မိုးရာသီ ပဲမျိုးစုံသီးနှံများနှင့် သီးထပ်သီးညှပ်စိုက်ပျိုးရေး

16/06/2020 17:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ရှေးယခင်က တစ်သီးသာစိုက်ပျိုးလေ့ရှိသည်။ လယ်မြေတွင် စပါးသီးနှံကို အားထား စိုက်ပျိုးပြီး အသုံးပြုသည့်စပါးမျိုးများမှာ အလင်းရောင်တုန့်ပြန်မှုရှိသော ရာသီစပါးမျိုးများ၊ တနည်းအားဖြင့် ဒေသစပါးမျိုးများဖြစ်သည်။ မည်သည့်သီးနှံကိုမျှ မိုးစပါးမတိုင်မီ စိုက်လေ့စိုက်ထမရှိသကဲ့သို့ မိုးစပါးအပြီးတွင်လည်း စိုက်လေ့မရှိကြပါ။ ယာမြေတွင်လည်း တစ်သီးသာ စိုက်လေ့ရှိပြီး အလင်းရောင်တုံ့ပြန်မှုရှိသော ယာသီးနှံများကိုသာ စိုက်ပျိုးသည်။ သို့သော် မြန်မာ့ရေ‌မြေနှင့် ရာသီဥတုသည် သီးနှံမျိုးစုံကို ဒေသမရွေး၊ အချိန်အခါမရွေး စိုက်ပျိုးဖြစ်ထွန်းသည်။

    နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ယခုအခါ အလင်းရောင်တုန့်ပြန်မှုမရှိသော သက်လျင်နှင့် သက်လတ်အထွက်ကောင်းစပါးမျိုးများကို သုတေသနပြု ဖေါ်ထုတ်ရရှိလာ၍ မိုးစပါးမတိုင်မီနှင့် စပါးရိတ်သိမ်းအပြီး လယ်မြေများတွင် သီးထပ်သီးနှံ စိုက်ပျိုးရန် အခြေအနေကောင်းများရရှိလာသည်။ အလားတူ ယာမြေတွင်လည်း မိုးဦး၊ မိုးလယ်၊ မိုးနှောင်းရာသီတို့တွင်စိုက်ပျိုးရန် အလင်းရောင်တုံ့ပြန်မှုမရှိသော ယာသီးနှံမျိုးများ သုတေသနပြုမှုအရ ပေါ်ထွန်းလာသည်။

    ထို့ပြင် ယခင်က မိုးရွာသွန်းမှုကိုသာ အားကိုးစိုက်ပျိုးရာက ယခုအခါ မိုးရေသာမက ဆည်၊ တမံ၊ မြစ်ရေတင်၊ မြေအောက်ရေ−စသည့် ရေရရှိရေးနည်းလမ်းအသွယ်သွယ်လည်း ဖွံ့ဖြိုးလာသည်။ သို့ဖြစ်၍ တစ်သီးစားစနစ်ကိုစွန့်လွှတ်ပြီး နှစ်သီးစား၊ သုံးသီးစားလယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်ကာ သီးနှံစိုက်စွမ်းအား(Cropping Intensity) တိုးမြင့်အောင် ဆောင်ရွက်လာနိုင်ပြီဖြစ်ပါသည်။

အရေးပါသည့် ပဲမျိုးစုံသီးနှံ  

    ပဲမျိုးစုံသီးနှံများသည် လယ်မြေမှာဖြစ်စေ၊ ယာမြေမှာဖြစ်စေ သီးထပ်၊ သီးညှပ် စိုက်ပျိုးရေးအတွက် အထူးသင့်တော်သည့် သီးနှံအမျိုးအစားများဖြစ်သည်။ ပဲမျိုးစုံသီးနှံသည် စိုက်ပျိုးရန်လွယ်ကူသည်။ စိုက်ပျိုးကုန်ကျစရိတ် သက်သာသည်။ မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။ ဝင်ငွေရသီးနှံ(Cash Crop) ဖြစ်သည်။ ထို့ပြင် ပဲမျိုးစုံသီးနှံများသည် ပြည်တွင်းစားသုံးရန်သာမက လယ်ယာထွက်သီးနှံများတွင် ပြည်ပပို့ကုန်အဖြစ် အားထားရသည့် သီးနှံအမျိုးအစားလည်း ဖြစ်ပါသည်။

မိုးရာသီတွင်စိုက်ပျိုးသင့်သည့် ပဲမျိုးစုံသီးနှံများ

    အဓိကအရေးပါသော ပဲ (၆) မျိုးရှိသည်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုပ်၊ ပဲလွမ်းနှင့် မြေထောက်ပဲတို့ဖြစ်သည်။ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းနုံးမြေအားလုံးတွင် စိုက်သည်။ မိုးကောင်းသောက်ဒေသလယ်မြေ (Rain-fed Lowland) တွင် စိုက်သည်။ အလားတူ ဆည်ရေသောက်ဒေသလယ်မြေ (Irrigated Lowland) တွင်လည်း စိုက်ကာ သီးထပ်သီးညှပ် သီးနှံပုံစံအမျိုးမျိုးတွင် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးနိုင်သည်။

    အဓိကအရေးပါသည့် ပဲမျိုးစုံသီးနှံများအနက် မိုးရာသီတွင် သီးထပ်သီးညှပ်သီးနှံပုံစံ အတွက် စိုက်ပျိုးသင့်သည့် သီးနှံများမှာ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် ပဲပုပ်သီးနှံတို့ ဖြစ်ပါသည်။

ပဲတီစိမ်းသီးနှံ

    ပဲတီစိမ်းသီးနှံကို မိုးရေသောက်ဒေသများ၌ မိုးဦး၊ မိုးလယ်ရာသီတို့တွင် စိုက်ပျိုးနိုင်သည်။ အသက်ရက် ၆၀ မှ ရက် ၇၀ ဖြင့် ကောက်သိမ်းနိုင်သည်။ အချိန်တိုအတွင်း ဝင်ငွေရနိုင်သော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ရေသွင်းနိုင်သည့်ဒေသများ၌ မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးနိုင်သည်။ ၀ါ၊ ပဲစင်းငုံ၊ နေကြာတို့နှင့် သီးညှပ် စိုက်ပျိုးနိုင်သည်။ နှမ်းလျင်၊ ပြောင်းဖူး စသည့်သီးနှံများနှင့် သီးထပ်စိုက်ပျိုးနိုင်သည်။ နုန်းမြေနှင့် သဲနုန်းမြေဖြစ်ပြီး ရေထုတ်စနစ်ကောင်းသည့်မြေတွင် စိုက်ပျိုးရန် တိုက်တွန်းလိုပါသည်။

ပဲပုပ်သီးနှံ

    ပဲပုပ်သီးနှံသည် ရှမ်းပြည်နယ်တွင် အဓိကသီးနှံဖြစ်သည်။ မိုးရာသီတွင် စိုက်ပျိုးရန်ဖြစ် သည်။ ကုန်းမြင့်ဒေသတွင် မြေဆီလွှာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးသင့်သော သီးနှံဖြစ်သည်။ အစေ့ထုတ်ပြောင်း၊ နေကြာသီးနှံတို့နှင့် သီးညှပ်အဖြစ် စိုက်ပျိုးရန် ထောက်ခံလိုပါသည်။

ပဲစင်းငုံသီးနှံ

    ပဲစင်းငုံသည် မိုးဦးသီးနှံအဖြစ် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းခြောက်သွေ့ဒေသများ အတွက် အထူးသင့်တော်သော သီးနှံဖြစ်သည်။ ပဲစင်းငုံအပင်သည် ထူးခြားသည့်သီးနှံဖြစ်သည်။ အမြစ်နက်နက်ထိုးဝင်တတ်သော အပင်မျိုးဖြစ်သည်။ တခြားပဲမျိုးနွယ်ပင်တွေလိုမဟုတ်ပါ။ သာမန်အပင်တွေက အမြစ်တိမ်တိမ်သာ ဆင်းလေ့ရှိသည်။ ပဲစင်းငုံပင်က သူ့အတွက် ရေအစိုဓာတ်ရရှိရေး တခြားအပင်တွေနှင့် ယှဉ်ပြိုင်စရာမလိုပေ။ မြေတွင်းမှ ရေအစိုဓာတ်ကို လွတ်လွတ်လပ်လပ်ရယူနိုင်သည့် အစွမ်းရှိသည်။

    အပင်ငယ်စဉ် ဖြစ်ထွန်းမှုနှေးကွေးသည်။ သက်တမ်းက ရှည်ကြာသည်။ သို့ဖြစ်၍ အချိန်ကို အကျိုးရှိစွာအသုံးချသောအားဖြင့် သီးညှပ်စိုက်စနစ်အဖြစ် သက်လျင်ယာသီးနှံ တစ်မျိုးမျိုးကို ပဲစင်းငုံနှင့်အတူ စိုက်ပျိုးရန် တိုက်တွန်းလိုပါသည်။

    ပဲတီစိမ်း၊ နှမ်း၊ မြေပဲစသည့် အခြားယာသီးနှံ ၃ တန်းမှ ၅ တန်း စိုက်ပြီးလျှင် ပဲစဉ်းငုံ ၁ တန်းမှ ၂ တန်းဖြင့် သီးညှပ်စိုက်နိုင်သည်။ အခြားယာသီးနှံများ ရင့်မှည့်လျှင် ရိတ်သိမ်းရန်ဖြစ်ပြီး ပဲစဉ်းငုံ၏ သက်တမ်းမှာ ပိုရှည်သဖြင့် စိုက်ခင်းတွင် ပိုကြာရှည်နေလိမ့်မည်။ ပဲစဉ်းငုံ ရင့်မှည့်ချိန်တွင် ရိတ်သိမ်းနိုင်ပါသည်။ 

ပဲမျိုးစုံသီးနှံစိုက်ပျိုးခြင်း၏ အကျိုးရလဒ်

    ပဲမျိုးစုံသီးနှံပင်များသည် အခြားသီးနှံပင်များနှင့်မတူပါ။ အမြစ်တွင် မြစ်ဖုများရှိသည်။ မြစ်ဖုများတွင် မြစ်ဖုဘက်တီးရီးယား(Rhizobia)များနေထိုင်ကာ ပဲပင်အတွက် လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသည်။ ပဲမျိုးစုံသီးနှံပင်များ ရိတ်သိမ်းပြီးချိန် မြေပေါ်၌ ကြွင်းကျန်ရစ်သော ပဲပင်၏အကိုင်းအခက်အရွက်များနှင့် မြေအောက်ရှိ အမြစ်များနှင့် မြစ်ဖုများ ဆွေးမြေ့သည့်အခါ ဆက်လက်စိုက်ပျိုးမည့် သီးနှံအတွက် နိုက်ထရိုဂျင်ကို ရရှိစေပြန်သည်။ မြေတွင် သြဂဲနစ်ပစ္စည်းကို ကြွယ်ဝစေကာ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိကိုလည်း တိုးမြှင့်ပေးပါသည်။

    ပဲမျိုးစုံသီးနှံကို သီးထပ်သီးညှပ်သီးနှံပုံစံများတွင် ပါဝင်စေကာ စိုက်ဧရိယာ တိုးတက်စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်အရင်းအနှီးများစွာ စိုက်ထုတ်ရန်မလိုဘဲ အကျိုးအမြတ်ဝင်ငွေပိုမိုရရှိစေမည်။ စျေးနှုန်းကြီးမြင့်သော ဓာတုမြေသြဇာသုံးစွဲရန် လိုအပ်မှုကိုလည်း လျော့ချနိုင်မည်။ စိုက်ပျိုးမြေဆီလွှာကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်စေမည် ဖြစ်ပါသည်။ 

ဆင်းသီဟ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်