တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ

24/03/2023 10:49 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

တစ်သျှူးငှက်ပျောပင်လယ်လို့ တင်စားလို့ရတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ငှက်ပျောခင်းအချို့ မှာ ပနားမားရောဂါလို့လည်းခေါ်ကြတဲ့ ဖျူစေရီယမ်ပင်ညှိုးရောဂါလို့ သံသယရှိတဲ့လက္ခဏာတွေ တွေ့မြင်လာရတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါကြောင့် သက်ဆိုင်ရာက စောင့်ကြည့်စစ်ဆေးနေပြီး ဒီအခြေအနေကို စိုက်ပျိုးရေးဦးစီးဌာနက အရာထမ်းတစ်ဦးက အခုလိုပြောပါတယ်။ 

“ ဒီတစ်သျှူးငှက်ပျောစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး လက်ရှိကချင်ပြည်နယ်မှာ ဧကခုနှစ်သောင်းကျော် စိုက်ထားတာပေါ့။ စိုက်ထားတာကနေ သီးနှံရိတ်သိမ်းချိန် ခုတ်သိမ်းခါနီးလောက်မှာ ငှက်ပျောပင်တွေ တချို့ ငှက်ပျောခင်းလေးတွေမှာ အရွက်ခြောက်တာလေးတွေ တွေ့ရတယ်။ ဆိုတော့ ပနားမားရောဂါများ တွေ့ရမလား၊ Fusarium oxysporum Schlecht.f.sp.cubense(E.F.Sm) Snyd.et Hans Race 4 ဖြစ်မလားဆိုပြီးတော့ စိုးရိမ်စိတ်နဲ့မျက်မြင်ကြည့်ရှုစစ်ဆေးတာတွေ၊ ကွင်းဆင်းစစ်ဆေးတာတွေတော့လုပ်ခဲ့ပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ ကွဲကွဲပြားပြားတော့ မလုပ်နိုင်သေးဘူး၊ ရောဂါလက္ခဏာတွေကလည်း ဆင်တူယိုးမှားလေးတွေရှိတဲ့အတွက် ဒါကိုတော့ သတိထားပြီးတော့ စောင့် ကြည့်တဲ့အခြေနေမျိုးရှိပါတယ်။ တကယ်လို့များ Fusarium ရောဂါဖြစ်လာပြီဆိုရင် ကြိုတင် ကာကွယ်သင့်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ရမဲ့လုပ်ငန်းတွေကိုတော့ ငှက်ပျောစိုက်ပျိုးတဲ့ တောင်သူတွေ ကို ပညာပေးနေတဲ့ လုပ်ငန်းတွေတော့ဆောင်ရွက်နေတာရှိပါတယ် ” 

ပနားမားရောဂါက အဆင့်လေးဆင့်ရှိပြီး အဆင့် ၁ နဲ့  ၂ ကတော့ ၂၀၁၇ လောက်ကတည်းက မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိသတိထားစောင့်ကြည့်နေတဲ့ပင်ညှိုးရောဂါကတော့ ဖျူစေရီယမ်အဆင့် ၄ ရောဂါဖြစ်ပါတယ်။ မြန်မာ့တစ်ရှူးငှက်ပျောတွေ တရုတ်နိုင်ငံကိုပြန်လည်တင်ပို့ရာမှာ အဲ့ဒီနိုင်ငံက ထိန်းချုပ်ထားတဲ့ ဖျက်ပိုးစာရင်းမှာ ဒီရောဂါပါဝင်နေတဲ့အတွက် ကုန်သွယ်မှုကိုမထိခိုက်စေရန်နဲ့အပြင်ဒေသမျိုးရင်းငှက်ပျောတွေကိုလည်း ကူးစက်မှုမရှိစေဖို့ စောင့်ကြည့်စစ်ဆေးနေတာပဲဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒေသငှက်ပျောစိုက်ဧကက တစ်သိန်းခွဲလောက်ရှိပြီး စိုက်ဧကအများစုက ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာတည်ရှိနေပါတယ်။ ကျုံပျော်မြို့ နယ်မှာဖြစ်ပွားခဲ့တဲ့ ငှက်ပျောပင်ညှိုး ရောဂါတုန်းကတော့ ငှက်ပျောစိုက်ပြီး ခြောက်လအကြာ အခိုင်ကျချိန်မှာ ငှက်ပျောအရွက်တွေဝါလာပြီး အခင်းလိုက်ပျက်စီးဆုံးရှုံးရတာဖြစ်ပါတယ်။ 

ငှက်ပျောပင်ညှိုးရောဂါက ငှက်ပျောခင်းအများစုတည်ရှိရာဒေသတွေဖြစ်တဲ့ ကျုံပျော်မြို့ အပြင် ရွှေဘိုမြို့နယ်တွေမှာလည်း ဖြစ်ခဲ့ဖူးပြီး သီးလှည့်စိုက်စနစ်ကို ကျင့်သုံးရာမှာ ဒီရောဂါကို ကာကွယ် နိုင်တာတွေ့ရတယ်လို့ မြန်မာနိုင်ငံငှက်ပျောအသင်းက ဦးဆောင်သူတစ်ဦးဖြစ်သူ မန်းသန်းဌေးက ပြောပါတယ်။ 

“ ကျွန်တော်တို့ကတော့ဒီဥစ္စာကတော့ အဲ့လိုမြင်တာကတော့ နှစ်ရှည်စိုက်လို့တော့မကောင်းဘူးပေါ့။ အများဆုံးကတော့ ကျွန်တော်တို့အခုလုပ်နေတာက ကျောက်ဆည်က ဘာလို့ အရည်အသွေးကောင်းလဲ ဆိုတော့ သူကငှက်ပျောကတစ်နှစ်ပဲစိုက်တယ်။ ငှက်ပျောကိုတစ်ရာသီပဲစိုက်တယ်။ ပြီးတော့ နှမ်းတို့၊ ပြောင်းတို့၊ ပဲတို့ တစ်ခါပြန်စိုက်တယ်။ နောက်တစ်နှစ်ခွဲရွှေ့ပြီး ငှက်ပျောပြန်စိုက်တယ်။ ယာပြောင်း စနစ်စိုက်ရင်တော့ ဒီရောဂါကိုမဖြစ်နိုင်ဘူးပေါ့။ ဒီပိုးကိုကာကွယ်ရာလည်းရောက်တယ်။ အသီးလည်းပိုကောင်းတယ်။ အခုကရွှေဘိုမှာဖြစ်တာက လေး၊ ငါး၊ ခြောက်နှစ်အထိကိုထားစားတာကိုး။ ကျုံပျော်ဆိုရင်လည်း သုံး၊ လေးနှစ်ထားစားတာကိုး။ သူတို့ကသားပြီး မြေး၊ မြေးပြီး မြစ်အထိ အဲ့လောက်ထိထားစားတော့ အဲ့ကောင်တွေကဖြစ်တာ ”

တရုတ်နိုင်ငံကနေ ဘိန်းအစားထိုးသီးနှံအစီအစဉ်နဲ့ မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့ တစ်သျှူးငှက်ပျောခင်းတွေကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ရွှေကူ၊ မိုးမောက်၊ မန်စီ၊ ဗန်းမော်စတဲ့ ဒေသတွေမှာ အများအပြား တွေ့နိုင်တာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ Musa Sapientum ဆိုတဲ့ ငှက်ပျောမျိုးစိတ်ကိုလာရောက်စိုက်ပျိုးပြီးနောက် ပန်းပွင့်ပြီး ၁၀ ပတ်မှ ၁၁ ပတ်အတွင်း အသီးခူးဆွတ်ကာ တရုတ်နိုင်ငံကို ပြန်လည်တင်ပို့နေတာပဲဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်းတုန်းကတော့ မြန်မာနဲ့ တရုတ်နိုင်ငံတို့အကြား အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ကို တစ်သျှူးငှက်ပျောခင်းတွေ စတင်တည်ထောင်လာပြီးတဲ့နောက် ၁၇ နှစ်အကြာမှာ အဲ့ဒီစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး စိုက်ဧကများ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းတွေအပြင် မျိုးစေ့နဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ အခြားသွင်းအားစုတွေကိုလည်း တရားဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်နိုင်ငံရဲ့ ထိန်းချုပ်ဖျက်ပိုးတွေမပါနိုင်အောင်ဆောင်ရွက်ရတဲ့အပြင် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ Fusarium oxysporum Schlecht.f.sp.cubense(E.F.Sm) Snyd.et Hans Race 4 ရောဂါကိုကြိုတင်သိရှိကာကွယ်နိုင်ဖို့ စောင့်ကြည့်စစ်ဆေးနေရတာဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်