်တဲ့ အခြေအနေတွေကို အစိုးရက လှစ်လျူရှုထားတဲ့အတွက် ဆန္ဒပြပွဲတစ်ရပ် ကျင်းပဖို့ စိုင်းပြင်းနေကြပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလက စတင်ပြီး ပါကစ္စတန်အစိုးရဟာ အမေရိကန်နဲ့ ဘရာဇီးလ်နိုင်ငံတို့ဆီက မျိုးဗီဇပြင်ဆင်ထုတ်လုပ်ထားတဲ့ ပဲပုတ် (GMO soybean) တွေ တင်သွင်းမှုကို တားမြစ်လိုက်ပါတယ်။ ပါကစ္စတန်ဟာ GMO မျိုးစေ့တွေကို တားမြစ်တဲ့ နိုင်ငံတကာ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တဲ့အတွက် GMO ထုတ်ကုန်တွေကို တင်သွင်းမှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ပဲပုတ်ဟာ ကြက်စာမှာ အဓိကကျတဲ့ ပါဝင်ပစ္စည်းတစ်မျိုးပါ။ ဒါကြောင့် ပဲပုတ်တင်သွင်းမှု တားမြစ်လိုက်ချိန်ကစတင်ပြီး အစာဈေးနှုန်းဟာ အဆမတန် မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် တားမြစ်ချက်မထွက်ပေါ်မီကတည်းက ဆိပ်ကမ်းမှာ ရောက်နှင့်ပြီးသား ပဲပုတ်ဖတ်တွေကို လုပ်ငန်းရှင်တွေက ထုတ်ယူရာမှာ တားမြစ်ချက်အသစ်ကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ထပ်ဖြစ်ခဲ့ရပြန်ပါတယ်။ ဒါကလည်း အစာဈေးနှုန်းကို ထပ်ပြီး မြင့်တက်အောင် လုပ်ပေးလိုက်သလို ဖြစ်နေပါတော့တယ်။
အလေးချိန် ကီလို ၅၀ ရှိတဲ့ ကြက်စာအိတ်တစ်အိတ်ရဲ့ တန်ဖိုးဟာ ပါကစ္စတန်ငွေ ၅၀၀၀ ရူပီးခန့်ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ၃ လအတွင်း နောက်ထပ် ၂၀၀၀ ရူပီး ထပ်တက်လာတာမို့ အခုဆိုရင် တစ်အိတ်ကို ၇၀၀၀ ရူပီး ဖြစ်နေပြီလို့ ဆိုပါတယ်။
အစာဈေးကြီးမြင့်မှုက မွေးမြူရေးလုပ်ငန်းတွေကို ရပ်တန့်စေနိုင်ပြီး၊ မလိုလားအပ်တဲ့ အကျိုးဆက်တွေဆီ ဦးတည်နေကြောင်း ဒီသတင်းက မီးမောင်းထိုးဖော်ပြနေပါတယ်။ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် မွေးမြူရေးအစာဈေးနှုန်းတည်ငြိမ်ရေးက အင်မတန် အရေးကြီးလှပါတယ်။ စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့အခါ အကြောင်းအရာတစ်ခုတည်းပေါ်မှာပဲ တစ်ကြောင်းဆွဲ သုံးသပ်ပြီး လှေနံဓားထစ် ဆုံးဖြတ်ချက်ချတာမျိုး မပြုလုပ်သင့်ဘဲ စိုက်ပျိုးမွေးမြူရေးကဏ္ဍခွဲတွေရဲ့ အချင်းချင်းချိတ်ဆက်နေပုံကို လည်း ထည့်သွင်းသုံးသပ်သင့်ကြောင်း ဒီသတင်းထဲကနေ လေ့လာယူနိုင်ပါတယ်။ ပါကစ္စတန်က မွေးမြူသူ အသင်းအဖွဲ့တွေရဲ့ စုစည်းညီညွတ်မှုကလည်း အတုယူစရာ ဖြစ်ပါတယ်။ ပါကစ္စတန်အစိုးရက ဘယ်လို ဆက်လက်လုပ်ဆောင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
ဒီသတင်းဟာလည်း မြန်မာ့မွေးမြူသူများအတွက် ဒုတိယမြောက် “စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်း” တစ်ပုဒ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ပထမဆုံး ပျားကာကွယ်ဆေး

နောက်ဆုံးအနေနဲ့ ဖော်ပြပေးချင်တဲ့ သတင်းတစ်ပုဒ်ကတော့ ပျားမွေးမြူသူတွေ စိတ်ဝင်စားမယ့် သတင်း တစ်ပုဒ်ပါ။
အမေရိကန်ပြည်ထောင်စုက စိုက်ပျိုးရေးဌာန (USDA) ဟာ ကမ္ဘာ့ ပထမဆုံး ပျားကာကွယ်ဆေးကို အသုံးပြုခွင့် ပေးလိုက်ပါပြီ။ ပျားတွေမှာ ဖြစ်ပွားတဲ့ American foulbrood ရောဂါကို ကာကွယ်ပေးမဲ့ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။
အဲဒီရောဂါကို ဖြစ်ပွားစေတဲ့ ဗက်တီးရီးယားပိုးကို အသက်မဲ့အောင်ပြုလုပ်ထားတဲ့ ကာကွယ်ဆေးကို Royal jelly ထဲမှာ ထည့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ Royal jelly ကို လုပ်သားပျားတွေက သယ်ဆောင်ပြီး ပျားဘုရင်မ စားသုံးဖို့ ပို့ပေးမှာ ဖြစ်ပါတယ်။ ပျားဘုရင်မက ကာကွယ်ဆေးပါတဲ့ Royal jelly ကို စားသုံးလိုက်တဲ့အခါ ကာကွယ် ဆေးအချို့ဟာ မျိုးဥထဲကို ပါသွားမှာပါ။ ဒါကြောင့် ပျားသားလောင်းလေးတွေမှာ ရောဂါကို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည်တွေ ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။
American foulbrood ရောဂါဟာ ကူးစက်မှု အလွန်လျင်မြန်တာမို့ ပျားမွေးမြူသူတွေကို ဒုက္ခအကြီးအကျယ်ပေးတဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါဖြစ်ပြီဆိုရင် ကုသလို့မရဘဲ ရောဂါဖြစ်နေတဲ့ ပျားအုံတွေကို မီးရှို့ဖျက်ဆီးပစ်ရပါတယ်။ အနီးအနားက ပျားအုံတွေကိုလည်း ပိုးသတ်သန့်စင်တာ၊ ပဋိဇီဝဆေးဝါးတွေနဲ့ ဆေးကြောသန့်စင်တာတွေ လုပ်ဆောင်ရတာမို့ ဆုံးရှုံးလေလွင့်မှုများတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ ပျားရောဂါ ကာကွယ်ဆေးဟာ ဘယ်လိုအကျိုးပြုနိုင်မလဲ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်သလို သူ့ရဲ့နောက်ဆက်တွဲ ဘယ်လို ကာကွယ်ဆေးအသစ်တွေ ထပ်မံထွက်ပေါ်လာဦးမှာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်တာမို့ တတိယမြောက် “စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်း” အဖြစ် တင်ဆက်ပေးလိုက်ရပါတယ်။
ဒေါက်တာသက်ခိုင် စုစည်းတင်ပြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။
Zin Ko Latt • ဖြေကြားချက် 0 ခု
ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ဖြေကြားပေးကြပါဦးခင်ဗျာ။
Nan Lin Soe • ဖြေကြားချက် 0 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု
မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအားးေဖျန်းပေးရင်ပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
More from သက်ခိုင်
အားလုံး
စပါးစိုက်တောင်သူတွေကို ဒုက္ခပေးနေတဲ့ ရွှေခရုကို ဘဲစာအဖြစ် ပြောင်းလဲကြမလား?
16/06/2026
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025