စိုက်ပျိုးသုတ ဇွန်လ

03/06/2024 15:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ယခုဇွန်လသည် မိုးဦးရာသီသီးနှံများကို အပြီးစိုက်ပျိုးသင့်သည့်လ ဖြစ်သည်။ သီးထပ်သီးနှံစိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြင့်မားရေးကို ဆောင်ရွက်နိုင်ရန် စိုက်ချိန်နောက်ကျခြင်းမရှိစေဘဲ အသက်လျင်သည့်မျိုးကိုအသုံးပြုသင့်သည်။ စိုက်ပျိုးပြီး ပျက်စီးခြင်း၊ အထွက်နည်းခြင်း မဖြစ်စေရေးအတွက်  မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။

ထို့ပြင် ဇွန်လသည် မိုးစပါးကို စတင်ပျိုးထောင်ခြင်း(သို့မဟုတ်) မျိုးစေ့ချ တိုက်ရိုက်စိုက်ခြင်းတို့ကို ဆောင်ရွက်သင့်သည့်လဖြစ်သည်။ စပါးအခြေခံသီးနှံပုံစံအဖြစ် သီးထပ်စိုက်ပျိုးရေးကို ဆောင်ရွက်နိုင်ရန် ပျိုးထောင်ခြင်း(သို့မဟုတ်)မျိုးစေ့မြေချခြင်းတို့တွင် နောက်ကျမှု မဖြစ်စေသင့်ပါ။ 

နှစ်သီးစား သုံးသီးစားစနစ်တွင် ယခုမိုးစပါးသည် ပထမသီးနှံဖြစ်သည်။ ပထမသီးနှံ စိုက်ချိန်နောက်ကျလျှင် ဒုတိယသီးနှံ၊ တတိယသီးနှံများလည်း ဆက်လက်နောက်ကျမည် ဖြစ်ရာ ထိုဒုတိယသီးနှံ၊ တတိယသီးနှံတို့၏အထွက်ကို ထိခိုက်စေနိုင်ပါသည်။ 

ယခုလအတွင်း စိုက်ပျိုးမည့်မိုးဦးသီးနှံများနှင့် မိုးစပါးသီးနှံတို့နှင့်ပတ်သက်၍ အရေးကြီးသည့်အချက်အချို့ကို အသိပေးဖော်ပြလိုပါသည်။

၁။ မိုးဦးသီးနှံများ

နှမ်းလျင်သီးနှံ

မျိုးစေ့သန့်စင်မှု (၉၈)ရာခိုင်နှုန်းနှင့် အပင်ပေါက် (၈၀)ရာခိုင်နှုန်းအထက်နှင့် ရှိသည့်မျိုးကိုအသုံးပြုပြီး ဇွန်လအတွင်း အပြီးစိုက်ပျိုးသင့်သည်။

တစ်ဧကအပင်ဦးရေမှန်ကန်စေရန် အတန်းလိုက်စိုက်ပျိုးသင့်သည်။ တစ်ပင်တိုင်မျိုးဖြစ်ပါက တစ်တန်းနှင့်တစ်တန်း(၁)ပေခြား၊ သက်လျင်မျိုးဖြစ်ပါက တစ်တန်းနှင့်တစ်တန်း(၁၅)လက်မခြား၊ သက်လတ်မျိုးဖြစ်ပါက တစ်တန်းနှင့်တစ်တန်း (၁၈)လက်မခြားထား၍ စိုက်ပျိုးသင့်သည်။

ရာသီဥတုဖောက်ပြန်မှုအရ မိုးကြီးရွာချလျင် ရေဝပ်ပျက်စီးခြင်းမရှိစေရေးအတွက် စိုက်ခင်းအတွင်း ရေထုတ်မြောင်း၊ ရေစိမ့်မြောင်းများထားရှိသင့်သည်။ 

အပင်ကြီးထွားမှုကို မထိခိုက်စေရေးအတွက် နှမ်းမူမှန်အရွက် (၆) ရွက်ထွက်ချိန် ဖြစ်သည့် အပင်သက်တမ်း (၂)ပတ်သားတွင် သားခွဲခြင်းလုပ်ငန်းကို မဖြစ်မနေ ဆောင်ရွက်သင့်သည်။ 

စိုက်ခင်းအတွင်း ပေါင်းမြက်ကင်းစင်ရေးဆောင်ရွက်ရန်နှင့် အထူးသဖြင့် မြေသြဇာကျွေးချိန်တွင် ပေါင်းမြက်များကင်းစင်နေသင့်သည်။ ထို့ပြင်မြေကြီးထဲတွင် အစိုဓာတ်လုံလောက်စွာရှိမှသာ မြေသြဇာကျွေးရန် ဖြစ်ပါသည်။

မြေပဲသီးနှံ

မြေပဲမျိုးစေ့ကို ပဲမြစ်ဖုမြေသြဇာနှင့်လူးနယ်ပြီး ဇွန်လအတွင်း အပြီး စိုက်ပျိုး သင့်သည်။

တစ်ဧကလျှင် စိုက်ကျင်းဦးရေ(၁၀၀,၀၀၀)မှ (၁၁၀,၀၀၀)အတွင်းရရှိအောင် တန်းကြား(၁)ပေ၊ ပင်ကြား(၄)လက်မ(သို့မဟုတ်) တန်းကြား(၁၅)လက်မ၊ ပင်ကြား (၄)လက်မဖြင့် စိုက်ပျိုးသင့်သည်။

မိုးကြီးရွာချပါက ရေဝပ်ခြင်းနှင့် ရေနစ်မြုပ်ခြင်းမဖြစ်စေရန် စိုက်ခင်းအတွင်း ပြင်ဆင်ထားသင့်သည်။

စိုက်ပြီးတစ်လအတွင်း လက်ပေါင်းနှုတ်ခြင်းနှင့် ကြားတိုက်ပေါင်းလိုက်ခြင်း ပြုလုပ်၍ ပေါင်းမြက်ကို နှိမ်နင်းသင့်သည်။ 

ပေါင်းမြက်ကိုပြောင်အောင်ရှင်းပြီးမှ မြေအစိုဓာတ်ရှိချိန်တွင် မြေသြဇာကျွေး သင့်သည်။ 

ပိုတက်ဆီယမ်နှင့် နိုက်ထရိုဂျင်ဓာတ်မြေသြဇာများကိုကျွေးပါက မြေသြဇာဆုံးရှုံးမှု နည်းစေရန် အကြိမ်ခွဲ၍ ကျွေးသင့်ပါသည်။ 

အစေ့ထုတ်ပြောင်းသီးနှံ

အပင်ပေါက်  ၈၅ မှ ၉၀ ရာခိုင်နှုန်း အထက်ရှိသည့်မျိုးဖြင့် ဇွန်လအတွင်းအပြီး စိုက်ပျိုးသင့်သည်။ 

တစ်ဧကအပင်ဦးရေ(၂၃,၀၀၀ မှ ၂၅,၀၀၀)ရရှိအောင် တန်းကြား(၂)ပေနှင့် (၆)လက်မ၊ ပင်ကြား (၉)လက်မဖြင့် စိုက်သင့်သည်။

ရေဝပ်ပျက်စီးခြင်းမဖြစ်စေရန် စိုက်ကွက်တွင် ရေထုတ်မြောင်းများထားရှိခြင်း၊ စိုက်ပျိုးစဥ်ကပင် ဘောင်ဖေါ်စိုက်ပျိုးခြင်းများဆောင်ရွက်သင့်သည်။ 

၁၄ ရက်သားအပင်ပေါက်စုံချိန်တွင် တစ်ကျင်းတစ်ပင်ချန် သားခွဲသင့်သည်။

‌ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်သင့်ပါသည်။

နေကြာသီးနှံ

အနည်းဆုံးအပင်ပေါက်ရာခိုင်နှုန်း ၈၀ အထက်ရှိသော နေကြာမျိုးစေ့ကို အသုံးပြု၍ ဇွန်လအတွင်းအပြီး စိုက်ပျိုးသင့်သည်။

တစ်ဧကလျှင် အပင်ဦးရေ (၂၉,၀၀၀)အပြည့်အဝရရှိစေရန် တန်းကြား (၂) ပေ၊ ပင်ကြား (၉) လက်မထား၍ စိုက်ပျိုးသင့်သည်။

အပင်‌ပေါက်စုံပြီး (၁၄) ရက်သားတွင် တစ်ကျင်းတစ်ပင်ချန်၍ အပြီးသားခွဲသင့်သည်။

အပင်ငယ်စဥ်ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်သင့်ပါသည်။

ပဲတီစိမ်းသီးနှံ

မျိုးစေ့ကို ပဲမြစ်ဖုမြေသြဇာနှင့်လူးနယ်ပြီး ဇွန်လလယ်ထက်နောက်မကျဘဲ စိုက်ပျိုးသင့်သည်။

တစ်ဧကလျှင် အပင်ဦးရေ(၁၀၀,၀၀၀)အပြည့်အဝရရှိစေရန် တန်းကြား(၁)ပေနှင့် (၆)လက်မ၊ ပင်ကြား(၃) မှ (၄) လက်မထား၍ စိုက်ပျိုးသင့်သည်။

အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်ပြီး အပင်ပေါက်ရာခိုင်နှုန်း ၈၅ မှ ၉၀ ရာခိုင်နှုန်း အထက်ရှိသောမျိုး ဖြစ်သင့်သည်။

ပေါင်းမြက်များကို အပင်ငယ်စဥ်တွင် နိုင်နင်းအောင်နှိမ်နင်းသင့်သည်။

အလားတူ အပင်ငယ်စဥ်တွင် ကျရောက်လေ့ရှိသော ပင်စည်ထိုးယင်စသည့် ပိုးမွှားများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းသင့်ပါသည်။

ပဲစင်းငုံသီးနှံ

အပင်ပေါက်ရာခိုင်နှုန်း(၈၅) မှ (၉၀)နှင့်အထက်ရှိသောမျိုးကို ဇွန်လအတွင်း အပြီးစိုက်ပျိုးသင့်သည်။

အပင်ဦးရေအပြည့်အဝရရှိစေရန် သက်လျင်မျိုးဖြစ်ပါက တန်းကြား (၂)ပေနှင့် (၆)လက်မ(သို့မဟုတ်)(၃)ပေ၊ ပင်ကြား(၁)ပေ၊ သက်လတ်မျိုးဖြစ်ပါက တန်းကြား (၄)ပေနှင့်(၆)လက်မ(သို့မဟုတ်)(၅)ပေ၊ ပင်ကြား(၁)ပေအကွာအဝေးထား၍ စိုက်ပျိုးသင့် သည်။

အပင်ပေါက်စုံချိန်မှစ၍ ပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်သင့်ပါသည်။

၂။ မိုးစပါးသီးနှံ

ဆည်ရေသောက်ဒေသနှင့် မိုးရေသောက်ဒေသနှစ်မျိုးလုံး၌  ပျိုးထောင်ရေရရှိပါက ဇွန်လလယ်တွင် စပါးစတင်ပျိုးထောင်သင့်သည်။ 

သို့မဟုတ် စိုက်ခင်းရေရရှိပါက ဇွန်လလယ်တွင် အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။

စပါးမျိုးမှာ သက်လတ်စပါးတစ်မျိုးမျိုး ဖြစ်သင့်သည်။

မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အသုံးပြုရန်ဖြစ်သည်။

အကယ်၍ ပျိုးထောင်ရေမရရှိဘဲ စပါးစတင်စိုက်ပျိုးလိုပါက မြေအစိုဓာတ် လုံလောက်ချိန်တွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများ စိုက်ပျိုးသကဲ့သို့ ထယ်ထိုးထွန်မွှေမြေပြုပြင်ပြီး စပါးအခြောက်ထယ်ရေးအခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method) ဖြင့် စပါးစိုက်ပျိုးသင့်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်