မြေဆီ ဒီလောက် ရှားပါးပုံမျိုးနဲ့ ကမ္ဘာကြီး ဆက်လက် အူစိုနိုင်ပါဦးမည်လား? (၁)

09/05/2022 15:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

မကြုံစဖူး ပထမဆုံးဆိုသလိုပဲ သီးနှံပေါ်ချိန် အထွက်နှုန်းကို ဆိုးဆိုးရွားရွား မထိခိုက်စေဘဲ မြေဆီဘယ်လောက်ထိ နည်းအောင် ချွေသုံးလို့ရနိုင်မလဲဆိုတာကို တစ်ကမ္ဘာလုံးက တောင်သူလယ်သမားတွေအားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ ပေသီးခေါက်တွက်ချက်နေကြရပါတယ်။ ကနဦး ခန့်မှန်းချက်တွေအရတော့ အားရဖွယ်ရာအလားအလာ မရှိလှပါဘူး။

ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှု အများဆုံး ဘရာဇီးနိုင်ငံမှာ ပိုတက်ရှ် အသုံးပြုမှု ၂၀ ရာခိုင်နှုန်း လျှော့ချလာရပြီး ဒါက သီးနှံအထွက်ကို ၁၄ ရာခိုင်နှုန်းလောက်အထိ ကျဆင်းလာစေနိုင်တယ်လို့ MB Agro လယ်ယာအတိုင်ပင်ခံလုပ်ငန်းက ထုတ်ပြန်ပါတယ်။ ကော်စတာရီကာနိုင်ငံမှာ ကော်ဖီတစ်ပိုင်တစ်နိုင်စိုက်ပျိုးသူ ၁၂၀၀ ကို ကိုယ်စားပြုတဲ့ ကော်ဖီသမဝါယမအသင်းကလည်း တကယ်လို့ လယ်သမားတွေအနေနဲ့ သုံးနေကျ မြေဆီနှုန်းထားရဲ့ သုံးပုံတစ်ပုံလောက် လျှော့ချရမယ်ဆိုရင် နောက်နှစ်မှာ ကော်ဖီအထွက် ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းလာမယ်လို့ ခန့်မှန်းပါတယ်။ အနောက်အာဖရိကဒေသမှာ မြေဆီသုံးစွဲနိုင်မှု နည်းလာတာကြောင့် ယခုနှစ် စပါးနဲ့ ပြောင်းအထွက် သုံးပုံတစ်ပုံ ကျဆင်းလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာဓာတ်မြေသြဇာဖွံ့ဖြိုးရေးစင်တာ (IFDC) က ထုတ်ပြန်ပါတယ်။

"လယ်သမားတွေဟာ သူတို့စားဖို့အတွက် လုံလောက်အောင်တော့ စိုက်ပျိုးနိုင်ကြလိမ့်မယ်။ ဒါပေမဲ့ မေးခွန်း ထုတ်စရာက သူတို့တွေ မြို့ပေါ်လူတွေအတွက် ဘယ်လိုထုတ်လုပ်ပေးနိုင်မလဲ ဆိုတာပဲ" လို့ အိုင်ဗရီကို့စ်နိုင်ငံမှာ အခြေစိုက်တဲ့ IFDC ဌာနခွဲရဲ့ ဓာတ်မြေသြဇာဈေးကွက် ပညာရှင် Patrice Annequin က ပြောပါတယ်။ "အနောက်အာဖရိကဒေသမှာ လက်ရှိ ကြုံနေရတဲ့ အကြမ်းဖက်မှု အန္တရာယ်တွေအပြင် ငတ်မွတ်ခေါင်းပါးမှုတွေ ထပ်တိုးလာမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ ဒေသမှာရှိတဲ့ အစိုးရများစွာအတွက် အန္တရာယ်အတိပါပဲ" လို့ သူက ပြောပါတယ်။

ကမ္ဘာမှာ စိုက်ပျိုးရေးလုပ်ငန်းထဲ မပါဝင်တဲ့ သန်းထောင်ပေါင်းများစွာသော လူတွေဟာ မြေဆီတွေ ဈေးသက်သက်သာသာ မဝယ်ယူနိုင်တဲ့ ကိစ္စကို သူတို့နဲ့ အလှမ်းကွာတဲ့ပြဿနာလို့ ထင်ကောင်းထင်ကြပါမယ်။ တကယ်တော့ ဒီကိစ္စဟာ ဘယ်အိမ်ထောင်စုကိုမှ သက်သာရာရစေမှာမဟုတ်ပါဘူး။ ထိခိုက်မှုအသက်သာဆုံးအခြေအနေမှာတောင် ဓာတ်မြေသြဇာဈေး ထောင်တက်လာတဲ့ အကျိုးဆက်အနေနဲ့ သီးနှံအထွက်နှုန်းတွေ ကျဆင်းလာမယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် နွားနို့၊ အမဲသားကနေ အသင့်စားသောက်ကုန်တွေအထိ အစစအရာရာဈေးနှုန်းတွေ လချီ၊ နှစ်ချီပြီး ကြီးမြင့်လာတာကို ခံရမယ်။ နဂိုကတည်းက စားနပ်ရိက္ခာမဖူလုံမှု ကြုံတွေ့နေပြီးဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင်တော့ မြေဆီတွေ မသုံးနိုင်တော့ရာကနေ အာဟာရမပြည့်ဝမှု၊ နိုင်ငံရေးမငြိမ်သက်မှုနဲ့ နောက်ဆုံး မသေသင့်ဘဲ သေဆုံးရတဲ့ လူ့အသက်တွေအထိ ရှိလာပါတော့မယ်။

"အခုစိုက်တဲ့ တစ်သီးမှာ မြေဆီ လျှော့သုံးသွားရမှာပါ။ ဈေးက ဒီလောက် မိုးထိုးနေမှတော့ ဝယ်မသုံးနိုင်တော့ဘူး" လို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန်စပါးဒေသ စင်ထရယ်လူဇန်ပြည်နယ်ထဲက အသက် ၆၁ နှစ်အရွယ် တောင်သူ Marcelo Cudia က သူ ၁၃ နှစ်ပတ်လုံး စိုက်ပျိုးလာခဲ့တဲ့ စပါးခင်းအနီးမှာနေရင်း ပြောပါတယ်။ အဲဒီကနေ မိုင်ပေါင်း ၁၂၀၀၀ အကွာမှာရှိတဲ့ ဘရာဇီးနိုင်ငံက ပဲပုပ်တောင်သူ Napoleão Rutilli ဟာလည်းပဲ အလားတူ ရွေးရခက်ခက်အခြေအနေကို ရင်ဆိုင်နေရပါတယ်။ "မြေဆီဈေးတွေ ကြီးနေရင်တော့ မြေဆီလျှော့သုံးရမှာပဲ။ မြေဆီ လျှော့သုံးရင် ထုတ်လုပ်မှု နည်းလာမယ်။ အဲဒီတော့ စားသောက်ကုန်ဈေးတွေ တက်ပြီး လူတိုင်း ဒုက္ခရောက်ပေါ့" လို့ အသက် ၃၃ နှစ်ရှိ ဒုတိယမျိုးဆက်တောင်သူက ပြောပါတယ်။

မြေဆီဈေး ဘာကြောင့်တက်သလဲ

တောင်သူကြီးတွေဟာ အရေးကြီး အပင်အာဟာရ သုံးမျိုးဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နဲ့ ပိုတက်ဆီယမ်တို့ သုံးမျိုးစပ်မြေဆီအပေါ် မှီခိုအားပြုပြီး သီးနှံအထွက်တိုးအောင် မောင်းနှင်နေကြတာပါ။ အဲဒီသွင်းအားစုတွေဟာ တစ်လျှောက်လုံး အရေးပါလာခဲ့တာ ဖြစ်ပေမဲ့ လူသားတွေအနေနဲ့ အမိုးနီးယားအခြေပြု မြေဆီတွေ အုံနဲ့ကျင်းနဲ့ ထုတ်လုပ်တတ်လာခဲ့တာဟာ ရာစုနှစ်တစ်ခုသာ ရှိပါသေးတယ်။ ဓာတ်မြေသြဇာထုတ်လုပ်ရေးမှာ ယနေ့အထိ အသုံးပြုနေဆဲ ဖြစ်ပြီး ၁၉၀၀ ပြည့်လွန်နှစ် အစောပိုင်းက တွေ့ရှိတဲ့ Haber-Bosch နည်းလမ်းက လယ်သမားတွေကို သီးနှံအထွက်နှုန်း တောင်ပုံရာပုံ မြှင့်တင်နိုင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ လယ်ယာကဏ္ဍဟာ လူလုပ် ဓာတ်မြေသြဇာတွေအပေါ် အလွန်အကျွံ မှီခိုလာခဲ့ရပါတယ်။ မြေကြီးရဲ့ မြေဆီလိုအပ်ချက်ဟာ ဒေသတစ်ခုနဲ့တစ်ခုကြား မတူညီတဲ့တိုင်အောင် "မြေဆီသုံးမှ အထွက်ရ" ဆိုတဲ့ ယေဘုယျအချက်ကတော့ ငြင်းကွယ်နိုင်စရာမရှိ ဖြစ်နေပါတယ်။

ဒါပေမဲ့ ဓာတ်မြေသြဇာဈေးတွေ ခေါင်ခိုက်လာခဲ့တယ်။ မြောက်အမေရိကတိုက်မှာဆိုရင် ကပ်ရောဂါအစကာလလောက်နဲ့ ယှဉ်ရင် မြေဆီဈေး သုံးဆနီးပါး မြင့်တက်ခဲ့တယ်။ ဒီအခြေအနေမှာ လယ်သမားတွေဟာ မြေဆီအသုံးကို မလွှဲမရှောင်သာ လျှော့ချလာရပြီး ဒါက ကမ္ဘာကြီးကို မကြံစဖူးအခြေအနေဆီ တွန်းပို့ပေးနေပါတယ်။

"မြေဆီဈေးတွေဟာ မနှစ်ကထက် ၇၀ ရာခိုင်နှုန်းလောက် ပျမ်းမျှအားဖြင့် မြင့်တက်ခဲ့တယ်" လို့ ကင်ညာနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးမူဝါဒနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက သုတေသနပညာရှင် Timothy Njagi က ကင်ညာနိုင်ငံတွင်း မြေဆီဈေးတွေကို ရည်ညွှန်းပြောပါတယ်။ "ဈေးကွက်ထဲမှာ မြေဆီကို ဝယ်လို့ရပါတယ်။ ဒါပေမဲ့ တောင်သူအများစု လက်လှမ်းမမီတဲ့ဈေးကို ရောက်နေတာပါ။ ပိုဆိုးတာကတော့ အဲဒီလောက်ဈေးနဲ့ ဝယ်သုံးရင် အရင်းပြန်ကြေမှာမဟုတ်ဘူးလို့ လယ်သမားအများစုက သိနေကြတာပါ" လို့ သူက ပြောပါတယ်။

ဓာတ်မြေသြဇာဈေးတွေ တက်လာခဲ့တာ တစ်နှစ်ကျော် ကြာခဲ့ပြီး တက်ရခြင်းအကြောင်းရင်းများစွာ ရှိပါတယ်။ အဲဒီထဲ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ ထုတ်လုပ်ရာမှာ အဓိကထား သုံးရတဲ့ သဘာဝဓာတ်ငွေ့ဈေးတွေ တက်လာတာ၊ ဘီလာရုစ်နိုင်ငံက ပိုတက်ရှ်လုပ်ငန်းကြီးတစ်ခုအပေါ် ပိတ်ဆို့အရေးယူလိုက်တာ၊ အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းမှာ နှစ်နှစ်ဆက်တိုက် မုန်တိုင်းဝင်ပြီး မြေဆီထုတ်လုပ်ရေးတွေ ယာယီ ရပ်ဆိုင်းခဲ့ရတာနဲ့ ကိုဗစ်-၁၉ ကြောင့် ဓာတုဆေးဝါးတွေအပါအဝင် ကမ္ဘာ့ကုန်စည်ရောင်းချမှုကွင်းဆက်ကြီးတစ်ခုလုံး အလျင်ပြတ်ခဲ့ရတာတွေ ပါဝင်ပါတယ်။

အဲဒီလို ဓာတ်မြေသြဇာဈေးကွက်ထဲမှာ ကုန်ပြတ်လာတာက ဖော့စ်ဖရပ် ထုတ်လုပ်မှုအများဆုံး တရုတ်နိုင်ငံကို အစိုးရိမ်လွန်စေခဲ့ပါတယ်။ တရုတ်က ပြည်တွင်းမှာ မြေဆီများများ သိုမှီးထားဖို့ ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်လိုက်တဲ့အတွက် ကမ္ဘာတစ်ဝန်း ဓာတ်မြေသြဇာပြတ်လပ်မှု ထပ်တိုးဆိုးရွားသွားခဲ့ပါတယ်။ တစ်ခါ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပြုလိုက်တော့ ကမ္ဘာ့မြေဆီတင်ပို့မှု ငါးပုံတစ်ပုံနီးနီး ဖြတ်တောက်ခံလိုက်သလို ဖြစ်သွားပြီး ဓာတ်မြေသြဇာလုပ်ငန်းနဲ့ လုပ်ငန်းရဲ့ဈေးနှုန်းသတ်မှတ်မှုယန္တရားတွေဟာ မကြုံစဖူး ထူးကဲစွာ ပျက်ပြားသွားခဲ့ရပါတယ်။

"မြေဆီရောင်းအားဟာ အလွန်အမင်း နိမ့်ကျနေတယ်။ တော်တော်ဆိုးဆိုးရွားရွား အဆင့်ထိပါပဲ။ ပုံမှန်ဆိုရင် ဒီကာလက ရောင်းအကောင်းဆုံးကာလပါ" လို့ ယူကေအခြေစိုက် လယ်ယာလုပ်ငန်းများအဖွဲ့ ရဲ့ မြေဆီဌာန အကြီးအကဲ Jo Gilbertson က ပြောပါတယ်။ "ပြဿနာမျိုးစေ့တွေက ပျိုးကောင်းနေတုန်းရှိသေးတယ်" လို့ သူက ဆိုပါတယ်။

အပိုင်း (၂) မှာတော့ မြေဆီအထည့်နည်းရင် သီးနှံအထွက် ဘယ်လိုထိခိုက်မလဲ၊ သီးနှံအထွက်ကျရင် ကုန်ဈေးနှုန်းအပေါ် ဘယ်လိုသက်ရောက်မလဲ၊ ဒီပြဿနာကို လယ်သမားတွေ ဘယ်လိုဖြေရှင်းနိုင်မလဲ စတဲ့ အချက်တွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဝေယံဟိန်း (B.Ag)

Ref: Can the World Feed Itself? Historic Fertilizer Crunch Threatens Food Security - Bloomberg 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်