ပါကူး(Pacu)ဟု လူသိများသော ရေချိုငါးမုတ်သည် ရေချိုငါးမွေးမြူထုတ်လုပ်ရေးတွင် ရေပန်းစားသော ငါးအမျိုးအစားတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း မွေးမြူမှု များပြားပါသည်။
ရေချိုငါးမုတ်သည် ဒေသမျိုးရင်းငါး မဟုတ်ဘဲ ၎င်း၏မူရင်းဒေသမှာ တောင်အမေရိကတိုက်ရှိ ဘရာဇီးနှင့် ပီရူးနိုင်ငံတို့မှ ဖြစ်ပါသည်။
ရေချိုငါးမုတ်(ခေါ်) ပါကူးသည် တီလားပီးယားငါးကဲ့သို့ပင် မျိုးကွဲအများအပြားရှိသော ငါးအုပ်စုဖြစ်သည်။
- မွေးမြူရေးတွင် အသုံးပြုသော ရေချိုငါးမုတ်မှာ သိပ္ပံအမည်အားဖြင့် Piaractus brachypomus ဟု ခေါ်ဆိုပြီး အင်္ဂလိပ်အမည် “Red-bellied pacu” ဟုခေါ်သည့် အမျိုးအစားဖြစ်သည်။
- ရေချိုငါးမုတ်(Pacu)ငါးများသည် အသီးအရွက်စားငါးမျိုး(Herbivores)များဖြစ်ကြပြီး အပင်များ၏ အရွက်၊အသီးအပွင့်နှင့် သစ်စေ့များကို အဓိက စားသုံးသော်လည်း ကန်အောက်ခြေရှိ ခရုနှင့်အင်းဆက်များကိုလည်း စားသောက်လေ့ရှိပါသည်။
- မွေးမြူရေးရေချိုငါးမုတ်များသည် အပူပိုင်းဒေသငါးမျိုးများကဲ့သို့ပင် အမြင့်ဆုံးအပူချိန်(၂၈-၃၀)ဒီဂရီ စင်တီဂရိတ်တွင် ကြီးထွားနှုန်းအကောင်းဆုံးဖြစ်ပြီး အပူချိန်(၁၇-၁၈) ဒီဂရီ စင်တီဂရိတ်အောက်တွင်မူ အစာစားနှုန်း လျော့ကျသွားပါသည်။ ၎င်းငါးအမျိုးအစားသည် အပူချိန်နှင့် အစာရရှိမှု မြင့်မားလေ ကြီးထွားမှု မြင့်မားလေ ဖြစ်ပါသည်။
မွေးမြူရေးတွင် ရေချိုငါးမုတ်ငါး၏ အားသာချက်များမှာ..
- (က) ကြီးထွားမှု ကောင်းမွန်ခြင်း၊
- (ခ) ငါးမွေးကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ဓာတ် လျော့နည်းမှုကို ခံနိုင်ရည်ရှိခြင်း
- (ဂ) အစာအတွက် အသားဓာတ်မြင့်မားသော စျေးနှုန်းကြီးမြင့်သည့် အစာများအား ကျွေးမွေးရန်မလိုအပ်ခြင်း စသည်တို့ ဖြစ်ပါသည်။
ရေချိုငါးမုတ်ငါးများကို အစားအစာလုံလောက်စွာ ကျွေးမွေးပါက မွေးကာလ ၁ နှစ်အတွင်း ၇၅ ကျပ်သားအရွယ်ထိ ကြီးထွားနိုင်ပါ သည်။ သဘာဝအခြေအနေတွင် ၎င်းငါးသည် ၂ ပိဿာအရွယ်မှ ၄ ပိဿာအရွယ်ထိ ကြီးထွားနိုင်ပါသည်။
ရေချိုငါးမုတ်ကို မြေသားကန်ဖြင့်သာမက လှောင်အိမ်ဖြင့်ပါ အောင်မြင်စွာ မွေးမြူနိုင်ပါသည်။
မွေးမြူနည်းများမှာ-
- ရေချိုငါးမုတ်(ခေါ်) ပါကူး(Pacu)ငါးအမျိုးအစားအား မြေသားကန်ဖြင့် မွေးမြူနည်းနှင့် လှောင်အိမ်ဖြင့်မွေးမြူနည်းများဖြင့် မွေးမြူလေ့ရှိကြပါသည်။
- အဆိုပါငါးများသည် အခြားငါးများ၏ ရေယက်များအား ထိုးဆိတ်တတ်သော အလေ့အထရှိသည့်အတွက် ၎င်းငါးများအား အခြားငါးများနှင့် ရောရောနှောမွေးမြူခြင်း မပြုသင့်ပါ။
- မြေသားကန်ဖြင့်မွေးမြူရာတွင် အနည်းငယ်တိုးချဲ့မွေးမြူနည်းစနစ်(Extensive method)ဖြင့် မွေးမြူပါက စျေးကွက်ဝင်အရွယ်ဖြစ်သော ၆၂ ကျပ်သားခန့်အရွယ်သို့ ရောက်ရှိရန် ၂ နှစ်ကြာအထိ မွေးမြူရပါသည်။
- အစာကျွေးသည့်နည်းစနစ်ဖြင့် မွေးမြူပါက မွေးကာလ ၁ နှစ်အတွင်း စျေးကွက်ဝင်အရွယ်အစားသို့ရောက်ရှိအောင် မွေးမြူနိုင်ပါသည်။ငါးထည့်သွင်းနှုန်းအနေဖြင့် ၁ ဧကလျှင် ငါးကောင်ရေ ၁၀၀၀ မှ ၁၂၀၀ နှုန်း ထည့်သွင်းမွေးမြူခြင်းဖြင့် ၁ နှစ်တာကာလအတွင်း စျေးကွက်ဝင်အရွယ်သို့ ငါးများကြီးထွားနိုင်ပါသည်။
- လှောင်အိမ်စနစ်ဖြင့် မွေးမြူပါက ငါးထည့်သွင်းနှုန်းအား တိုးမြှင့်ထည့်သွင်းနိုင်သော်လည်း ရေချိုငါးမုတ်ငါးများသည် ကျပ်တည်းစွာမွေးမြူလျှင် ကြီးထွားနှုန်း လျော့နည်းကျဆင်းသွားလေ့ရှိေသာ သဘာဝရှိသည့်အတွက် ငါး၏ထည့်သွင်းမွေးမြူနှုန်းအား အထူးချိန်ဆ ထည့်သွင်းရန် လိုအပ်ပါသည်။
အောက်ဆီဂျင်လျော့နည်းမှုအား ခံနိုင်ရည်ရှိခြင်း
- မွေးမြူရေးကန်အတွင်းရှိ ရေတွင်ပျော်ဝင်နေသော အောက်ဆီဂျင်ပမာဏသည် ပုံမှန်အားဖြင့် ရေ၁ လီတာ (ရေသန့်ပုလင်းတစ်လုံး၏ ရေပမာဏ)တွင် ၃ မီလီဂရမ်အထက် ပျော်ဝင်လျက်ရှိပါသည်။
- ရေချိုငါးမုတ်ငါးများသည် ရေ ၁ လီတာတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ပမာဏ ၀.၅ မီလီဂရမ်သာ ပျော်ဝင်နေသော ပျော်ဝင်အောက်ဆီဂျင်လျော့နည်းသည့် အခြေအနေတွင်ပင် အသက်ရှင်နိုင်ကြောင်း တွေ့ရှိရပါသည်။
အသားဓာတ်လိုအပ်ချက်
- အကောင်းဆုံးကြီးထွားမှုကို ရရှိရန်အတွက် ရေချိုငါးမုတ်ငါးများကို အသားဓာတ် ၃၅ ရာခိုင်နှုန်း ပါဝင်သော အစာတောင့်များအသုံးပြုကျွေးမွေးခြင်းအားဖြင့် ရရှိနိုင်ပါသည်။
Ref: ငါးလုပ်ငန်းစခန်းတွင် သင်တန်းတက်ခဲ့စဉ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်