မနက်ဖြန်မနက်ကစပြီး မြန်မာနိုင်ငံအောက်ပိုင်းကို အရှေ့လေပွေလှိုင်းများဖြတ်မည်

16/08/2022 17:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မနက်ဖြန် ဩဂုတ် ၁၇ ရက် မနက်ပိုင်းကစပြီး မွန်ပြည်နယ်ဘက်စလို့ အောက်ပိုင်းတစ်ခြမ်းလုံးကို အရှေ့လေပွေလှိုင်း(UACC) တွေ ဖြတ်ဖို့ရှိပြီး ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် လေပြင်း၊ မိုးကြီးတာတွေရှိနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

‘ ထိုင်းနိုင်ငံမြောက်ပိုင်းကနေ ဝင်ရောက်လာမယ့် အရှေ့လေပွေလှိုင်းတွေဟာ ဩဂုတ်လ ၁၇ ရက် မနက် ၄ နာရီမှာ မြန်မာနိုင်ငံထဲကိုဝင်လာပြီး အောက်ပိုင်းတခြမ်းလုံးကို ဖြတ်ကာ ၁၉ ရက် ည ပိုင်းမှာ အနောက်ဘက် အိန္ဒိယကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ECMWF Model ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရတယ်’  လို့ ဦးဝင်းနိုင်က ပြောပါတယ်။

“ ကျိုက်ထိုနဲ့ မော်လမြိုင်ကြားလောက်ကနေ စစ်တောင်းမြစ်ဝကြီးကို ဖြတ်တယ်။ ပြီးရင် ပဲခူးကို ဖြတ်မယ်။ ပြီးရင် တိုက်ကြီးရဲ့မြောက်ဘက်ကနေ ဟင်္သာတကို ဆက်ပြီးတော့ ထွက်သွား မယ်။ အဲ့ဒီကနေမှ မြောက်ဘက်ကို နည်းနည်းလေးထောင်တက်သွားပြီးတော့ သံတွဲ၊ ငပလီ ပေါ်ကို ရောက်တယ်။ အဲ့ကနေမှ ကျောက်ဖြူရဲ့တောင်ဘက် ပင်လယ်ပြင်ကို ရောက်သွားမှာ”

လေပွေလှိုင်းတွေဖြတ်သန်းရာတစ်လျှောက် လေပြင်းမိုးကြီးနိုင်မယ့်ဒေသတွေနဲ့ပတ်သက်လို့တေ ဦးဝင်းနိုင်က Green Way ကို အခုလို ပြောပါတယ်။

“ လေတိုက်နှုန်းကတော့ ၁ နာရီကို မိုင် ၃၀၊ ၃၅ လောက်က အများဆုံးဖြစ်မယ်။ နောက်တခုက ဖြတ်သွားမယ့်လမ်းကြောင်းတစ်လျှောက်လုံး လေပြင်းမယ်။ မိုးကြီးမယ်။ ဆိုတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီမြောက်ပိုင်း မြိတ်ကျွန်းစုအထိ အဲ့ဒီနေရာတွေမိုးကြီးမယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲ၊ ကျောက်ဖြူနဲ့ စစ်တွေတောင်ဘက်ပေါ့။ စစ်တွေကတော့ ၁၈ ရက်နေ့ ပင်လယ်ထဲကို ရောက်တဲ့အချိန်မှ မိုးကြီးမှာ။ ၁၉ ရက်နေ့ကျမှ လေပြင်းမှာ။ ၂၀ ရက်နေ့ ညနေအထိ လေပြင်းတိုက်တာရှိနေမှာ။ အာ့အချိန်ကျရင်တော့ လေပွေလှိုင်း အရှိန်က ရခိုင်မြောက်ဘက်မှာပဲ ကျန်တော့မှာ”  

လေပွေလှိုင်းတွေက ပင်လယ်ထဲရောက်ပြီးရင် ဆက်လက်အားကောင်းလာမလားဆိုတာကို တော့ ဆက်ပြီးစောင့်ကြည့်ရဦးမယ့်အနေအထားမှာပဲ ရှိသေးတယ်လို့ သိရပါတယ်။

ဒီအရှေ့လေပွေလှိုင်းတွေက အောက်ပိုင်းကိုသာဖြတ်မယ်ဆိုပေမယ့် သူ့ရဲ့အရှိန်ကြောင့် တခြားဒေသတွေလည်း လေတိုက်၊ မိုးရွာတာတွေရှိနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ် ပါတယ်။

“ ၁၈ ရက်နေ့ မနက် ၆ နာရီကနေ ၉ နာရီနောက်ပိုင်းဆိုရင်တော့ မိတ္ထီလာ၊ ညောင်ဦး၊ မကွေး၊ မုံရွာ၊ တန့်ဆည်အထိလောက်ကို လေစီးကြောင်းပြင်းတာက သက်ရောက်လိမ့်မယ်။ ညောင်ဦးလိုနေရာမျိုးတောင် မိုးရွာနိုင်တယ်။ မြစ်ကြီးနားလိုနေရာမျိုးမှာတော့ အိန္ဒိယကမ်းခြေကို ဖြတ်ဝင်မယ့် ၁၉ ရက်နေ့ လောက်မှ အလယ်ပိုင်းကနေ ဖြတ်ဝင်လာမယ့်လေစီးကြောင်းနဲ့ ပါလာမယ့် တိမ်အနေအထားပေါ်မူတည်ပြီး မိုးကြီးတာဖြစ်နိုင်တယ်။ တောင်ငူနဲ့ နေပြည်တော်ကြားဆိုရင်တော့ ၁၇ ရက်နေ့ကစပြီး မိုးပါးပါးကျနိုင်တယ်။ ၁၈ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီးတော့ တစ်နေ့လုံးနီးပါး ည ၉ နာရီလောက်ထိ လေပြင်းကျနိုင်တယ်။ အများဆုံးက နေ့လယ် ၁၂ နာရီလောက်မှာဖြစ်မယ်” 

ဒါပြီးသွားရင် ၂၂ ရက်နေ့နောက်ပိုင်းမှာ အခုလောက်တော့ မပြင်းနိုင်တဲ့ နောက်ထပ်အရှေ့လေပွေလှိုင်းတစ်ခုထပ်ဖြစ်ဖို့ရှိနေပြီး ရှမ်းပြည်နယ်ဘက်ကနေဖြတ်မှာဖြစ်ကာ ဒီအရှိန်နဲ့ဆက်ပြီး ယခုလကုန်ထိ တစ်နိုင်ငံလုံးမှာ  မိုးတွေ ဆက်ရှိနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောကြားပါတယ်။

Photos Crd_U Win Naing

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်