တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (ဇန်နဝါရီလ၊ ၂၀၂၀)

08/01/2020 11:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဆောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းရေးနှင့် နွေစပါးစိုက်ပျိုုးရေးနှင့် ပတ်သက်၍ နှိုးဆော်အသိပေးလိုပါသည်။

ဆောင်းရာသီစိုက်ပျိုးသီးနှံများ

   လယ်ယာစိုက်ခင်းတွေမှာ စိုက်ပျိုးထားသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ မြေပဲစသည့် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းဖို့လိုပါသည်။ ယခုလအတွင်း လုပ်ဆောင်သည်များနှင့်ပတ်သက်၍ စနစ်ကျမှန်ကန်ဖို့လိုပါသည်။ အထူးသဖြင့်တော့ ရွက်ဖျန်းမြေသြဇာပက်ဖျန်းတာများနှင့်ပတ်သက်၍ ပြောကြားလိုပါသည်။

   မှန်ပါသည်။ ရွက်ဖျန်းမြေသြဇာ(Leaf Fertilizer) သုံးစွဲခြင်းသည် စိုက်ပျိုးသီးနှံပင်များအတွက် အာဟာရဓာတ်များ လျှင်မြန်စွာရောက်ရှိစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ကုန်ကျစရိတ်လည်း သက်သာသည်။ အကျိုးရှိအောင် ပက်ဖျန်းဖို့တော့လိုပါသည်။

   ပက်ဖျန်းသည့် အရွက်ဖျန်းမြေသြဇာရည်သည် စိုက်ပျိုးသီးနှံပင်အတွက် လိုအပ်သော အာဟာရကို ဖြည့်ဆည်းပေးနိုင်သည့် အာဟာရဓာတ်များပါဝင်သော မြေသြဇာရည် ဖြစ်ဖို့လိုသည်။ ထို့ကြောင့် သီးနှံပင်တွင် ဖေါ်ပြလျက်ရှိသော ချို့တဲ့သည့်လက္ခဏာကို ကြည့်ရှုအကဲခတ်ပါ။ လိုအပ်သည့် အာဟာရကို ခန့်မှန်းပါ။ ထို့နောက် လိုအပ်သည့် အာဟာရကို ဖြည့်စွမ်းပေးနိုင်သည့် အရွက်ဖျန်းမြေသြဇာရည်ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူပက်ဖျန်းဖို့ အကြံပြုလိုပါသည်။

   မြေသြဇာအာဟာရအရည်လိုပဲ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စိုက်ပျိုးရေးဆေးဝါးတွေ အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည်။ တစ်ခုတော့ပြောလိုပါသည်။ ကြိုတင်ကာကွယ်ရန်ဖြစ်သည်။ ဆောင်းသီးနှံအမျိုးအစားအပေါ်မူတည်ပြီး ကျရောက်လေ့ရှိသည့်ပိုးမွှားရောဂါ၊ ကျရောက်လေ့ရှိသည့် အချိန်တို့ကို သိဖို့လိုသည်။ သိရုံဖြင့်မပြီးသေး။ ကြိုတင်ကာကွယ်ဖို့၊ ကျရောက်လျှင်ကျရောက်ချင်း ထိထိရောက်ရောက်နှိမ်နင်းဖို့လိုပါသည်။

    သီးနှံအလိုက် အပင်ဖြစ်ထွန်းစဉ် ကျရောက်တတ်သော ပိုးမွှားရောဂါများကို ကင်းထောက်စစ်ဆေးသင့်ပါသည်။ လိုအပ်ပါက ကျရောက်သည့်ပိုးမွှားရောဂါအမျိုးအစားနှင့် ကာကွယ်နှိမ်နင်းနည်း စနစ်မှန်တို့ကို သိရှိကာ သင့်တော်မှန်ကန်သည့် ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးကို ဝယ်ယူအသုံးပြုသင့်ပါသည်။

နွေစပါးသီးနှံ

   မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ အချို့က မိုးစပါးကို ရိတ်သိမ်းဆဲဖြစ်သည်။  မိုးစပါး-ဆောင်းသီးနှံ-နွေစပါး သီးနှံပုံစံ ကျင့်သုံးသည့်ဒေသများတွင် ဆောင်းသီးနှံများ စိုက်ထားဆဲဖြစ်သည်။ နွေစပါးအတွက် အလှည့်မပေးနိုင်သေးသလို ရာသီဥတုကလည်း အေးလွန်းနေသေးသည်။

   ဆည်ရေကလည်း အကန့်အသတ်ဖြစ်သည်။ ဆည်ရေပေးသည့်အချိန်နှင့် နွေစပါးထယ်ရေးပြင်ချိန် ကိုက်ညီဖို့လိုသည်။ ဆောင်းသီးနှံတွေရှိနေသေးတော့ ဆည်ရေလည်း ပေးလို့မရသေးချေ။ ဆည်ရေမရသော်လည်း အခြားရေရရှိသည့်နည်းလမ်းအသွယ်သွယ်ရှိလျှင်တောင်မှ ယခုလအတွင်း နွေစပါးစတင်စိုက်ပျိုးခြင်း မပြုသင့်သေးကြောင်း အသိပေးလိုပါသည်။

   မြန်မာနိုင်ငံ အောက်ပိုင်းဒေသများအတွက်တော့ နွေစပါးစိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်ဟု ပြောလိုပါသည်။ ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးသူများ စိုက်သည်။ မစိုက်ရသေးသူများ အချိန်မနောက်ကျမီ အမြန်စိုက်သင့်ပါသည်။ 

   မြန်မာနိုင်ငံအောက်ပိုင်းဒေသများရှိ တောင်သူလယ်သမားများ၏ လယ်မြေပိုင်ဆိုင်မှုသည် အထက်ပိုင်းဒေသများထက် ပိုသည်။ ဧရိယာ များပြားကျယ်ဝန်းသည်။ အလွယ်တကူ စိုက်ပျိုးပြီးစီးနိုင်ခြင်းမရှိ။ ထို့ကြောင့် အချို့မှာ ဒီဇင်ဘာတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလအထိ စိုက်ဆဲဖြစ်သည်။ သို့သော် ဇန်နဝါရီလအတွင်းတော့ ပြီးစီးအောင်စိုက်ပျိုးစေလိုပါသည်။

   အကြောင်းမှာ မုတ်သုန်မိုးစတင်လျှင် မြန်မာနိုင်ငံအောက်ပိုင်းက စတင်တာမို့ မုတ်သုန်မဝင်မီ ရိတ်သိမ်းပြီးစီးဖို့လိုသည်။ ရိတ်ချိန်သိမ်းချိန် မိုးလေလွတ်မှသာ မျှော်မှန်းအထွက်ကိုရနိုင်မည် ဖြစ်ပါသည်။

   နွေစပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ကို အသုံးပြုစေချင်သည်။ တစ်ဧကအထွက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေးက အရေးပါသောအချက်ဖြစ်သည်။ အများစုက သီးထပ်ရင်စပါးမျိုးကို စိုက်သည်။ အခြား သက်လျင်အထွက်ကောင်းမျိုးသစ်များကိုလည်း စမ်းသပ်စိုက်ပျိုးဖို့လိုသည်။ မည်သည့်မျိုးကိုစိုက်သည်ဖြစ်စေ မျိုးသန့်ကိုသာစိုက်ပါလို့ ပြောလိုပါသည်။

   မျိုးသန့်မျိုးစေ့ဆိုတာ တစ်ခြားစပါးမျိုးစေ့များ ပါဝင်စေခြင်းမရှိရပါ။ အစေ့အရွယ်အစား ညီညာရပါမည်။ ပေါင်းမြက်စေ့များ၊ အမှိုက်သရိုက်များ ကင်းစင်ရပါမည်။ ထို့ပြင် ပိုးမွှားရောဂါဖြစ်ကြောင်းများ ကပ်ငြိပါလာခြင်း မရှိစေရပါ။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)ကို ရနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။ အသုံးပြုစေချင်ပါသည်။ မျိုးကောာင်းမျိုးသန့်စိုက်ပျိုးလျှင် စပါးအထွက် တစ်ဧကလျှင် ၅ မှ ၂၀ ရာခိုင်နှုန်း တိုးနိုင်တာကို အသိပေးလိုပါသည်။

   စိုက်ပျိုးရေကို ချွေတာရေး၊ စိုက်ပျိုးကုန်ကျစရိတ် သက်သာရေးနှင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ပါလို့ တိုက်တွန်းလိုပါသည်။ 

ဆင်းသီဟ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်