ဩဂဲနစ်မြေဩဇာများ၏ အကောင်းဘက်ခြမ်းများ

16/02/2022 14:00 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

ပြီးခဲ့တဲ့အပတ် ဆောင်းပါးမှာတုန်းက လက်လုပ်ဩဂဲနစ် မြေဩဇာတွေရဲ့ အရေးကြီးဆိုးကျိုးတချို့ကို ဖော်ပြပြီး ဖြစ်လို့ ဒီအပတ်မှာတော့ ကောင်းကျိုးတွေကို ဖော်ပြသွားပါ့မယ်။ 

မြေဩဇာဈေးတွေ မြင့်တက်နေတာကြောင့် ဩဂဲနစ်မြေဩဇာများကို တစ်ပိုင်တစ်နိုင် ပြုလုပ်ပြီး စိုက်ပျိုးရေးမှာ အသုံးပြုနိုင်ပါတယ်..။ မိမိကိုယ်တိုင် ဖန်တီးထားတဲ့  ဩဂဲနစ်မြေဩဇာတွေကို စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အနေ နဲ့ သိပ်ပြီး တန်ဖိုးမထားကြတာ တွေ့ရပါတယ်။ 

ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့မှာလည်း ကောင်းကျိုးတွေ အများအပြားရှိလို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်..။ 

(၁) မြေဆီလွှာအပေါ် သက်ရောက်မှု

ဩဂဲနစ်မြေဩဇာတွေဟာ ဩဂဲနစ်ပစ္စည်းများ သို့မဟုတ် သစ်ဆွေးဓာတ်ကို အခြေခံထားတာကြောင့် မြေသားကို ပိုမို ကောင်းမွန်စေပါတယ်။  မြေသား အနုအကြမ်းနဲ့ ရေထိန်းစွမ်းအားများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်။ မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးများကို ပိုမို တိုးပွားစေပါတယ်..။ မြေဆီလွှာရဲ့ ဓာတ်ဂုဏ်သတ္တိ၊ ရုပ်ဂုဏ်သတ္တိနဲ့ ဇီဝဂုဏ်သတ္တိ (၃) မျိုးလုံးအတွက် အထောက်အကူပြုပါတယ်..။ 

(၂) အပင်အာဟာရဓာတ်တန်ဖိုး 

အားလုံးကြားသိနေတဲ့ နိုက်ထရိုဂျင် (N) ဖော့စ်ဖရပ် (P) နဲ့ ပိုတက်ဆီယမ် (K) အများလို အာဟာရဓာတ်များ သာမက အခြား အနည်းလို အာဟာရဓာတ်များကိုလဲ ရရှိနိုင်ပါတယ်..။ ဒီနေရာမှာ ဓာတုမြေဩဇာဆိုရင် ပါဝင်တဲ့ သတ်မှတ်အာဟာရဓာတ်ကိုသာရနိုင်ပါမယ်..။ ဩဂဲနစ် မြေဩဇာတွေမှာ များသောအားဖြင့် အာဟာရတန်ဖိုး နည်းပေမယ့် အနည်းလိုဓာတ်များပါအပါ အာဟာရဓာတ် စုံလင်စွာ ပါနိုင်ပါတယ်..။

(၃) ထိခိုက်ပျက်စီးမှု

ငါးအမိုင်နိုနဲ့ အချို့သော အချဉ်ဖောက်ရည်တွေကလွဲရင် မြေဆွေး၊ ဘိုကာချီ စတဲ့ ဩဂဲနစ် မြေဩဇာတွေဟာ အပင်လောင်ကျွမ်းမှု နည်းပါးပါတယ်..။ ငါးအမိုင်နိုနဲ့ ရွက်ဖျန်းတွေအနေနဲ့လည်း သတ်မှတ်နှုန်းထားနဲ့ပဲ ဖျန်းရင် အပင်တွေထိခိုက်မှုရှိနိုင်မှာ မဟုတ်ပါဘူး။ ဓာတုမြေဩဇာတွေကိုလည်း လက်ဆမမှန်ဘဲ ကျဲပက်တာများသွားရင် အပင်များကို သိသာစွာ ထိခိုက်နိုင်ပါတယ်..။ ဒါ့အပြင် ဩဂဲနစ် မြေဩဇာတွေဟာ လူ၊ စိုက်ခင်း၊ မြေကြီးနဲ့ ပတ်ဝန်းကျင် ဂေဟစနစ် ကို ဓာတုစိုက်ပျိုးရေးဆေးတွေထက် ထိခိုက်နိုင်မှု နည်းပါတယ်..။

(၄) ကုန်ကျစားရိတ် 

ဟိုး ယခင်နှစ်တွေအရ ပုလဲတစ်အိတ် ၂-၃ သောင်းခန့် (သို့) ကွန်ပေါင်း တစ်အိတ် ၃-၄ သောင်းခန့်တုန်းကတော့ ဓာတုမြေဩဇာတွေက အလုပ်ရှုပ်သက်သာတာကြောင့် ပေးရကျိုးနပ်ပါတယ်..။ အခုအချိန်မှာတော့ ဩဂဲနစ် မြေဩဇာတွေကို ရွေးချယ် လုပ်အားစိုက်ပြီး ပြုလုပ်မယ်ဆိုရင် ပိုမို တွက်ချေကိုက်ပါမယ်..။

(၅) အကျိုးအာနိသင် 

အကျိုးအာနိသင်အားဖြင့် ကိုယ်တိုင်လုပ်နည်းလေးတွေ ဖတ်ရှုလေ့လာပြီး ဖန်တီးထားတဲ့ လက်လုပ် တစ်ပိုင် တစ်နိုင် ဩဂဲနစ်မြေဩဇာတွေဟာ တကယ်ကော အကျိုးရှိပါ့မလား? အထွက်ကောင်းအောင် တကယ်ပဲ လုပ်ဆောင်ပေးနိုင်မလား ? 

ဒီမေးခွန်းအတွက် အတိုးတက်သလို ဥပမာ ပေးပါရစေ၊ တစ်ရာသီနဲ့တော့ မသိသာ ပေမယ့်၊ အတိုး တဖြည်းဖြည်း တက်လာသလို မြေသားများ တစ်ရာသီထက် တစ်ရာသီ ပိုမို ကောင်းမွန်လာပြီး အကျိုးရှိလာမှာဖြစ်ပါတယ်..။ ဓာတုမြေဩဇာများ အနေဖြင့် ပေးခြင်းမှာလည်း အပင်တွေဟာ ပေးသမျှ ကျွေး သမျှ အကုန်စားမရနိုင်ပါဘူး။ လေလွင့်ဆုံးရှုံးနိုင်ပါတယ်..။ ဩဂဲနစ် မြေဩဇာတွေမှာတော့ အပင်လိုသလောက် စားနိုင်ရုံတမယ်သာ အစာအဟာရဓာတ် ထုတ်ပေးပါတယ်..။ အဲ့ဒါကြောင့် ပိုးနဲ့ရောဂါ အလွန်အကျွံ ကျလာမှာကိုလည်း ထိန်းညိှပေး ပါတယ်..။ အချိန်အားဖြင့်လည်း ပိုပြီးတော့ မြေကြီးအတွင်းမှာ တည်ရှိနေနိုင်ပါတယ်..။ အနှစ်ချုပ်အားဖြင့် ဓာတုမြေဩဇာတွေထက် သာလွန်တဲ့ အထွက်နှုန်းကို မရရှိနိုင်ပေမယ့် ရေရှည်မှာတော့ ဓာတုမြေဩဇာက ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေထက် သူက ပိုသာနိုင်ပါတယ်..။

မြန်မာနိုင်ငံမှာ ဩဂဲနစ် စိုက်ပျိုးရေးစနစ်သို့ လုံးဝနီးပါး ပြောင်းဖို့မလွယ်ပေမယ့် မြေဩဇာ အခန်းကဏ္ဍကစလို့ ပြောင်းလဲသင့်ပါတယ်..။ဒါမှသာ ဓာတုမှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကြောင့် စိုက်ခင်း မြေကြီးအား ထိခိုက်မှုကို ကုစားရန် အဆင်ပြေပါမယ်..။ မိမိတို့ရဲ့အချိန်နဲ့ လုပ်အားတချို့ကို ဩဂဲနစ်မြေဩဇာများ အတွက် ရည်ရွယ်သွားမယ်ဆိုရင် ပိုမိုတည်တံ့တဲ့ စိုက်ပျိုးရေးဆီသို့ ဦးတည်လာနိုင်မှာ ဖြစ်ပါတယ်..။ 

ဖုန်းမာန်တိုး (ရေဆင်းရနံ့)

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်