ကြက်ဥထဲမှာတင် အထီး/အမ ခွဲခြားပေးမယ့် MRI နည်းပညာနှင့် ကမ္ဘာတစ်လွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ

10/05/2023 18:30 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ကြက်ဥထဲမှာတင် အထီး/အမ ခွဲခြားပေးမယ့် MRI နည်းပညာ

ကြက်မျိုးတွေထုတ်လုပ်ပေးနေတဲ့ Hendrix Genetics ကုမ္ပဏီနဲ့၊ ဉာဏ်ရည်တုနည်းပညာသုံး ပုံရိပ်ဖော် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Orbem ဟာ ကြက်မွေးမြူရေးကဏ္ဍမှာ အပြောင်းအလဲကြီးကြီးမားမား ဖြစ်ပေါ်စေမယ့် နည်းပညာသစ်တစ်ခုကို လက်တွေ့စမ်းသပ်အောင်မြင်ခဲ့ပါပြီ။ အဲဒါကတော့ ကြက်ဥဘဝမှာကတည်းက ကြက်ထီးဖြစ်မှာလား၊ ကြက်မဖြစ်မှာလား ဆိုတာကို ကြိုတင်စစ်ဆေးလို့ ရတဲ့ နည်းပညာဖြစ်ပါတယ်။ အဲဒီ နည်းပညာကို ပြင်သစ်နိုင်ငံ၊ Mur-de-Bretagne မှာရှိတဲ့ ကြက်ဥဖောက်စက်တစ်ခုမှာ လက်တွေ့ စမ်းသပ်အောင်မြင်ခဲ့တာ ဖြစ်ပါ တယ်။ 

ကြက်ပေါက်အထီးလေးတွေဟာ ကြက်ဥ မထုတ်လုပ်နိုင်တာကြောင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းမှာ ကြက်မတွေကိုချည်းသီးသန့် မွေးမြူရတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဟိုယခင်ကတော့ ကြက်ထီးနဲ့ ကြက်မကို မွေးမြူတဲ့သက်တမ်းတစ်ခုရောက်မှ ခွဲခြားနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် အသုံးမဝင်တဲ့ ကြက်ထီးတွေကို ကျွေးမွေးစောင့်ရှောက်ရတဲ့ ပြဿနာ ပေါ်ပေါက်လာပါတယ်။ ကြက်ထီးတွေကို အသားအတွက် အသုံးပြုလို့ရတယ်ဆို ပေမယ့် ဥစားကြက်ထီးတွေက အသားတိုးကြက်တွေလို ကြီးထွားနှုန်းမကောင်းတာကြောင့် စီးပွားရေးအရ တွက် ချေ မကိုက်လှပြန်ပါဘူး။ ဒါကြောင့် သုတေသနတွေ ပြုလုပ်ရင်း ကြက်ဥကနေ ကြက်ကလေးတွေ ပေါက်လာတာ နဲ့ တပြိုင်နက် ကြက်ထီးနဲ့ ကြက်မကို အရောင်ကိုအသုံးပြုပြီး ခွဲခြားလာကြပါတယ်။ ရက်သားကြက်ပေါက်ဘဝမှာ တင် အထီး/အမ ကွဲပြားသွားပြီမို့ အမတွေကိုပဲ သီးခြားခွဲထုတ်မွေးမြူလာကြပါတယ်။ စီးပွားရေးအရ တွက်ချေမကိုက်လှတဲ့ တစ်ရက်သား ကြက်ထီးလေးတွေကိုတော့ နိုင်ငံအတော်များများမှာ ဖျက်ဆီးပစ်လိုက်ကြရတာပါ။ (မြန်မာနိုင်ငံမှာတော့ ဆီမီးအသားတိုးကြက် (Semi-broiler) ဆိုပြီး အသားအတွက် ဆက်လက်မွေးမြူတတ်ကြပါ တယ်။ ဒံပေါက်ကြက်လို့ လူသိများပါတယ်။) အဲဒီလို ကြက်ထီးလေးတွေကို ရက်သားမှာတင် ဖျက်ဆီးလိုက်တဲ့အ ပေါ် အချို့နိုင်ငံတွေက စားသုံးသူတွေက လက်မခံနိုင်ကြပြန်ပါဘူး။ ဒါဟာ မတရားဘူး၊ ရက်စက်လွန်းရာကျတယ် လို့ ဆိုလာကြပြန်ပါတယ်။ ဒါကြောင့် ရက်သားကြက်ပေါက် အထီးလေးတွေကို ဖျက်ဆီးပစ်တာကို တားမြစ်ဖို့အ တွက် ဂျာမနီ၊ ပြင်သစ် တို့လို့ နိုင်ငံတွေမှာ ဥပဒေတွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အီတလီနိုင်ငံကလည်း ၂၀၂၆ ခုနှစ် မှာ အဲဒီစနစ်ကို စတင်တားမြစ်မှာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေက ကြက်မွေးမြူရေး ကဏ္ဍအတွက်တော့ အဲဒီဥပဒေတွေဟာ တကယ့်ကို ဝန်ထုပ်ဝန်ပိုးပါပဲ။ ဖျက်ဆီးပစ်လို့လည်းမရ၊ ဆက်မွေးထားလို့ လည်း စီးပွားရေးအရ တွက်ချေမကိုက်တဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။ 

အဲဒီဝန်ထုပ်ဝန်ပိုးကို အခု စမ်းသပ်အောင်မြင်တဲ့ နည်းပညာက ဖယ်ရှားပေးနိုင်တော့မယ်လို့ ဆိုပါတယ်။ အဲဒီ နည်းပညာအရ ကြက်ဥကို အပူပေးပြီး အကောင်‌ဖောက်ထားတဲ့သက်တမ်း ၁၂ ရက်သားမှာတင် ကြက်ဥထဲက အကောင်ပေါက်လာမယ့် ကြက်ကလေးဟာ အထီးဖြစ်မှာလား၊ အမ ဖြစ်မှာလား ဆိုတာကို အဖြေထုတ်ပေးနိုင်ပါ တယ်။ အဲဒီလို အဖြေထုတ်ပေးမယ့် စက်မှာ Orbem ရဲ့ MRI ပုံရိပ်ဖော်နည်းပညာကို နယ်သာလန်အခြေစိုက် စက်ပစ္စည်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Vencometic Group ရဲ့ အလိုအလျောက် ကြက်ဥစစ်ဆေးစက်နဲ့ တွဲဖက် တီထွင် ထားတာ ဖြစ်ပါတယ်။ အခု စမ်းသပ်အောင်မြင်ခဲ့တဲ့ စက်ဟာ တစ်ရက်ကို ကြက်ဥအလုံးပေါင်း ၂၅၀,၀၀၀ ကို အထီး၊ အမ ခွဲခြားပေးနိုင်တယ်လို့ ဆိုပါတယ်။ 

ကြက်ဥဖောက်စက်ထဲမှာ သက်တမ်း ၂၁ ရက်ကြာမှာ အကောင်ပေါက်လာမှာဖြစ်တဲ့အတွက် သက်တမ်း ၂၁ ရက်မှာတင် ကြက်ဥအပြင်ကနေ အထီးလား၊ အမလား ခွဲခြားစစ်ဆေးပြီး အထီးပေါက်လာမယ့် ကြက်ဥတွေကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် စားသုံးသူတွေအတွက် စိတ်သက်သာရာရစေသလို၊ ကြက်ဥဖောက်လုပ်ငန်းတွေနဲ့ ကြက်မွေးမြူရေးကဏ္ဍတစ်ခုလုံးအတွက်လည်း ကုန်ကျစရိတ်ကို လျော့ချနိုင်တော့မှာ ဖြစ်ပါတယ်။ 

စိတ်ဝင်စားစရာ တရုတ် - ရုရှား ကြက်သား ကုန်သွယ်ရေး

ရုရှားနိုင်ငံရဲ့ ကြက်သားထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Cherkizovo ဟာ သူ့ရဲ့ ကြက်သားတွေကို ရထားလမ်းကနေတဆင့် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ အရင် ကတော့ တရုတ်ကို ကြက်သားတွေ တင်ပို့ရာမှာ ပင်လယ်ရေကြောင်းကို အသုံးပြုပြီး သင်္ဘောတွေနဲ့ တင်ပို့ခဲ့တာ ပါ။ အဲဒီတုန်းက တစ်ကြိမ်တင်ပို့ဖို့ လမ်းမှာကြာချိန်က ၄၅ ရက်လောက်ရှိပြီး၊ အခုတစ်ကြိမ် ရထားနဲ့ တင်ပို့ရာမှာ တော့ ၁၅ ရက်ပဲ ကြာတော့တယ်လို့ ဆိုပါတယ်။ 

Cherkizovo အနေနဲ့ လာမယ့် ဇွန်လကနေ စတင်ပြီး တစ်လကို ရထား ၃ စင်းနှုန်း ကြက်သားတွေ တင်ပို့ သွားမှာ ဖြစ်ပါတယ်။ ရထားတစ်စင်းမှာ ကြက်သားကွန်တိန်နာ အလုံး ၃၀ ကနေ စတင်ပြီး တင်ပို့မှာဖြစ်ပြီး နောက် ပိုင်းမှာ ရထားတစ်စင်းကို ကွန်တိန်နာ ၄၁ လုံးနှုန်းအထိ မြှင့်တင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တုန်းကလည်း အဲဒီ Cherkizovo ကုမ္ပဏီဟာ ကြက်သားတန်ချိန်ပေါင်း ၄၀,၀၀၀ ကို တရုတ်နိုင်ငံဈေးကွက်ဆီ ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူတို့ကုမ္ပဏီက တရုတ်နိုင်ငံကို တင်ပို့တဲ့ ကြက်သားတွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ကို ရထားလမ်းကနေ တင်ပို့နိုင်မယ်လို့ မျှော်လင့်ထားတာပါ။ ရှရှားနိုင်ငံရဲ့ အနောက်ခြမ်း (ဥရောပတိုက်ဘက်အခြမ်း) က ကြက်သားတွေကို တရုတ်နိုင်ငံဆီ ရထားနဲ့ တင်ပို့မယ်ဆိုရင် အချိန် တိုပေမယ့် ကုန်ကျစရိတ်က ပိုများပါတယ်။ ရထားက ဆားဘီးယားဒေသကြီးတစ်ခုလုံးကို ဖြတ်သန်းခုတ်မောင်းရ မှာ မို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရုရှားက ကြက်သားတွေ တရုတ်ဈေးကွက်ဆီ အမြောက်အများတင်ပို့နေတာကတော့ အသေအချာပါပဲ။ 

ဒါဟာ ရုရှားမွေးမြူရေးသမားတွေအတွက် ဝမ်းသာစရာလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက ဒီ မှာ မပြီးပါဘူး။ တရုတ်ဘက်ကနေလည်း ကြက်သားတွေ ရုရှားဈေးကွက်ထဲကို အပြန်အလှန် ပြန်လည်တင်သွင်းနေ တဲ့ ပြဿနာ ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကြက်သားတွေ ရုရှားနိုင်ငံ ထဲကို ပြန်လည်တင်ပို့မှုက လည်း တဖြည်းဖြည်း မြင့်မားလာနေတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံရဲ့ အချို့ဒေသတွေ (အထူးသဖြင့် တရုတ်နိုင်ငံ နဲ့ နီးစပ်တဲ့ဒေသတွေ) ဟာ ရုရှားရဲ့ အချို့ဒေသ (ဥပမာ ရုရှားအနောက်ပိုင်းဒေသ) က ကြက်သားတွေကို ဝယ်ယူ စားသုံးတာနဲ့ နှိုင်းယှဉ်ရင် တရုတ်နိုင်ငံက ကြက်သားကို ပြန်ဝယ်စားလိုက်တာက ဈေးသက်သာတဲ့ အနေအထား ဖြစ်ပါတယ်။ ရုရှားနိုင်ငံကြီးက ကျယ်ဝန်းလှတယ် မဟုတ်ပါလား။ ဒီလို တရုတ်နိုင်ငံက ကြက်သားတွေ တဖြည်း ဖြည်း ရုရှားဈေးကွက်ထဲ ထိုးဖောက်လာရင်း နောက်ပိုင်းမှာ တရုတ်နဲ့ ဈေးနှုန်းချင်း မယှဉ်ပြိုင်နိုင်ဘဲ ရုရှားမွေးမြူ ရေးသမားတွေ အရှုံးပေါ်မှာကိုလည်း စိုးရိမ်နေကြရပြန်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီသတင်းကနေ အသွားအပြန်ရှိတဲ့ ကုန်သွယ်ရေးရဲ့ သဘောကို စိတ်ဝင်စားဖွယ် တွေ့ ရှိ ရနိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ မိမိတို့နိုင်ငံရဲ့ မွေးမြူရေးကဏ္ဍအနေနဲ့လည်း ဒီသတင်းကို ဖတ်ရှုရင်း မိမိတို့ရဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုကို တွေးဆဖော်ထုတ်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ 

အစားအသောက်ထဲ ဆဲလ်မိုနဲလားပိုး ပါဝင်မှုကို အလျင်အမြန်စမ်းသပ်နိုင်မယ့် နည်းလမ်းသစ်

ကနေဒါနိုင်ငံ၊ McMaster တက္ကသိုလ်က သုတေသီတွေဟာ အစားအသောက်တွေထဲမှာ ဆဲလ်မိုနဲလား ဗက် တီးရီးယား ပါဝင်နေမှုကို ချက်ချင်း စမ်းသပ်အဖြေထုတ်နိုင်မယ့် test kit တစ်ခုကို တီထွင်လိုက်ကြပါတယ်။ အထူး သဖြင့် ကြက်သားမှာ ဆဲလ်မိုနဲလားပိုး ပါဝင်မှုကို စားသုံးသူတွေက စိုးရိမ်ကြတာပါ။ ပုံမှန်အားဖြင့်တော့ ကြက်သား အပါအဝင် အစားအသောက်တွေထဲမှာ ဆဲလ်မိုနဲလား ဗက်တီးရီးယား ပါဝင်နေခြင်း ရှိမရှိကို သိရှိရဖို့၊ အစားအစာ နမူနာကို ဓာတ်ခွဲခန်းထဲမှာ အချိန် တစ်ရက်နီးပါး ယူပြီး ပိုးပျိုးကာ စမ်းသပ်စစ်ဆေးရလေ့ ရှိပါတယ်။ McMaster က အခု တီထွင်လိုက်တဲ့ စမ်းသပ်နည်းကတော့ မှန်ကန်တိကျတဲ့ အဖြေရရှိဖို့ အချိန် ၁ နာရီအောက်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ခွဲခန်းပစ္စည်းတွေ များများစားစားမလိုအပ်တဲ့အပြင် လျှပ်စစ်မီးမရှိတဲ့နေရာမှာလည်း စမ်းသပ်နိုင်ပါတယ်။ ဈေးနှုန်းကလည်း အလွန်ကို သက်သာတယ်လို့ သိရပါတယ်။ 

ဒီနည်းပညာကို ဖော်ထုတ်ဖို့ သုတေသနလုပ်ငန်းတွေကို ပံ့ပိုးကူညီခဲ့တာကတော့ Mitacs လို့ခေါ်တဲ့ အကျိုး အမြတ်မယူတဲ့ သုတေသနအဖွဲ့အစည်း တစ်ခုနဲ့၊ Toyota Tsusho Canada Inc. တို့ပဲ ဖြစ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီစမ်းသပ်နည်းကို ကမ္ဘာတလွှား ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနိုင်တာနဲ့အမျှ အစား အသောက်ဘေးကင်းလုံခြုံရေးအပေါ် အများကြီး အထောက်အကူပြုနိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာ့မွေးမြူရေး ကဏ္ဍနဲ့ အသားထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်လည်း အရည်အသွေးမြင့်ပြီး ရောဂါကင်းရှင်းတဲ့ အသား၊ နို့၊ ဥ တွေ ထုတ်လုပ်နိုင်ဖို့ ပိုမိုလွယ်ကူလာနိုင်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်