Basic Agricultural Science – (134) Food Legumes (Number 7 – Chickpea)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၃၄) ပဲမျိုးစုံ (အမှတ်-၇) - ကုလားပဲ
ကုလားပဲ (Chickpea – Cicer arietinum L.)
ဤပဲကို (Gram or Chickpea) ဟုခေါ်ဝေါ်လေ့ရှိပြီး ပဲမျိုးစုံများ၏ဘုရင် (King of Pulses) ဟူ၍လည်း ခေါ်ဝေါ်လေ့ရှိပါသည်။ ပင်ထီး ဝတ်မှုန်ကူးသောသီးနှံ (Self-Pollinated Crop) ပန်းပွင့်များက အပိတ် (Cleistogamous) ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် ကုလားပဲသီးနှံတွင် ကမ္ဘာ့ထုတ်လုပ်မှုအများဆုံးဖြစ်သည်။
ဇယား - ၁ ကမ္ဘာ့ပဲအမျိုးအစားအလိုက်ထုတ်လုပ်မှု (၂၀၀၈-၂၀၁၇) Mean Annual Global Production of Pulse Crops (2008-2017)
Source – Merga and Haji (2019)
ဇယား - ၂ ကမ္ဘာ့ကုလားပဲစိုက်ဧရိယာ၊ ထုတ်လုပ်မှုနှင့် အထွက် (၂၀၁၉-၂၀)
ကုလားပဲ ကို ၂ မျိုးခွဲထားသည်။
(က) ကုလားပဲဝါလုံးသေး မျိုးအုပ်စု (Desi Types or Brown Gram) မျိုးစေ့အခွံ - အဝါမှ အညိုနက်ရောင် (Colour of seed coat ranges Yellow to Dark Brown) ရှိပြီး အပင် ကြီးထွားမှု အသင့် အတင့်ရှိပါသည်၊ ကိုင်းဖြာထွက်မှုများသည်၊ မျိုးစေ့အရွယ်သေး (Small Seeds) ပါသည်၊ ကမ္ဘာ့ ကုလားပဲစိုက်ပျိုးမှု ၏ ၉၀-ရာခိုင်နှုန်းကို ဤမျိုးများကို စိုက်ပါသည်။
မြန်မာနိုင်ငံတွင်စိုက်ပျိုးနေသောမျိုးများ - ရေဆင်း၄၊ ၆၊ ၁၂ နှင့် ဇလုပ်-၁ မျိုး
(ခ) ကုလားပဲဖြူလုံးကြီး မျိုးအုပ်စု (Kabuli Type) မျိုးစေ့အခွံအရောင် အဖြူနှင့်နို့နှစ် ရောင် (Colour of Seed Coat – White to Creamy) နှင့် အလုံးကြီးမျိုး (Large Seeds) ဖြစ်ပါသည်၊ ဒေစီ မျိုးထက် အပင်ကြီး၊ ရှည်ပြီး (Taller than Desi-type) ကိုင်းဖြာမှု အား နည်း (Poor Branching) ပါသည်။ မြန်မာနိုင်ငံတွင်စိုက်ပျိုးနေသောမျိုးများမှာ - ရေဆင်း-၃၊ ၈၊ ၁၁ နှင့် ၁၃ မျိုးအုပ်စုတို့ ဖြစ်သည်။
ကုလားပဲပင်၏ရုက္ခဗေဒ (Chickpea Botany) အရ အပင်သည် ခရမ်းရောင်ခြယ် (Anthocyanin Pigments) ဓာတ်များသည်။ ပင်စည် ၁-၈ ကိုင်း (1-8 Primary Branches) အထိဖြာထွက်နိုင်သည်။ အရွက်သည် စုပေါင်းအရွက် (Pinnate Compound Leaves) ဖြစ်ပြီး ပင်စည်၊ အရွက်များသည် အမွေးငယ်များ (Fine granular hairs) ဖြစ်သည်။
ပုံ - ၂ ကုလားပဲ ပင်အရွက်၊ ပင်စည်နှင့် အသီးများ
အပင်အမြင့်ဆုံး ၁.၅- ၂-ပေ (45-60 cm) အထိ အပင်အမြင့် ရှိပါသည်။ မျိုးစေ့သည် လုံးဝိုင်း ပုံသဏ္ဌာန် (Spherical in Shape) ရှိပြီး တွန်လိမ့်နေကာ (Wrinkled or smooth with a pointed beak) ထိပ်တွင် ကြက်နှုတ်သီး (Chicken beak) ပုံဖြစ်နေခြင်းက ကုလားပဲနံမည် (Chickpea) ခေါ်ရခြင်း အကြောင်းရင်းတစ်ခု ဖြစ်ပေလိမ့်မည်။
ပုံ - ၃ ကုလားပဲ အစေ့ဖြတ်ပိုင်း
သီးမှည့်နောက်လိုက်စိုက်ပျိုးနည်း (Relayed Cropping)
ကုလားပဲသီးနှံ၏ အားသာချက်မှာ ပထမသီးနှံမရိတ်သိမ်းမီ အစိုဓာတ်ရှိချိန် အချိန်ခိုး၍ ကြိုတင်စိုက်ပျိုးနိုင်ခြင်းဖြစ်ပါသည်။ အထက်မြန်မာနိုင်ငံ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးများတွင် မိုးစပါးအောင်ရေသွင်းပြီးကာစ အချိန်တွင် တစ်ဧကလျှင် ကုလားပဲ ၁၀-၁၂ ပြည်ကို စပါးပင်များကြားသို့ ညီညာစွာ ကြဲပက်သည့်စနစ် ဖြစ်ပါသည်။ မျိုးစေ့နှုန်းကတော့ ပုံမှန်နှုန်းထက်၂၀-ရာခိုင်နှုန်းပိုမို ကြဲပက်သင့်ပါသည်။ ဤစနစ်သည် ထွန်ယက် ခ သက်သာပြီး အစိုဓာတ်ကောင်းစွာရသောကြောင့် ကုလားပဲပင်များ ရှင်သန်ကြီးထွားမှု ကောင်းမွန်ပါသည်။ (ယနေ့ နောက်ပိုင်းတွင်တော့ စိုက်ပျိုးမှုနည်းပါးသွားသည်ဟု ထင်ရပါသည်။ ဒေါက်တာကျော်စွာဝင်း၏ဆွေးနွေးချက်)
စပါးရိတ်ချိန်တွင် ပဲပင်များ ၂-၃ လက်မသာမြင့်သေးသဖြင့် မပျက်စီးပါ၊ စပါးရိတ်သိမ်းပြီး ကုလားပဲစိုက်ရာတွင် ရိတ်သိမ်းခြွေလှေ့စက် အတွေ့အကြုံတော့ သုတေသနစာတမ်းများ ရှာဖွေရပါဦးမည်။
ပုံ - ၄ စပါး-ကုလားပဲ သီးမှည့်နောက်လိုက် စိုက်ပျိုးခြင်း
ရိုက်ဇိုဘီယမ်အသုံးပြုမှု (Use of Rhizobium Culture) စိုက်ပျိုးမြေသည် ယခင်က ကုလားပဲ မစိုက်ပျိုးဖူးသေးပါက ရိုင်ဇိုဘီယမ်မြေဩဇာ အသုံးပြုသင့်ပါသည်။ ကုလားပဲမျိုးစေ့အတွက် သီးသန့်ဖော်ထုတ်ထားသော ရိုက်ဇိုဘီယမ်ဘက်တီးရီးယား (Mesorhizobium ciceri) ကို သစ်ဆွေးမြေ (Peat Soil) ဖြင့် စီမံပြုလုပ်ထားသော အရော ၇၀-ဂရမ် (70 gram of Peat Inoculum) အသုံးပြုရပါမည်။ တစ်ဂရမ်တွင် ရိုင်ဇိုဘီယမ်ဘက်တီးရီးယား သန်း ၁၀၀၀ (Each gram of which contains 1 billion rhizobia) ပါဝင်ပြီး ကြံသကာရည် (Jaggery) တစ်ကီလိုဂရမ်နှင့် ရေ ၉-လီတာ အရောကို ၃၀၀-မီလီလီတာ ထည့်ထားသော ရိုက်ဇိုဘီယမ် ဖျော်ရည်ဖြစ်ပါသည်။ ဤအရော တစ်ထုတ်သည် ကုလားပဲမျိုးစေ့ ၂၀-ကီလိုဂရမ် လူးနယ်ရန် လုံလောက်ပါသည်။
ပုံ - ၅ ကုလားပဲမြစ်ဖု နှင့် ရိုက်ဇိုဘီယမ်ဘက်တီးရီးယား
ကုလားပဲပင်အတွက် ဇီဝမဟုတ်သော အကန့်အသတ်များ (Abiotic Constraints of Chickpea)
(က) မိုးခေါင်မှု (Drought) ကုလားပဲသည် မိုးကုန်မှစိုက်ပျိုးရသောသီးနှံ (Post-monsoon/Post-Rainy Crops) မျိုးဖြစ်သော်လည်း မိုးရေကိုအားပြုစိုက်ရသောဒေသများ (Rainfed Regions) တွင်တော့ မိုးခေါင်လျှင် အခက်အခဲဖြစ်လေ့ရှိပါသည်။ မိုးခေါင်၍ တွေ့ရှိရသော အပင်လက္ခဏာများမှာ အပင်ပေါက်မညီညာ၊ ကွက်ပျောက်များ (Non-uniform and sub-optimal plant stands)၊ အပင်ကြီးထွားမှု ရပ်တံ့ (Stunted Growth)၊ ကိုင်းဖြာမှုနည်း (Reduced Branching)၊ အောက်ရွက်များ အရောင်ဖျော့ (Pale Color of Lower Leaves)၊ စော၍ အရွက်၊ အပွင့်ကြွေမှု (Early senescence) တွေ ဖြစ်နိုင်ပါသည်။
နည်းလမ်းများမှာ - မိုးခေါင်မှုရှောင်လွဲနိုင်သော ဥပမာ - သက်တန်းတိုမျိုးများ (Use drought escape varieties)၊ ရွာကျသောမိုးရေချိန် နှင့် မြေတွင်းအစိုဓာတ်ကို ထိန်းသိမ်း သိုလှောင်သည့် နည်းလမ်းများ (Practice presowing management to conserve rainfall)၊ ပေါင်းမြက် နှိမ်နှင်း ပေးခြင်းဖြင့် မြေတွင်း အစိုဓာတ်ထိန်းသိမ်းပေးခြင်း နည်းလမ်းများ (Control weeds to avoid loss of soil moisture) ကို အသုံးပြု သင့်ပါသည်။
ပုံ - ၅ ကုလားပဲခင်းမိုးခေါင်မှုနှင့် အိုးသုတေသန
(ခ) အအေးလောင်မှု/ဒဏ်ချက် (Cold Injury) ကုလားပဲသည် အေးသောရာသီ စိုက်ပျိုးရသောသီးနှံ (Cold-season Crop) ဖြစ်ပြီး စိုက်ပျိုးချိန်ကို စီမံပေးခြင်းဖြင့် အအေးလောင်မှုကို ကာကွယ်နိုင်ပါသည်။ အပူချိန် ၈-ဒီဂရီ ဆဲလ်စီယတ်အောက် ကျဆင်းသွားပါက ပန်းပွင့်များ ကြွေပြီး အသီးမဖြစ်တော့ပါ။ ပန်းပွင့်ပြီး အတောင့်၊ အသီးဖြစ်ပေါ်မှုက အအေးပေါ့သည်။ နွေဦးရာသီတွင် စတင်ဖြစ်ပေါ်လာပါသည်။
အအေးလောင်၍တွေ့ရှိရသော လက္ခဏာများ မှာ ပန်းပွင့်ညှိုး၍ အရောင်ပြောင်းသွား (Flower wither and become discolored)၊ အစေ့မပါသော အတောင့်များ ဖြစ် (Empty discoloured pods)၊ ပင်ပိုင်းကြီးထွားမှုရှည်ပြီး အတောင့်အနည်းငယ်သာ ရှိ (Excessive vegetative growth over a longer duration with little podding) ပါသည်။
နည်းလမ်းများမှာ - အအေးဒဏ်ခံမျိုးများ အသုံးပြုခြင်း (Use chilling-tolerant varieties)၊ စိုက်ပျိုးနည်းစနစ်ကို သုံး၍ အအေးဒဏ် ရှောင်ခြင်း (Use cultural practices to avoid low temperature e.g. delayed sowing with high density, use of Fertilizers and irrigation, etc.) စသည် တို့ဖြစ်ပါသည်။
(ဂ) မြေဆီလွှာဆားပေါက်မှု (Soil Salinity) ဆားပေါက်မြေများ (Saline soil) တွင်စိုက်ပျိုးပါကကြုံတွေ့ရတတ်ပါသည်။ လက္ခဏာများမှာ အပင်ကြီးထွားမှုတန့်သွား (Stunted Growth) သည်။ အရွက်ရင့်များအစွန်းတွင် အဝါရောင်သန်း (Older leaves turn yellowish Brown) လာသည်၊
နည်းလမ်းများမှာ - မြေဆီလွှာလဲလှယ်ပေးခြင်း/ပြဿနာဖြစ်မြေများကိုပြန်လည်ပြုပြင်ပေးခြင်း (Land reclamation)၊ ရေသွင်းရေထုတ်ပြုလုပ်ပြီး မြေအတွင်းရှိဆားဓာတ်များလျှော့ချပေးခြင်း (Judicious irrigation) တို့ပြုလုပ်ပေးနိုင်ပါသည်။
ပုံ - ၆ ဆားပေါက်မြေတွင်ရှိသော ကုလားပဲအရွက်လက္ခဏာ
(ဃ) သံဓာတ်ချို့တဲ့မှု (Iron Chlorosis) ကုလားပဲပင် စိုက်ပျိုးကာစတွင် အပင်သည် သံဓာတ်စုတ်ယူမှု အားနည်း (Reduced uptake of Iron) တတ်ပါသည်။ ရေဝပ်မှု (Waterlogging) အထူးသဖြင့် ဆောင်းတွင်း မထင်မှတ်ဘဲ မိုးကြီးနေမှု (unusually heavy winter rains) ကြောင့် ဖြစ်နိုင်ပါသည်။ အပင်ပုံစံမှာ အရွက်နုများ အဝါရောင် ပြောင်းလာခြင်း (Younger leaves turn bright yellow)၊ အပင်မကြီးလာတော့ခြင်း (Plants stunted) နှင့် ဆိုးရွားလာပါက အရွက်များ ခြောက်သွားကာ အပင်သေသွား (Leaves turn brown and even plants die) နိုင်ပါသည်။
ဆက်ပါဦးမည်..
(မှီငြမ်းစာအုပ်များ/စာတမ်းများ) References
Gaur, P.M.; Tripathi, S.; Gowda, C.L.L.; Rao, G.V.R.;; Sharma; H.C.; Pande, S. and Sharma, M. (2010) Chickpea Seed Production Manual. ICRISAT. 22p.
Kay, D. E. (1979) Food Legumes. Tropical Products Institute. 435p.
ICRISAT (1997) Growing Chickpea in India. ICAR and ICRISAT. 55p.
Merga, B. and Haji, J. (2019) Economic Importance of Chickpea. Cogent Food & Agri. 5:1615718
Pande, S.; Stevenson, P.C.; Neupane, R.K. and Grzywacz, D. (2005) Policy and Strategy for Increasing Income and Food Security through Improved Crop Management of Chickpea in Rice fallows in Asia. ICRISAT. 256p.
Poorran, M.G. (2010) Chickpea Seed Production Manual. ICRISAT. 22p.
Summerfield, R.J. and Roberts, E.H. (1985) Grain Legume Crops. Collins. 859p.
ထွန်းဆိုင်, ဒေါက်တာ (၂၀၀၂) သိမှတ်ဖွယ်ရာ စိုက်ပျိုးရေးဆောင်းပါးများ၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ ၂၄၇-မျက်နှာ
ထွန်းဆိုင်, ဒေါက်တာ (၂၀၁၀) အခြေခံစိုက်ပျိုးရေးပညာ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပညာရှင်အဖွဲ့၊ ၂၉၀-မျက်နှာ
မျိုးကြွယ်, ဦး နှင့် အယ်(လ်) ဘရန်အောင် (၁၉၉၈) စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးနည်းများ, အတွင်းရေးမှူး၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ၆၁-မျက်နှာ
(ဦးစိုးဝင်းမောင်၊ အကြံပေး အရာရှိ၊ ပဲမျိုးစုံ၊ ပြောင်းဖူး၊ နှမ်းသီးနှံအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် စာရင်းဇယားများ အတွက်၎င်း၊ ဒေါက်တာ ကြည်မိုး၊ တွဲဖက်ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဒေါက်တာကျော်စွာဝင်း၊ ဒုညွန်ကြားရေးမှူး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တို့အား ဘာသာရပ်ဆိုင်ရာဝေါဟာရများ ကူညီပေးမှုအား၎င်း ကျေးဇူးတင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။