သာအောင်နဲ့သာမောင် ဆွေးနွေးခန်း - ခေတ်နဲ့ညီမယ့် စိုက်ပျိုးရေး

05/05/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ဦးသာအောင် = လယ်သမား

ကိုသာမောင် = လယ်/စိုက်/ရှင်း(ငြိမ်း)

ကိုသာမောင် ။   ။ ဦးသာအောင်ရေ မင်္ဂလာပါ။

ဦးသာအောင် ။   ။ မင်္ဂလာပါ..ဆရာလေး။

ကိုသာမောင် ။    ။ ဦးလေးက ရှေ့မီနောက်မီဆိုတော့ ဒီကနေ့ မြန်မာနိုင်ငံရဲ့ တောင်သူလယ်သမားတွေရဲ့ အခြေအနေနဲ့ လွန်ခဲ့တဲ့ နှစ်၃၀ လောက်က အခြေအနေလေး နှိင်းယှဉ်သုံးသပ်ပေးပါဦးဗျ။

ဦးသာအောင် ။    ။ ကိုယ့်ဘဝအခြေအနေနဲ့ သုံးသပ်ရရင် မြေ ၁၅ ဧက ရှိတယ်၊ မိသားစု ၅ ယောက်  လူနေမှုဖူလုံတယ်ဗျာ။ အရင်ခေတ်ကပေါ့။

အခုခေတ်နဲ့  ဘာတွေခြားနားချက်တွေ ရှိသွားလဲဆိုရင်တော့... အခုခေတ်မှာက...

- လယ်ယာအပေါ်အမှီပြုပြီး မရပ်တည်နိုင်တော့ဘူး

- လယ်လုပ်သား ရှားပါးလာတယ်

- ပိုးသတ်ဆေး/ဓာတ်မြေသြဇာ ပိုသုံးလာရလို့ ကုန်ကျစရိတ် ကြီးလာတယ်။

- မြေတွေကလည်း ဓာတ်မြေသြဇာမထည့်ရင် မထွက်တော့ဘူး။ မြေပျက်လာတယ်ပြောရမှာပေါ့ဆရာလေးရယ်။

- အိမ်ထောင်ဦးစီးတွေက လယ်ယာလုပ်ငန်းအပေါ် အာရုံစိုက်မှုနည်းလာတယ်။

မိန်းမတွေနဲ့ ပစ်ထားပြီး ငွေရလွယ်တဲ့ အခြားနိုင်ငံထွက်လုပ်ဖို့ပဲ အားသန်နေကြတယ်ပေါ့။ ကျနော်ကတော့ မိရိုးဖလာ တောင်သူပဲ လုပ်တတ်တော့ ရုန်းကန်နေရဆဲပေါ့ဆရာလေးရယ်..

ကိုသာမောင် ။    ။မှန်ပါတယ် ဦးလေး။ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတနိုင်ငံဟာ စိုက်ပျိုးရေးလုပ်ငန်း မတိုးတက်သမျှ အဲဒီနိုင်ငံ မတိုးတက် မချမ်းသာနိုင်ပါဘူး။

တိုင်းပြည်တပြည်၊ အဖွဲ့အစည်းတခု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ရာမှာဆိုရင်... စျေးကွက်ရှာဖွေတည်ဆောက်ဖို့က အရေးကြီးဆုံးလို့မြင်တယ်ဗျာ။

ခေတ်ကလည်း စျေးကွက်စီးပွားရေးခေတ် ဖြစ်နေတော့...

အရာရာကို Mraketing system စျေးကွက်စနစ်နဲ့ သွားနေကြပြီ..ဦးလေးရေ..

ဦးသာအောင် ။     ။ ဆရာလေးပြောတဲ့ မာကက်တင်းနဲ့ ကျနော်တို့ လယ်သမားနဲ့ ဘယ်လို ပတ်သက်တာလဲဆရာ..နားမလည်ဘူး...

ကိုသာမောင် ။     ။ မာကက်တင်း ဆိုတာ အရှုံးအမြတ်ကို တွက်ချက် ရောင်းဝယ်တဲ့ လုပ်ငန်းပါပဲဗျာ။ မြန်မာ တောင်သူတွေက..မိရိုးဖလာတောင်သူ လုပ်နေကြချိန်မှာ.. တခြားနိုင်ငံတောင်သူတွေက စျေးကွက်စီးပွားဆန်ဆန် ပရော်ဖက်ရှင်နယ်တောင်သူ လုပ်နေကြပြီဗျ။

ကဲ..ဦးလေး.. ရှင်းသွားအောင်..ကျနော်မေးမယ်။

ဦးလေး လယ်ကထွက်တဲ့သီးနှံ စျေးနှုန်းနဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာစျေးနှုန်းတွေ ယှဉ်ကြည့်ရင်..ဦးလေးဘယ်လိုခံစားရလဲ..

ဦးသာအောင် ။    ။ ကိုယ်ရောင်းရတဲ့ သီးနှံက စျေးမတက်ဘဲ ဝယ်သုံးနေရတဲ့ ပစ္စည်းတွေက စျေးနှစ်ဆမက တက်နေတယ်ဆရာရေ... တွက်ချေမကိုက်ဘူး..

ကိုသာမောင် ။    ။ အဲဒါ မာကက်တင်းကြောင့်ပဲပေါ့..ကိုယ့်လယ်ယာထွက်ပစ္စည်းတွေကို နိုင်ငံတကာစျေးကွက်ရအောင် မာကက်တင်း မလုပ်နိုင်လို့ ဒေါ်လာစျေးတက်လည်း သီးနှံစျေးက ဒီအတိုင်းပဲလေ။

နိုင်ငံတကာက ဝယ်ယူရတဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတွေကကျ စျေး၂ ဆ၊ ၃ ဆတက်နေတာ.. ဒါကြောင့်ပေါ့ ဦးလေးရာ..

ဦးသာအောင် ။   ။နည်းနည်းတော့ သဘောပေါက်သလိုရှိလာတယ်..ဆရာလေး..

နို့..နေပါဦး.၊ဆရာလေးပြောသလိုဆို...

လယ်ယာထွက်ကုန်သီးနှံတွေကို နိုင်ငံတကာဈေးကွက်ကို ဘာလို့ မပို့နိုင်တာလဲဗျ။

ကိုသာမောင် ။    ။ အငိုလွယ်ပေမယ့် အရှိုက်ခက်ဆိုသလို...အပြောလွယ်သလောက် အလုပ်ခက်ပုံရတယ် ဦးလေးရဲ့။

သီးနှံတမျိုးမျိုးကို နိုင်ငံတကာစျေးကွက် တင်ပို့တဲ့နေရာမှာက...

- သူတို့နိုင်ငံအတွက် မရှိမဖြစ် ကုန်ပစ္စည်းဖြစ်ရမယ်။

- သီးနှံရဲ့ အရည်အသွေးပြည့်မီရမယ်။

- G to G လို့ခေါ်တဲ့ အစိုးရချင်း ချိတ်ဆက်မှုရှိရမယ်။

- စျေးကွက်ခိုင်မာဖို့၊ နားလည်မှု ကြိုတင်စာချုပ်ချုပ်ထားရမယ်။

စတဲ့  အခြေခံအချက်တွေ ရှိထားပြီးမှ တောင်သူတွေကို ချပြပြီး လိုချင်တဲ့အရေအတွက်၊အရည်အသွေးကို  နည်းပညာ၊ သွင်းအားစုတွေနဲ့ တွက်ချက်လုပ်ကိုင်ကြရမှာ။

ဦးသာအောင် ။    ။ ကျနော် သဘောပေါက်သွားပြီဆရာလေးရေ..ကျေးဇူးလည်းတင်ပါတယ်ဗျာ..

ဒါပေမဲ့..

ကျနော့်စိတ်ထဲ ဘဝင်မကျတာလေး..ရှိသေးတယ်ဆရာ..

ကိုသာမောင် ။    ။ ဘာများပါလိမ့်..

ဦးသာအောင် ။     ။ ဆရာပြောသလို အငိုလွယ်၊ အရှိုက်ခက်တယ်ဆိုတော့..

နိုင်ငံတကာစျေးကွက် မထိုးဖောက်နိုင်သေးခင်..

လက်ရှိတောင်သူတွေ ၊အသက်ရှူချောင်ဖို့..

ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ..သိချင်သေးတယ်ဆရာ...

ကိုသာမောင် ။     ။အင်မတန်..မေးသင့်တဲ့မေးခွန်းပါဗျာ...အထက်မှာဆွေးနွေးခဲ့သလို မားကက်တင်း ပုံစံနဲ့သွားမှ အသက်ရှူချောင်ပါလိမ့်မယ်ဦးလေးရေ။

စျေးကွက်စီးပွားရေးဆိုတာ အရှုံးအမြတ်အပေါ် အခြေခံတာဆိုတော့ အရင်းနည်းပြီး အမြတ်များအောင်ဆောင်ရွက်ရမှာပေါ့ဗျာ။

- စိုက်ဧကအများကြီးထဲ ကိုယ်နိုင်သလောက်ဧရိယာကို #မြေစနစ်တကျပြုပြင်ရမယ်။

- ဓာတ်မြေသြဇာလျှော့ချပြီး သဘာဝ အိမ်လုပ်မြေသြဇာ(Home madeorganic fertilizer) ပြုလုပ်သုံးစွဲရမယ်။

- မျိုးတွေကို ပြောင်းလဲစိုက်ပျိုးရမယ်။

- ပိုးတွေကျရောက်မှုသက်သာအောင် ဘက်စုံပိုးမွှားကာကွယ်နည်းစနစ် (Integrated pest management,I.P.M)နည်း သုံးရမယ်။

(IPM နည်းစနစ် ကို အလျဉ်းသင့်သည့်အခါ သီးသန့်ဆွေးနွေးပါမည်)

- အသုံးပြုမှု စာရင်း၊ လယ်ယာလုပ်ဆောင်မှုမှတ်တမ်း ရေးမှတ်ထားရမယ်။

အသေးစိတ်ပြောရရင်တော့ အများကြီးပေါ့ ဦးလေးရယ်..

လုပ်နိုင်သလောက်က,စပြီးလုပ်မှရမှာပေါ့။

ဦးသာအောင် ။   ။ ဆရာလေးပြောပြတာတွေက သိသလိုလိုတွေချည်းပဲဗျ။

သိပြီးတော့... မလုပ်ဖြစ်ကြတာများတယ်။

ကိုသာမောင် ။   ။ အနေသာလို့၊ အသာနေနိုင်ကြတာပါဗျာ။

အသာနေရင်..အသေနာတတ်သတဲ့.. ဦးလေးရေ။ တကယ်လုပ်မှရတော့မှာပါ။

စ.ပြီး ပြင်ရမှာကတော့..

#မြေကို သြဇာမကျွေးဘဲ အပင်ကို သြဇာကျွေးနေတဲ့ ဆူလွယ်နပ်လွယ် စိတ်ဓာတ်ကို အရင်ပြင်ကြရလိမ့်မယ် ဦးလေးရေ..

ဦးသာအောင် ။    ။ ဆရာပြောမှ..မေးစရာတွေ ပေါ်လာပြန်ပြီဆရာ..

မြေချဉ်၊ မြေငန်တာတို့၊ မြေ သေ၊မြေရှင်(Dead soil and living soil) ဆိုတာတွေ အကြောင်းလည်း

ရှင်းပြပါဦးဆရာရယ်..

အကြောင်းကောင်းမှ အကျိုးကောင်းမှာ..

မြေကြီးကောင်းမှ အထွက်ကောင်းမှာ  မဟုတ်လားဆရာ...

ကိုသာအောင် ။    ။ စိုက်ပျိုးရေးရဲ့ အခြေခံအကြောင်းတရားဖြစ်သလို..

မသိလို့မဖြစ်၊ မပြင်လို့မဖြစ်တဲ့ အရာတွေပါပဲ ဦးလေးရေ..

ဒီနေ့တော့..ဒီလောက်နဲ့ နားကြဦးစို့ဗျာ..

ဟိုဖက်ရွာမှာ တောင်သူဆွေးနွေးပွဲ ဖိတ်ထားလို့ သွားလိုက်ပါဦးမယ်..

နောက်နေ့မှ..ဆက်ဆွေးနွေးကြတာပေါ့နော။

စေတနာများစွာဖြင့်..

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်