ကြက်ဥခွံက မြေဆီလွှာအတွက်ကောင်းကျိုးရှိသလား..

13/06/2023 16:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

မီးဖိုချောင်ကနေ စွန့်ပစ်ပစ္စည်းအဖြစ် ထွက်ရှိလာတဲ့ ကြက်ဥခွံလေးတွေဟာ မြေဆီလွှာအတွက် ကောင်းကျိုးများစွာ ထောက်ပံ့ပေးနိုင်ပါတယ်။ မြေဆီလွှာထဲကို ကြက်ဥခွံလေးတွေ ထည့်ပေးခြင်းဖြင့် အပင်တွေအတွက် အာဟာရဓာတ်ရရှိပြီး ကျန်းမာသန်စွမ်းစေနိုင်သလို အဖျက်ပိုးအချို့ရဲ့ ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင်မြေဆီလွှာရဲ့ မြေချဉ်/ငန်ကိန်းပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကြက်ဥခွံလေးတွေကို သဘာဝအတိုင်း မြေပြင်မှာစိုက်ပျိုးတဲ့ အပင်တွေမှာရော အိမ်တွင်းအလှစိုက်အပင်တွေမှာ ထည့်ပေးနိုင်ပါတယ်။

စာရေးသူတို့အိမ်မှာဆိုရင် နှင်းဆီပင်၊ စံပယ်ပင်၊ သစ်ခွပင်နဲ့ အခြားအလှစိုက်အပင်တွေထဲကို ကြက်ဥခွံတွေ ချေပြီး မကြာခဏထည့်ပေးလေ့ရှိပါတယ်။ တကယ်လည်းအကျိုးရှိပါတယ်။ ဒါ့ကြောင့်  စိုက်ခင်းထဲ (သို့မဟုတ်) ပန်းအိုးတွေထဲကို ကြက်ဥခွံထည့်ခြင်းရဲ့ အဓိက အကျိုးကျေးဇူး ၃ မျိုးကို မျှဝေပေးသွားပါမယ်။ 

၁။ အပင်အား ကျန်းမာသန်စွမ်းစေခြင်း

ကြက်ဥခွံတွေမှာ ကယ်လ်စီယမ်ကာဗွန်နိတ်လို့ခေါ်တဲ့ သတ္တုဓာတ်ပါဝင်ပြီး ၎င်းဓာတ်ဟာ အပင်တွေကျန်းမာသန်စွမ်းဖို့အတွက် ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင်၎င်းအာဟာရဓာတ်ဟာ အပင်ရဲ့ ဆဲလ်နံရံတွေကို တောင့်တင်းခိုင်မာအောင် ကူညီပေးပါတယ်။ လူသားတွေမှာဆိုရင်တော့ အရိုး အဆစ်တွေကို သန်မာအောင် ပြုလုပ်ပေးတဲ့ ပုံစံမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဒါ့အပြင် ကြက်ဥခွံမှာ ဖော့စဖောရပ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်း အနည်းငယ်ပါဝင်နေပါသေးတယ်။ ဖော့စဖောရပ်ဟာ အပင်ရဲ့ အမြစ်၊ အစေ့အဆန်၊ အပွင့်နဲ့ အသီး ဖြစ်ပေါ်မှုတွေကို အားပေးပါတယ်။ ပိုတက်စီယမ်ကတော့ အပင်ရဲ့ ပင်စည်တောင့်တင်းခိုင်မာဖို့နဲ့ ကြီးထွားရှင်သန်နိုင်ဖို့ အားပေးပါတယ်။

၂။ အဖျက်ပိုးကာကွယ်ပေးခြင်း 

အကယ်၍ သင့်ရဲ့ စိုက်ခင်းတွေနဲ့ ပန်းအိုးတွေမှာ ခရုတွေ၊ ပက်ကျိတွေ ကျရောက်တတ်တယ်ဆိုရင် ၎င်းတို့ကို ကာကွယ်ဖို့ ကြက်ဥခွံကို ထည့်ပေးနိုင်ပါတယ်။ ကြက်ဥခွံရဲ့ စူးရှပြီး ကြွပ်ဆတ်တဲ့ သဘာဝကြောင့် ၎င်းအဖျက်ပိုးတွေ အပင်ဆီကိုလာရောက်ဖို့ ဟန့်တားပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥခွံတွေကို အပင်ခြေရင်းတစ်ဝိုက်မှာ ဖြန့်ပေးထားနိုင်ပါတယ်။

အပင်ကို အာဟာရဓာတ်ရရှိအောင် ကြက်ဥခွံ ထည့်တာဆိုရင်တော့ ကြိတ်ချေပြီးထည့်သင့်ပါတယ်။ ဒါပေမယ့် ခရုတွေ၊ ပက်ကျိတွေ ကျရောက်တတ်လို့ ကြက်ဥခွံထည့်တာဆိုရင်တော့ ကြိတ်ချေတာမျိုးမဟုတ်ဘဲ ၂ လက်မဝန်းကျင် အရွယ်အစားရှိတဲ့ ကြက်ဥခွံ အပိုင်းအစလေးတွေကို  အပင်ပတ်လည်မှာ ချပေးနိုင်ရင် ပိုပြီးထိရောက်မှာ ဖြစ်ပါတယ်။ 

၃။ မြေချဉ်/ငန် ဓာတ်ကို ထိန်းညှိပေးခြင်း 

ကြက်ဥခွံထည့်ပေးခြင်းရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ မြေဆီလွှာရဲ့ ချဉ်/ငန် ဓာတ်ကို ထိန်းညှိပေးတာဖြစ်ပါတယ်။ ၎င်းမှာပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ မြေချဉ်/ငန်ကိန်း ပမာဏကို တိုးစေပါတယ်။ အပင်အများစုဟာ အက်စစ်ဓာတ်ဆန်တဲ့ မြေတွေမှာဆိုရင် ရှင်သန်ပေါက်ရောက်နိုင်ဖို့ ခက်ခဲကြပါတယ်။ ၎င်းအခြေအနေမှာ ကြက်ဥခွံထည့်ပေးခြင်းအားဖြင့် မြေချဉ်/ငန်ကိန်းကို ထိန်းညှိပေးနိုင်ပါတယ်။

အကယ်၍ သင်ဟာ ကြက်ဥခွံထည့်ခြင်းဖြင့် မြေချဉ်/ငန်ကိန်းအပေါ် သက်ရောက်မှုရှိမှာကို စိုးရိမ်တယ်ဆိုရင်တော့ ကြက်ဥခွံအမှုန့်တွေကို သောက်ပြီးသားကျန်ရှိတဲ့ ကော်ဖီအမှုန့်နဲ့ ရောစပ်ပြီး အပင်မှာ ထည့်ပေးနိုင်ပါတယ်။ 

ကြက်ဥခွံတွေကို နောက်ထပ် ဘယ်လိုပုံစံနဲ့ အသုံးပြုနိုင်သလဲ?  

ကြက်ဥခွံတွေကို မြေဆွေးပြုလုပ်တဲ့အခါမှာ အခြားသော သဘာဝစွန့်ပစ်ပစ္စည်းများနဲ့အတူ ရောစပ်ထည့်သွင်းနိုင်ပါတယ်။ ကြက်ဥခွံမှာပါဝင်တဲ့ သတ္တုဓာတ်တွေဟာ တဖြည်းဖြည်းနဲ့ ပြိုကွဲသွားပြီး မြေဆွေးထဲမှာ အာဟာရဓာတ်တွေအနေနဲ့ ရရှိစေမှာဖြစ်ပါတယ်။ ကြက်ဥခွံတွေဟာ ပြိုကွဲဆွေးမြည့်ဖို့ အချိန်ယူရလေ့ရှိတာကြောင့် မြေဆွေးပြုလုပ်တဲ့အခါ ထည့်သွင်းမယ်ဆိုရင်တော့ ကြိတ်ချေပြီး ထည့်ပေးခြင်းဟာ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ 

နောက်တစ်မျိုးကတော့ ကြက်ဥခွံအာဟာရဖျော်ရည်ပုံစံနဲ့ အသုံးပြုနိုင်ပါတယ်။

  • ကြက်ဥခွံတွေကို သန့်စင်အောင် ရေဆေးပါ။ 
  • ပြီးလျှင် လုံးဝခြောက်သွေ့အောင်ထားပါ။ 
  • ပြီးလျှင် မှုန့်ညက်အောင် ကြိတ်ချေပါ။ 
  • ခွက်တစ်တခုထဲသို့ အမှုန့်များကိုထည့်ပြီး ၎င်းပေါ်သို့ ဆူပွက်နေသော ရေနွေးလောင်းထည့်ပါ။ 
  • ၎င်းအရည်ကို သာမန်အခန်းအပူချိန်ရောက်သည်အထိ မွှေပေးပါ။ 
  • အေးသွားပြီဆိုလျှင် အရည်ကို စစ်ယူပြီး အပင်များကိုလောင်းနိုင်ပါတယ်။ 
  • ကျန်ရှိတဲ့ ကြက်ဥခွံအပိုင်းအစများကိုတော့ မြေဆွေးလုပ်တဲ့အခါမှာထည့်နိုင်ပါတယ်။ 

အကယ်၍ သင်ဟာ စိုက်ပျိုးထားတဲ့ အပင်တွေကို မြေအသစ်လဲဖို့ မလုပ်နိုင်သေးဘူးဆိုရင် ဒီ ကြက်ဥခွံဖျော်ရည်လေးပြုလုပ်ပြီး လောင်းပေးထားမယ်ဆိုပါကလည်း အပင်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref: http://www.picturethisai.com

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်