ငှက်ပျောခိုင်ကြီးပြီး အလေးချိန်စီးစေမယ့် လျှို့ဝှက်ချက် (၅) ချက်
ငှက်ပျောစိုက်တောင်သူတိုင်းရဲ့ အိပ်မက်ကတော့ အဖီးလှ၊ အလုံးထွားပြီး အလေးချိန်စီးတဲ့ ငှက်ပျောခိုင်ကြီးတွေ ရိတ်သိမ်းနိုင်ဖို့ပါပဲ။ ဒါပေမဲ့ တောင်သူအများစု မှားယွင်းတတ်ကြတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ "ငှက်ပျောဖူး ထွက်လာမှ မြေဩဇာတွေ ပုံအောကျွေးပြီး အခိုင်ကြီးအောင် လုပ်မယ်" ဆိုတဲ့ အယူအဆပါ။
တကယ်တော့ ငှက်ပျောခိုင်တစ်ခိုင်ရဲ့ ကံကြမ္မာဟာ အဖူးမထွက်မီကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် သုတေသနတွေ့ရှိချက်အရ ငှက်ပျောခိုင်မှာ အသီးအရေအတွက် ဘယ်လောက်ပါမလဲဆိုတာဟာ အပင်ပန်းစပွင့်ချိန်မှာ ရှိနေတဲ့ အရွက်ဧရိယာပေါ်မှာ လုံးဝမူတည်နေပါတယ်။
အဖူးထွက်ပြီးသွားရင် အသီးလုံးလေးတွေ အဆန်ပြည့်ဖြိုးအောင်သာ ဖြည့်တင်းပေးနိုင်တော့မှာဖြစ်ပြီး အသီးအရေအတွက်ကို ထပ်တိုးလို့ မရနိုင်တော့ပါဘူး။
ဒါဆိုရင် ငှက်ပျောခိုင်တွေ အလေးချိန်စီးပြီး အထွက်တိုးဖို့ ဘယ်အချိန်မှာ ဘာတွေလုပ်သင့်သလဲ။ သုတေသန အထောက်အထားတွေနဲ့ ယှဉ်တွဲပြီး အဓိကအချက် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။
၁။ ပိုတက်စီယမ် (Potassium) ကို အချိန်မီ ကြိုကျွေးပါ
ငှက်ပျောခိုင် အလေးချိန်တိုးဖို့ အရေးအကြီးဆုံး အာဟာရဓာတ်ကတော့ ပိုတက်စီယမ် (K) ပါပဲ။ သူက အသီးဆဲလ်တွေ ကြီးထွားစေသလို အရွက်ကချက်လုပ်တဲ့ သကြားဓာတ်တွေကို အသီးဆီ ပို့ဆောင်ပေးပါတယ်။ ငှက်ပျောပင်ဟာ အဖူးမထွက်မီ အပင်ပိုင်းကြီးထွားချိန်မှာ ပိုတက်စီယမ်ကို အများဆုံး စုပ်ယူပြီး အဖူးထွက်ပြီးချိန်မှာ စုပ်ယူမှု နှေးသွားပါတယ်။ ဒါကြောင့် အဖူးမထွက်မီကတည်းက ပိုတက်စီယမ်ကို အလုံအလောက် ကြိုကျွေးထားဖို့ လိုပါတယ်။ ယူဂန်ဒါနိုင်ငံက စမ်းသပ်မှုတစ်ခုမှာ ပိုတက်စီယမ် ထည့်ပေးရုံနဲ့ တစ်နှစ်အတွင်း တစ်ဟက်တာ အထွက်နှုန်း ၈ တန်ကနေ ၁၅ တန်အထိ နှစ်ဆနီးပါး တက်လာခဲ့ပါတယ်။
၂။ ရေမငတ်ပါစေနဲ့
ရေငတ်ခြင်း (Water stress) ဟာ ငှက်ပျောခိုင် ပေါ့သွားစေတဲ့ အဓိကတရားခံပါ။ အပင်မှာ ရေငတ်တဲ့ လက္ခဏာ မပြခင်ကတည်းက အထွက်နှုန်း စတင်လျော့ကျနေပြီ ဖြစ်ပါတယ်။ ရေငတ်မှု များလွန်းရင် အထွက်နှုန်း ၆၅% အထိ ထိုးကျသွားနိုင်သလို အခိုင်ညှပ်တာ၊ အသီးတိုတာတွေ ဖြစ်တတ်ပါတယ်။ ရေနဲ့ ပိုတက်စီယမ်ဟာ အတူတကွ အလုပ်လုပ်တာမို့ ခြောက်သွေ့ရာသီမှာ ရေသွင်းပေးခြင်းနဲ့ ပိုတက်စီယမ်ကျွေးခြင်းကို ဟန်ချက်ညီညီ လုပ်ဆောင်ရပါမယ်။

၃။ အရွက်တွေကို အသက်လို စောင့်ရှောက်ပါ
အဖူးထွက်ပြီးရင် ငှက်ပျောပင်မှာ အရွက်သစ် ထပ်မထွက်တော့ပါဘူး။ ပန်းပွင့်ချိန်မှာ ရှိနေတဲ့ အရွက်တွေကပဲ အခိုင်ကြီးထွားဖို့ အစာချက်ပေးရမှာပါ။ ပုံမှန်အားဖြင့် အခိုင်ထွက်ချိန်မှာ ကျန်းမာတဲ့ အရွက် ၁၀ ရွက်ကနေ ၁၅ ရွက် ရှိသင့်ပါတယ်။ အကယ်၍ အရွက် ၄ ရွက်ထက် နည်းသွားရင်တော့ အခိုင်အလေးချိန် သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။ ဒါကြောင့် ရွက်ခြောက်ရောဂါ (Sigatoka) ကို ကာကွယ်ပါ။ ရောဂါရတဲ့ အရွက်နဲ့ အခိုင်ကို ပွတ်တိုက်နေတဲ့ အရွက်တွေကိုပဲ ဖယ်ရှားပြီး အရွက်ကောင်းတွေကို လုံးဝ မဖြတ်မိပါစေနဲ့။
၄။ ငှက်ပျောဖူး ဖြတ်ခြင်းနဲ့ အခိုင်စီမံခန့်ခွဲမှု
နောက်ဆုံးအဖီး ထွက်ပြီး ခိုင်မာလာပြီဆိုတာနဲ့ အောက်ဆုံးက ငှက်ပျောဖူး (အဖိုဖူး) ကို ချိုးဖဲ့ဖယ်ရှားပေးရပါမယ်။ ဒါမှ အပင်ရဲ့ အာဟာရတွေ အဖူးဆီ မရောက်တော့ဘဲ အသီးတွေဆီ အပြည့်အဝ ရောက်မှာပါ။ ဒါ့အပြင် အဖူးထွက်ပြီးနောက် အာဟာရ ထပ်ဖြည့်ချင်တယ်ဆိုရင်တော့ အရွက်ဖျန်း ပိုတက်စီယမ် (SOP) ကို ဖြည့်စွက်စာအနေနဲ့ သုံးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက ပြည်ပပို့ကုန် အရွယ်အစားမီအောင် အောက်ဆုံးအဖီးတွေကို ဖြတ်ပစ်တဲ့နည်း (De-handing) ဟာ အသီးလုံး ပိုထွားစေပေမဲ့ တစ်ခိုင်လုံးရဲ့ စုစုပေါင်း အလေးချိန်ကိုတော့ လျော့ကျစေတတ်ပါတယ်။
၅။ အပင်ကျဲကျဲ စိုက်ပြီး သားတက်ရွေးပါ
အပင်တွေ ကျပ်သိပ်နေရင် နေရောင်ခြည်၊ ရေနဲ့ အာဟာရကို အချင်းချင်း လုယူကြရတာမို့ အခိုင်သေးသွားတတ်ပါတယ်။ တစ်ရုံမှာ အသန်မာဆုံး သားတက်တစ်ပင်ကိုပဲ ချန်ထားပြီး ကိုယ့်ဒေသရဲ့ မြေဆီလွှာနဲ့ မိုးရေချိန်ပေါ် မူတည်လို့ အပင်အကွာအဝေးကို မှန်မှန်ကန်ကန် စိုက်ပျိုးသင့်ပါတယ်။
အချုပ်ဆိုရရင်...
ငှက်ပျောခိုင် ကြီးထွားအလေးချိန်စီးဖို့ဆိုတာ အဖူးထွက်မှ ထလုပ်ရမယ့် အလုပ်မဟုတ်ပါဘူး။ ပန်းမပွင့်မီကတည်းက မြေဆီလွှာ စစ်ဆေးပြီး ပိုတက်စီယမ် ကြိုကျွေးမယ်၊ ရေမှန်မှန်ပေးမယ်၊ အရွက်စိမ်းတွေကို အပြည့်အဝ ထိန်းသိမ်းထားမယ်ဆိုရင် အဖီးလှပြီး အလေးချိန်စီးတဲ့ ငှက်ပျောခိုင်ကြီးတွေကို သေချာပေါက် ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။
Reference Link:(https://vanpolder.com/blog/crop-nutrition/how-to-increase-banana-bunch-weight/)
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပွင့်သီးလိုက်နေချိန် အပင်အားဆေးသုံးလို့အဆင်ပြေလားခင်ဗျာ တစ်ချို့အပင်တွေအချိန်လိုနေလို့ပါ တွဖျန်းရင်ရောအဆင်ပြေလားခင်ဗျာ အပင်အားဆေးနဲ့ ပွင့်သီးနဲ့
ကိုနိုင်လင်းထက် • ဖြေကြားချက် 3 ခု
ကုလားပဲပင် အပင်မသေအောင် ဘာဆေးကြိုဖျန်းသင့်လဲ
ကိုကိုလင်းအောင် • ဖြေကြားချက် 4 ခု
မုန်လာထုပ်ပြုစုပျိုးထောင်နည်း
ဆန်းမင်းအောင် • ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်က ပွင့်တံလိုက်နေပြီ။N.P.K အချိုးဘယ်အချိုးလောက်ကြွေးသင့်လဲ။အပွင့် ပွင့်ချိန်ဆောင်ရန်ရှောင်ရန်လေးလဲသိချင်ပါတယ်။
ko paing • ဖြေကြားချက် 1 ခု
အရွက်က ခြောက်ပြီး ဝါလာပြီ ဘာတွေ လုပ်ပေးရမလဲဆရာ
နန်းထွေးမေ • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စူပါအယ်လ်နီညိုမှ ဂေါ်ဆီလာ... ထိုမှတစ်ဆင့် မက်ဂါ အယ်လ်နီညိုဟု ခေါ်ဆိုလာနေကြ
26/11/2026
အသံ
ပဲပုပ်ပင်လိုအပ်သော အာဟာရများ
26/11/2026
ရှမ်းမြောက် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဖရဲသီး စတင် တင်ပို့နေ
26/11/2026
ပင်လယ်စပျစ်သီး၏ ထူးခြားသောသဘာဝနှင့် ဂေဟစနစ်အတွက် အကျိုးပြုပုံ
25/11/2026
၂၀၂၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြင်းထန်သော အပူချိန် စံချိန်တင်နိုင်ခြေရှိ
24/11/2026
More from သော်ဇင်
အားလုံး
အသီးမှည့်ခြင်းကို ထိန်းချုပ်နေတဲ့ မမြင်ရတဲ့ ဓာတ်ငွေ့ အီသိုင်လင်း
23/11/2026
စိုက်ခင်းအတွင်း နွားချေးအစိမ်း သုံးမိရင် ကြုံရမယ့် အန္တရာယ် ၃ မျိုး
20/11/2026
ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
30/10/2026
ဆေးလောင်လို့ နွမ်းလျတဲ့အပင်ကို “သကြားရည်” နဲ့ ပြန်အသက်သွင်းကြစို့်
21/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026