အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
စိုက်ပျိုးရေးလုပ်ငန်းတွင် ရေသည် အပင်၏ သက်စောင့်ဓာတ်ပင်ဖြစ်သည်။ မိုးရာသီ၌ ရေအလုံအလောက် ရရှိပါက သီးနှံပင်များမှာ စိမ်းလန်းစိုပြည်စွာ ဖြစ်ထွန်းကြီးထွားကြ သော်လည်း မိုးခေါင်ရေရှားသည့် နှစ်များ၌မူ ရေရရှိရုံမျှဖြင့် မလုံလောက်ချေ။ မြေဆီလွှာအတွင်း ရှိပြီးသား ရေဓာတ်ကို အလဟဿ မဆုံးရှုံးရအောင် စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ရေးမှာ အလွန်ပင် အရေးကြီးလှသည်။
အထူးသဖြင့် အယ်လ်နီညို (El Niño) ကဲ့သို့သော ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် မိုးရွာသွန်းမှု လျော့နည်းခြင်း၊ အပူချိန် လွန်ကဲစွာ မြင့်တက်ခြင်းနှင့် မိုးခေါင်ရေရှားမှု ပြဿနာများ ကြုံတွေ့ရနိုင်သည်။ ထိုသို့သော အခြေအနေများတွင် မြေတွင်းအစိုဓာတ် လျော့နည်းသွားပါက သီးနှံပင်များ ရေငတ်မွတ်၍ ကြီးထွားမှု နှောင့်နှေးခြင်း၊ ပန်းပွင့်သီးမှု လျော့နည်းခြင်းတို့ဖြစ်ပေါ်ကာ နောက်ဆုံးတွင် သီးနှံအထွက်နှုန်းကို များစွာ ထိခိုက်စေနိုင်သည်။
သို့ဖြစ်ပါ၍ "မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ကြာရှည်စွာ အသုံးခံအောင် မည်သို့ ထိန်းသိမ်းမည်နည်း" ဆိုသည့် အောက်ပါ နည်းလမ်းကောင်းများကို လယ်ယာစိုက်ပျိုးသူများ အသိပညာဗဟုသုတအဖြစ်ရယူပြီး အသုံးချနိုင်ရန် ဖော်ပြလိုပါသည်။
၁။ မြေဖုံးပစ္စည်းများအသုံးပြု၍ အစိုဓာတ် ထိန်းသိမ်းခြင်း (Mulching)
လက်တွေ့ကျ၍ အလွယ်ကူဆုံးသော နည်းလမ်းမှာ မြေဖုံးပစ္စည်းများ (Mulch) ကို စနစ်တကျ အသုံးပြုခြင်း ဖြစ်သည်။ သီးနှံပင်တန်းများအကြားရှိ မြေမျက်နှာပြင်ပေါ်တွင် စပါးရိုးပြတ်၊ ဂျုံရိုးပြတ်၊ ကောက်ရိုး၊ အရွက်ခြောက်များနှင့် အခြားသီးနှံ အကြွင်းအကျန်များကို ညီညာစွာ ဖြန့်ခင်းပေးရန် ဖြစ်သည်။ စပါးခွံ ရရှိပါကလည်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။
ထိုသို့ မြေဖုံးပေးခြင်းဖြင့် နေရောင်ခြည်သည် မြေမျက်နှာပြင်သို့ တိုက်ရိုက် မထိတွေ့နိုင် တော့ဘဲ မြေဆီလွှာအတွင်းမှ ရေငွေ့ပျံ ဆုံးရှုံးမှုကို များစွာ လျှော့ချပေးနိုင်သည်။ ထို့ပြင် မြေမျက်နှာပြင် ပူပြင်းလွန်းခြင်းကို ကာကွယ်ပေးသည့်အပြင် အော်ဂဲနစ် အကြွင်းအကျန်များ ဆွေးမြည့်လာသောအခါ မြေဆီလွှာ၏ အရည်အသွေးကိုပါ တိုးတက်ကောင်းမွန်စေပါသည်။
သို့သော် ရိုးပြတ်နှင့် အရွက်ခြောက်များကို အလွန်ထူထပ်စွာ မဖုံးအုပ်သင့်ပါ။ အပင် အောက်ခြေတွင် လေဝင်လေထွက် ပိတ်ဆို့ခြင်း၊ ပိုးမွှားနှင့် ရောဂါများ ခိုအောင်းပွားများခြင်းတို့ မဖြစ်ပေါ်စေရန် သင့်တော်ရုံ အထူအပါးဖြင့်သာ စနစ်တကျ ဖြန့်ခင်းပေးရန် လိုအပ်ပါသည်။
၂။ သီးနှံပင်တန်းကြား မြေမျက်နှာပြင်ကို မြေဖွပေးခြင်း
ဒုတိယနည်းလမ်းမှာ သီးနှံပင်တန်းကြားရှိ မြေမျက်နှာပြင်ကို အနည်းငယ် ပေါ့ပါးစွာ ဖွပေးခြင်း ဖြစ်သည်။ အပင်တန်းကြားများတွင် ကြားပေါင်းလိုက်ကိရိယာ သို့မဟုတ် ထွန်တိုများ ကို အသုံးပြု၍ မြေမျက်နှာပြင်ကို သင့်တော်သလောက် ဖွပေးနိုင်သည်။
မြေဆီလွှာအတွင်း၌ အောက်ခြေမှ ရေဓာတ် အပေါ်သို့ တက်လာနိုင်သော အလွန် သေးငယ်သည့် ရေတက်လမ်းကြောင်းများ (Capillary tubes) ရှိကြသည်။ မြေမျက်နှာပြင်သည် ခြောက်သွေ့၍ အက်ကွဲလာသည့်အခါ ထိုလမ်းကြောင်းများမှတစ်ဆင့် ရေဓာတ်သည် အပေါ်သို့ တက်လာပြီး လေထဲသို့ ရေငွေ့အဖြစ် လျှင်မြန်စွာ ဆုံးရှုံးသွားနိုင်သည်။
မြေမျက်နှာပြင်ကို အနည်းငယ် မြေဖွပေးခြင်းဖြင့် ထိုရေတက်လမ်းကြောင်းများကို ဖြတ်တောက်ပေးရာရောက်ပြီး မြေတွင်းအစိုဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းပေးနိုင်သည်။ သို့သော် သီးနှံပင်၏ အမြစ်များကို မထိခိုက်စေရန်နှင့် မြေဆီလွှာကို အလွန်အကျွံ မဖွဆွမိစေရန် သတိပြုရမည်ဖြစ်ပါသည်။
၃။ မြေဖုံးသီးနှံများ စိုက်ပျိုးခြင်း (Cover Crops)
အဓိက သီးနှံပင်တန်းကြားများ၌ မြေပေါ်တွင် ပြန့်ပြန့်ကပ်ကပ် ပေါက်ရောက်လွယ်သော အပင်များနှင့် ပဲမျိုးနွယ်ဝင် သီးနှံများကို ပေါင်းစပ် စိုက်ပျိုးပေးနိုင်သည်။
မြေဖုံးသီးနှံများ (Cover Crops) ဖုံးအုပ်ထားခြင်းကြောင့် မြေမျက်နှာပြင်သည် နေရောင် ခြည်နှင့် လေတိုက်ခတ်မှုကို တိုက်ရိုက် မခံရတော့ဘဲ ရေငွေ့ပျံ ဆုံးရှုံးမှုကို နည်းပါးစေသည့် အပြင် မိုးရေကြောင့် မြေဆီလွှာ တိုက်စားခံရမှုကိုပါ ကာကွယ်ပေးသည်။
သို့သော် မြေဖုံးသီးနှံများသည် အဓိကသီးနှံပင်နှင့် ရေ၊ အာဟာရနှင့် နေရောင်ခြည်တို့ အတွက် အပြိုင်အဆိုင် မဖြစ်စေရန် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်သည်။ ရေရှားပါးသော ဒေသများတွင် အလွန်ထူထပ်သော မြေဖုံးသီးနှံ စိုက်ပျိုးမှုကို ရှောင်ကြဉ်သင့်ပါသည်။
၄။ မြေဆီလွှာ အော်ဂဲနစ်ပစ္စည်းများ တိုးမြှင့်ထည့်သွင်းခြင်း
မြေတွင်းအစိုဓာတ်ကို ရေရှည် ထိန်းသိမ်းလိုပါက မြေဆီလွှာ အော်ဂဲနစ်ပစ္စည်း (Soil Organic Matter) တိုးတက်လာစေရန် အလေးထား ဆောင်ရွက်ရပါမည်။
ကောင်းစွာ ဆွေးမြေ့ပြီးသော သဘာဝမြေဩဇာ၊ ကွန်ပိုစ့် (Compost) နှင့် သီးနှံအကြွင်း အကျန်များကို မြေဆီလွှာအတွင်း ပုံမှန် ထည့်သွင်းပေးခြင်းသည် မြေဆီလွှာ၏ ရေကို ထိန်းထား နိုင်သည့် စွမ်းရည် (Water Holding Capacity) ကို သိသိသာသာ တိုးတက်စေသည်။ အထူးသဖြင့် ရေထိန်းအား နည်းပါးသော သဲဆန်သည့် မြေအမျိုးအစားများတွင် အော်ဂဲနစ်ပစ္စည်း ထည့်သွင်းပေးခြင်းမှာ မရှိမဖြစ် လိုအပ်သည့် ဆောင်ရွက်ချက် ဖြစ်ပါသည်။

၅။ ရေအရင်းအမြစ်ကို စနစ်တကျ အကျိုးရှိစွာ သုံးစွဲခြင်း
"မြေတွင်းအစိုဓာတ် ထိန်းသိမ်းခြင်း" ဆိုသည်မှာ ရေမပေးဘဲ ထားရှိခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ ရရှိလာသော ရေကို အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုခြင်းပင် ဖြစ်သည်။
ရေရရှိသည့် အချိန်တွင် အလွန်အကျွံ ရေသွင်းပြီးမှ နောက်ပိုင်းတွင် ရေငတ်ထားခြင်း ထက် သီးနှံ၏ သက်တမ်းအလိုက် ရေလိုအပ်သည့် အချိန်အပိုင်းအခြားများ (Critical stages) ကို သိရှိ၍ လိုအပ်သလောက်သာ စနစ်တကျ ရေပေးသွင်းခြင်းက ပိုမို ထိရောက်မှု ရှိပါသည်။
စိုက်ပျိုးရေးလုပ်ငန်းတွင် "ရေပေးသွင်းခြင်းထက် ရှိပြီးသားရေကို အလဟဿ မဆုံးရှုံးရအောင် ထိန်းသိမ်းခြင်းက ပိုမို အရေးပါသည်" ဆိုသည့် အယူအဆကို စိုက်ပျိုးသူ တောင်သူတိုင်း သတိပြုရမည် ဖြစ်ပါသည်။
မြေတွင်းအစိုဓာတ် ထိန်းသိမ်းနည်း ၅ မျိုး ပေါင်းစပ်အသုံးချခြင်း
မြေတွင်းအစိုဓာတ်ကို စနစ်တကျ ထိန်းသိမ်းရန် ဖော်ပြပါ နည်းလမ်း ၅ မျိုးကို ပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို အောက်တွင် ဖေါ်ပြလိုပါသည်။
စဉ် | နည်းလမ်း | အဓိက ဆောင်ရွက်ချက် | အကျိုးကျေးဇူး |
|---|---|---|---|
၁ | မြေဖုံးပစ္စည်း သုံးခြင်း | ကောက်ရိုး၊ ရိုးပြတ်၊ အရွက်ခြောက်များ ဖြန့်ခင်းခြင်း | နေရောင်ကြောင့် ရေငွေ့ပျံမှုကို တားဆီးပေးခြင်း |
၂ | မြေမျက်နှာပြင် ဖွပေးခြင်း | ကြားပေါင်းလိုက်ကိရိယာ၊ ထွန်တိုများဖြင့် မြေဖွခြင်း | ရေတက်လမ်းကြောင်းများကို ဖြတ်တောက်ပေးခြင်း |
၃ | မြေဖုံးသီးနှံ စိုက်ပျိုးခြင်း | ပဲမျိုးနွယ်နှင့် ပေါက်ရောက်လွယ်သော အပင်များ စိုက်ခြင်း | မြေတိုက်စားမှု ကာကွယ်၍ အစိုဓာတ် ထိန်းပေးခြင်း |
၄ | အော်ဂဲနစ်ပစ္စည်း ထည့်ခြင်း | သဘာဝမြေဩဇာ၊ ကွန်ပိုစ့်နှင့် သီးနှံပင်အကြွင်း အကျန်များ ထည့်ခြင်း | မြေဆီလွှာ၏ ရေထိန်းအားကို မြှင့်တင်ပေးခြင်း |
၅ | ရေကို စနစ်တကျ သုံးခြင်း | သီးနှံ၏ သက်တမ်းအလိုက် လိုအပ်သလောက်သာ ရေပေးခြင်း | ရေအလဟဿ ဖြစ်မှုကို လျှော့ချပေးခြင်း |
ရာသီဥတု ဖောက်ပြန်၍ မိုးနည်းလာခြင်းနှင့် အပူချိန် မြင့်တက်လာခြင်းများကို တောင်သူတစ်ဦးတည်း အနေဖြင့် ထိန်းချုပ်၍ မရနိုင်သော်လည်း မိမိတို့၏ လယ်ယာမြေအတွင်း မြေဖုံးအုပ်ခြင်း၊ သီးနှံအကြွင်းအကျန်များ ထိန်းသိမ်းခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ထည့်သွင်းခြင်း နှင့် ရေကို စနစ်တကျ သုံးစွဲခြင်း စသည့် နည်းလမ်းများကိုမူ လက်တွေ့ စမ်းသပ် ဆောင်ရွက်နိုင် ပါသည်။
မိမိတို့၏ မြေအမျိုးအစားနှင့် သီးနှံအလိုက် အသင့်တော်ဆုံး နည်းလမ်းများကို လက်တွေ့ စမ်းသပ် လေ့လာ၍ ရရှိလာသည့် အတွေ့အကြုံများကို အခြားတောင်သူများသို့ ပြန်လည် မျှဝေပေးခြင်းဖြင့် ဒေသတစ်ခုလုံး၏ မြေတွင်းအစိုဓာတ် ထိန်းသိမ်းရေးနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးတို့အတွက် များစွာ အကျိုးပြုနိုင်မည် ဖြစ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အယ်နီညိုအတွက် ကြိုတင်ပြင်ဆင်ခြင်း
ဦးညွန့်အောင်
လွန်ခဲ့သော ၅၃ မိနစ် ကဒူးရင်းပင်ခြေရင်းနှင့်ခြံအတွင်း၌ရေအစိုဓါတ်ကိုထိန်းသိန်းသည့်အနေဖြင့်မြက်ပက်များကိုမရှင်းလင်းပဲထားသည့်အခါအဆင်ပြေနိုင်ပါ့မလား
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
ချောင်းဘေးသဲမြေမှာဘာစိုက်ရင် အဆင်ပြေမလဲလူမကြည့်ရတာ
hlaing • ဖြေကြားချက် 2 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 1 ခု
စပါးပင်တွေပင်ပွားမရှိဘဲ ပိတ်သည်းနေတာ 75ရက်သားရှိပါပီ မှို့ဆေးဖျန်းရတေယ့မလား 120သက်တမ်းစပါးပါ
Theint Theint Nway • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ခါနီး ကောက်ရိုးကို မီးရှို့သင့်လား မသင့်ဘူးလား
ဦးဘုန်းမင်းသန့် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from Soe Myint
အားလုံး