တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (သြဂုတ်လ)

01/08/2018 16:49 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးဦးနှင့် မိုးလယ်ရာသီတို့တွင် စိုက်ပျိုးလေ့ရှိသည့်ယာသီးနှံများနှင့် မိုးစပါးသီးနှံတို့အတွက် သြဂုတ်လအတွင်း သတိမူ လုပ်ကိုင်ဆောင်ရွက်သင့်သည်များကို အသိပေးနှိုးဆော်လိုပါသည်။

၁။ မိုးဦး၊ မိုးလယ်ယာသီးနှံများ(နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ စသည်)

သြဂုတ်လတွင် မိုးများစွာရွာသွန်းလေ့ရှိသည်။ ယာသီးနှံများကို အဓိကအားထား စိုက်ပျိုးလေ့ရှိသည့် မြန်မာနိုင်ငံအလယ် ပိုင်း ဒေသများအတွက် အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်။ ဇူလိုင်လအတွင်းက အစိုဓာတ် လုံလောက်စွာမရသဖြင့် မည် သည့်သီးနှံကိုမျှ မစိုက်လိုက်ရသေးလျှင်သော်လည်းကောင်း၊ သို့မဟုတ် စိုက်ပြီးအပင်ပေါက်ကာစ မိုးဖျက်၍ ပျက်စီးခဲ့လျှင် သော်လည်းကောင်း အဆိုပါဒေသများတွင် ပဲတီစိမ်း၊ စကမြေပဲ၊ နှမ်းလျင် စသည့် ယာသီးနှံများကို သြဂုတ်လအတွင်း စိုက်ပျိုးရန်ဖြစ်ပါသည်။ 

ဒေသအချို့တွင် ယခုနှစ် မိုးဦးကောင်းကြောင်း တောင်သူလယ်သမားကြီးများ ပြောသံကြားရသည်။ မိုးရေ လုံလောက်စွာ ရရှိသည်။ ယာသီးနှံများအကြိုက် ဖြစ်ခဲ့သည်။ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပြောင်းဖူး၊ စိုက်သမျှ အကုန်ကောင်းသည်။ စိုက်ချိန်ကလည်းစောခဲ့သည်။ မုတ်သုန်မဝင်မီ ရွာသွန်းသောမိုးကပင် ယာသီးနှံများအတွက် အကျိုးရှိသောမိုးများ ဖြစ်ခဲ့ သည်။ ယခုဆို ရိတ်သိမ်းပြီး ရိတ်သိမ်းဆဲများ ဖြစ်ပါမည်။

 ဖေါ်ပြပါ ပထမယာသီးနှံရိတ်သိမ်းအပြီး ယာမြေကွက်တွင် သီးထပ်အဖြစ် ဒုတိယယာသီးနှံ ထပ်မံစိုက်ပျိုးရန် တိုက်တွန်း လိုသည်။ မိုးရာသီတစ်ခုအတွင်း ‘ယာသီးနှံ - ယာသီးနှံသီးနှံပုံစံ’ချမှတ် ဆောင်ရွက်ခြင်းမည်ပါမည်။ 

ဒေသအလိုက် ဆောင်ရွက်နိုင်သည့် သီးနှံပုံစံများမှာ နှမ်းလျင် - ပဲတီစိမ်းသီးနှံပုံစံ၊ နှမ်းလျင် - စကမြေပဲ သီးနှံပုံစံ၊ ပဲတီစိမ်း - မြေပဲ သီးနှံပုံစံ၊ ပဲတီစိမ်း - နှမ်းလျင် သီးနှံပုံစံ၊ ပဲပုပ် - ပန်းနှမ်း သီးနှံပုံစံ၊ ပဲပုပ်-နေကြာ သီးနှံပုံစံ၊ ပဲပုပ် - ဂျုံ သီးနှံပုံစံ စသည်ဖြစ်ပါမည်။

မိုးဦးပဲတီစိမ်းကို အဓိကအားထား စိုက်ပျိုးအောင်မြင်သည့် ရမည်းသင်းလို ဒေသများအတွက် ပဲတီစိမ်းအပြီး ဒုတိယသီးနှံ စိုက်ဖို့ အချိန်ရသည်။ ဆက်လက်ပြီး စပ်မျိုးနေကြာသီးနှံကို စိုက်နိုင်သည်။ ချည်မျှင်ရှည်ဝါကို စိုက်နိုင်သည်။ ပဲတီစိမ်း - စပ်မျိုးနေကြာနှင့် ပဲတီစိမ်း- ချည်မျှင်ရှည်ဝါ သီးနှံပုံစံတို့ဖြင့် တစ်သီးပြီးတစ်သီး ဝင်ငွေရရှိရေး ဆောင်ရွက်နိုင်ပါသည်။        

ဆက်လက်အကြံပြုလိုသည်။ စိုက်ပျိုးမည့် ဒုတိယယာသီးနှံသည် ဒေသနှင့်သင့်တော်ရမည်။ ရေမြေအလိုက် ဖြစ်ထွန်းသောမျိုး ဖြစ်သင့်သည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ သက်လျင် အထွက်ကောင်းမျိုးကို ရွေးချယ်အသုံးပြုသင့် ပါသည်။ 

မိုးရွာသွန်းမှုသည် ပုံမှန်မဖြစ်၊ ပြန့်နှံ့မှုမညီညာ၊ သွန်ချချင်သလိုသွန်ချ စသည် ပြောင်းလဲဖြစ်ပေါ်ပါက လိုက်လျောညီထွေစွာ လိုအပ်သလို ချင့်ချိန်ဆောင်ရွက်ရန်ဖြစ်သည်။ မိုးများခြင်းကြောင့် စိုက်ပြီး ပျက်စီးနိုင်ခြင်း၊ အပင်ပေါက်ပြီး အပင်ခြေ ရေဝပ်ခြင်း၊ မြေဆီလွှာ ရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ကာ စိုက်ပျိုးသီးနှံပင်များ မပျက်စီးစေရေး ဆောင်ရွက် ဖို့တော့ လိုပါသည်။

၂။ မိုးစပါးသီးနှံ

စပါးသီးနှံအတွက် လုံလောက်သည့် မိုးရေချိန်ရသည်ထိ သြဂုတ်လအတွင်း မိုးရွာသွန်းနိုင်သည်။ အတွေ့အကြုံအရ ခန့်မှန်း ခြင်းဖြစ်သည်။ မိုးများသည့်ဒေသများနှင့် ဆည်ရေသောက်ဒေသများအတွက် ပျိုးထောင်ရေ၊ စိုက်ပျိုးရေ ခက်ခဲမှုမရှိသော် လည်း မိုးနည်းပါးသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် ယခုအချိန်အထိ ပျိုးမထောင်နိုင်မှုများရှိခဲ့သည်။ ထိုဒေသများ သည် ပျိုးထောင်ရေ ရလျှင်ရခြင်း အမြန်ပျိုးထောင်သင့်သည်။ 

ပျိုးထောင်ကောက်စိုက်ဖို့ အခက်အခဲရှိပါကလည်း ယာသီးနှံ (နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ စသည်) စိုက်ပျိုးရန်ကဲ့သို့ ထွန်ရေးပြုပြင်ပြီး အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ် (Dry Direct Seeded Rice Method)(သို့မဟုတ်) အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ် (Wet Seeded Rice Method) (သို့မဟုတ်) တနည်းနည်းဖြင့် ကြဲပက်မည်လား၊  အတန်းလိုက် မျိုးစေ့ချမည်လား ဒေသရေမြေ၊ လူမှုစီးပွားနှင့် လုပ်သားရနိုင်မှု အခြေအနေတို့အရ စိုက်ပျိုးရန်ဖြစ်ပါသည်။  

သြဂုတ်လသည် မိုးစပါးအတွက် နောက်ကျသည်ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ သို့သော် သြဂုတ်လမှာမှ မိုးမှန်မှန် ရွာတတ်သော အထက်ပိုင်းဒေသများအတွက် ပျိုးထောင်ချိန် (တနည်းအားဖြင့်) ကြဲပက်စိုက်ချိန် ပုံမှန်လို့ ဆိုရပါမည်။ 

မိုးစပါးမစိုက်ရလျှင် တစ်နှစ်ကောမှာ စိုးရသည်။ မဖြစ် ဖြစ်သည့်နည်းဖြင့် စပါးမျိုးစေ့ မြေကျရေး ကြိုးစားစေလိုသည်။ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်တွင် အခက်အခဲကြုံတွေ့နိုင်သည်မှာ ပေါင်းမြက် ဖြစ်သည်။ ပေါင်းမြက်ကင်းစင်စေ ရေးကို အထူးဂရုပြုရန် လိုကြောင်းအသိပေးလိုပါသည်။

ဇူလိုင်လအတွင်း ပျိုးထောင်နိုင်ခဲ့ပါက ပျိုးသက်တစ်လအတွင်း ပြောင်းရွှေ့ကောက်စိုက်ရန် ဖြစ်ပါသည်။ အချို့ဒေသများ သည် မိုးရွာသွန်းမှု နည်းပါးမှုကြောင့် စပါးစိုက်ခင်း ထွန်ရေးပြင်ရန် မိုးလိုကောင်း လိုနိုင်သည်။ ရေရရှိချိန်တွင်  ပျိုးခင်းများ ပျိုးသက်ကြီးနေသည်လည်း ဖြစ်နိုင်သည်။ ပျိုးသက်ကြီးသော်လည်း ရှိပြီးပျိုးသက်ကြီးပျိုးကိုပင် အသုံးပြုစိုက်စေလိုသည်။ ကောက်ကွက်နှင့် လက်ဆပုံမှန်ဖြင့် စိုက်ရန်ဖြစ်သည်။ အမြန် ရွှေ့ပြောင်းကောက်စိုက်ရန်သာ လိုပါသည်။

ပျိုးသက်ကြီးပျိုးကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အမြင့်ဆုံးအထွက် (Maximum Yield)ကို မမျှော်မှန်းနိုင်သော်လည်း သင့်တင့်သောအထွက် (Accptable Yield) ကိုတော့ ရနိုင်ကြောင်း အသိပေးလိုသည်။ သို့သော်ပျိုးသက်ရက် ၆၀ ထက် ကြီးသော ပျိုးများကိုမူ  အသုံးမပြုသင့်ပါ။

ပျိုးထောင်ရေ စောစီးစွာရရှိပြီး ဇူလိုင်လအတွင်း စိုက်ပျိုးခဲ့သော စပါးခင်းများ၊ သြဂုတ်လအတွင်း စိုက်မည့် စပါးခင်းများအတွက် ပြုစုဂရုစိုက်မှုလုပ်ငန်းများကို မလစ်ဟင်းစေလိုကြောင်း နှိုးဆော်လိုသည်။ ကောက်ပင်လှန်သည်မှ ပင်ပိုင်းကြီးထွား သည့်ကာလ (Vegetative Phase) တလျှောက်လုံးတွင် အထူးဂရုစိုက်စေလိုသည်။ 

ထိုကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် အရေးပါသော ကာလဖြစ်လို့ဖြစ်သည်။ ပေါင်းမြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာ အာဟာရ မချို့တဲ့စေရေး၊ ပိုးမွှားရောဂါကင်းစင်စေရေး လိုအပ်သလို လုပ်ကိုင်ရမည်ဖြစ်ပါသည်။

ရေကြီးရေလွှမ်းမှု ဖြစ်ပေါ်နိင်သည့် လယ်မြေများအတွက်လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ လုပ်ထားသင့်ကြောင်း အသိပေးလိုသည်။ အကယ်၍ လိုအပ်ပါက အဆင်သင့်ဖြစ်စေရန် ကုန်းမြင့်မြေလွတ် ရေလွှမ်းမှုမဖြစ်ပေါ်နိုင်သည့် နေရာတွင် ပျိုးအပိုထောင်ထားသင့်သည်။ ယခင်က အောက်ပိုင်းဒေသများသာ ရေလွှမ်းမိုးမှုဖြစ်ပေါ်သည်။ ယခု ပြောလို့ မရပါ။ အထက်ပိုင်းဒေသများတွင်လည်း နေရာကွက်၍ မိုးကြီးရွာသွန်းချပါက ချောင်းငယ်မြောင်းငယ်များမှတစ်ဆင့် ရေကြီးရေလျှံကာ ထိခိုက်ပျက်စီးမှုများရှိသည်ကို ယခင်နှစ်များက ကြုံတွေ့ခဲ့ရကြောင်း ကြားသိရသည်။ လိုအပ်ပါက ပြန်လည် ပျိုးထောင်စိုက်ပျိုးနိုင်ရန် စပါးမျိုးအရန်ရှိထားသင့်သည်။ အရန်ထားရှိသည့် စပါးမျိုးသည် အလင်းရောင်တုံ့ပြန်မှု ရှိသည့် ရာသီစပါးမျိုးမဖြစ်ရပါ။ အထွက်ကောင်းမျိုးဆိုလျှင်လည်း သက်တမ်းတို အထွက်ကောင်းသောမျိုး ဖြစ်သင့်ပါသည်။

သြဂုတ်လသည် မိုးဦးသီးနှံများ အပျက်အစီးမရှိ ရိတ်သိမ်းရေး၊ မိုးလယ်သီးနှံများ စိုက်ပျိုးရေး၊ မိုးစပါး အောင်မြင်စွာ စိုက် ပျိုးရေးနှင့် ရေကြီးရေလွှမ်းမှုရှိပါက ပြန်လည်စိုက်ပျိုးရေးတို့အတွက် အရေးပါသောလဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဆင်းသီဟ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်