အပင်တွေမှာ အရွက်တွေ ဝါလာတဲ့ အကြောင်းရင်း ၄ ချက်

18/05/2022 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အပင်တွေစိုက်ပျိုးတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေကလည်း အများသားပါ။ ရာသီဥတု၊ မြေဆီလွှာ၊ ပိုး ရောဂါ၊ အာဟာရ၊ ပေါင်းပြဿနာ၊ ရေအရင်းမြစ် စသည်ဖြင့် အများအပြားရှိပါတယ်။ အဲ့ဒီထဲကမှ အပင်တွေမှာ အရွက်တွေ အဝါရောင် ပြောင်းလာတဲ့ပြဿနာဟာလည်း အပင်စိုက်ပျိုးတဲ့သူတွေကြား မကြာခဏ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခု ဖြစ်ပါတယ်။

တခါတရံ အရွက်တွေပေါ်မှာ Chlorosis လို့ခေါ်တဲ့ အဝါရောင်အစက်အပြောက် ရောင်မညီကွက်ကြားတွေ ဖြစ်ပေါ်လာတာ တွေ့ဖူးကြမှာပါ။ ၎င်းတို့ဟာ အပင်ရဲ့ အစိမ်းရောင်ခြယ်ဆဲလ် (ကလိုရိုဖီးလ်) ဖြစ်ပေါ်မှုကို အနှောက်အယှက် ဖြစ်စေနိုင်ပြီး အရွက်တွေကို အဝါရောင်ပြောင်းလဲစေတာ ဖြစ်ပါတယ်။

အရွက်တွေကို အဝါရောင်ပြောင်းလာစေတဲ့ အကြောင်းအရင်းတွေက အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ယခုဆောင်းပါးမှာတော့ ဖြစ်နိုင်ချေအရှိဆုံး အကြောင်းအရင်း ၄ ချက်ကိုပဲ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

(၁) ပိုးမွှား ကျရောက်ခြင်း (Pest infestation)

ပိုးမွှားကျရောက်တာဟာ အရွက်တွေဝါလာစေတဲ့ အကြောင်းရင်းတွေထဲက တမျိုးဖြစ်ပါတယ်။ အထူးသဖြင့် မွှားပင့်ကူနီ၊ ပျ၊ လှေးပိုး၊ ယင်ဖြူ၊ အကြေးပိုးနဲ့ ပိုးစေးနှဲ စတဲ့ အပင်ရည်ကို စုပ်ယူစားသောက်တဲ့ အဖျက်ပိုးတွေကြောင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ အရွက်တွေ အဝါရောင်ပြောင်းလာတာကို သတိပြုမိတာနဲ့ တပြိုင်နက် လျင်မြန်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို ပြဿနာကို ဖြစ်ပေါ်လာစေတဲ့ ပိုးမွှားတွေကို အမျိုးအစား သေချာစစ်ဆေးပြီး ကာကွယ်နှိမ်နင်းဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နှိမ်နင်းရာမှာ သဘာဝနည်းလမ်းတွေဖြစ်တဲ့ လက်နဲ့ကောက်ယူဖယ်ရှားခြင်း၊ ရေလောင်းပေးခြင်း၊ ဆပ်ပြာဖျော်ရည် လောင်းပေးခြင်း၊ တမာပိုးသတ်ဆေး အသုံးပြုခြင်း စသည်ဖြင့် ပြုလုပ်နိုင်သလို ကျရောက်တဲ့ ပိုးအမျိုးအစားပေါ် မူတည်ပြီးတော့ ဓာတုပိုးသတ်ဆေးတွေကိုလည်း သတ်မှတ်အညွှန်းအတိုင်း စနစ်တကျ အသုံးပြုနိုင်ပါတယ်။

 

(၂) ရောဂါ ကျရောက်ခြင်း (Disease)

ရောဂါကျရောက်တဲ့အခါမှာလည်း အရွက်တွေကို အဝါရောင်ပြောင်းစေတဲ့ ပြဿနာရှိပါတယ်။ ရောဂါကျရောက်ခြင်းဟာ အပင်တွေကို သေချာပေါက် ထိခိုက်နိုင်ပြီး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေနဲ့ ရောဂါလက္ခဏာတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။

ယေဘုယျအားဖြင့် အရွက်ရဲ့တစ်ရှူးတွေ အဝါရောင်ဖြစ်ပေါ်ခြင်းဟာ မှိုရောဂါကျရောက်မှုနဲ့ အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့်လို့ ယူဆနိုင်ပါတယ်။

အရွက်တွေကို အဝါရောင်ဖြစ်ပေါ်စေတဲ့ ယေဘုယျအကျဆုံး ရောဂါကတွေတော့ အရွက်အစက်ပြောက်ရောဂါ (Septoria leaf spot)၊ ထိပ်ဖျားလိပ်ဗိုင်းရပ်စ်ရောဂါ (Curly top) နဲ့ စောပင်နာကျရောဂါ (Early blight) စတဲ့ ရောဂါတွေဖြစ်ပါတယ်။

အရွက်အစက်ပြောက်ရောဂါဟာ Septoria tritici လို့ခေါ်တဲ့ မှိုကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ်။ ရောဂါကျရောက်တဲ့အခါ အရွက်ပေါ်မှာ အညိုရောင် အစက်အပြောက်တွေကို စတင်ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီနောက် စက်ဝိုင်းပုံစံ အကွက်တွေဖြစ်ပေါ်လာပြီး ရောဂါတိုးလာတာနဲ့အမျှ အဝါရောင်ပြောင်းကာ အရွက်များ ကြွေကျသည်အထိ တွေ့ရမှာ ဖြစ်ပါတယ်။

ဥပမာ - ခရမ်းချဥ်အပင်တွေမှာ ဒီရောဂါကျရောက်တဲ့အခါ အရွက်တွေကို ဖျက်ဆီးပစ်နိုင်ပြီး အသီးအထွက်နှုန်းကိုပါ ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အရွက်တွေပေါ်မှာ Chlorosis လို့ခေါ်တဲ့ အဝါရောင်အစက်အပြောက်တွေ ပေါ်လာခြင်း ဖြစ်ပါတယ်။

အပင်မှာ နိုက်ထရိုဂျင် (သို့မဟုတ်) အိုင်းယွန်းဓာတ် ချို့တဲ့တဲ့ အခါမျိုးမှာ ရောင်မညီကွက်ကြားတွေ  ဖြစ်ပေါ်လေ့ရှိပါတယ်။ Chlorosis ရဲ့ လက္ခဏာကတော့ ရွက်ကြောတစ်လျှောက် အဝါရောင်ပြောင်းလာပြီး နောက်ပိုင်းမှာ ဖြူဖျော့လာမှာ ဖြစ်ပါတယ်။

ဒီလိုရောဂါတွေကို ကာကွယ်နိုင်ဖို့ အပင်တွေကို နေရောင်ခြည်၊ ရေနဲ့ အာဟာရဓာတ်တွေ လုံလောက်မျှတစွာ ရရှိအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါကျရောက်မှု အခြေအနေပေါ် မူတည်ပြီးတော့ သင့်တော်တဲ့ မှိုသတ်ဆေးတွေကိုလည်း စနစ်တကျ အသုံးပြုရမှာ ဖြစ်ပါတယ်။

 

(၃) ပတ်ဝန်းကျင် ဖိစီးမှုဒဏ် (Environmental stress)

အာဟာရချို့တဲ့မှု၊ အလင်းရောင်၊ ရေပြဿနာ၊ အပူချိန်လွန်ကဲမှု၊ ပိုးမွှားနဲ့ ရောဂါကျရောက်မှု စတဲ့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေဟာလည်း အရွက်တွေကို အဝါရောင်ပြောင်းစေတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။

ဥပမာအနေနဲ့ဆိုရင် ရေပြဿနာဖြစ်ပါတယ်။ အပင်တွေ ကျန်းမာသန်စွမ်းပြီး ကြီးထွားဖွံ့ဖြိုးဖို့ ရေအလုံအလောက် ရရှိသင့်ပါတယ်။ ရေအလုံအလောက် မရရှိတာ (သို့မဟုတ်) ရေအလွန်အကျွံ ရရှိတဲ့ အခါမျိုးတွေမှာ အရွက်တွေ စတင် ဝါလာတတ်ပါတယ်။ ဒါ့အပြင် အေးလွန်း ပူလွန်းသော ရေကို အသုံးပြုခြင်းနဲ့ လေတိုက်နှုန်း မြင့်မားပြီး ရေငွေ့ပျံခြင်း စသည်တို့ကြောင့်လည်း သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ထို့နည်းတူ ရာသီဥတု အခြေအနေ ပြောင်းလဲမှု မြန်ဆန်ပြီး အပူချိန်ပြင်းထန်ခြင်းနဲ့ အအေးလွန်ကဲခြင်းတွေဟာလည်း အရွက်တွေကို အဝါရောင်ပြောင်းစေနိုင်ပြီး ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် အလင်းရောင် ကောင်းကောင်းမရတဲ့ အပင်တွေမှာဆိုရင်လည်း အောက်ဘက်အရွက်တွေမှာ တဖြည်းဖြည်းနဲ့ အဝါရောင်သန်းလာတာမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။

 

(၄) အာဟာရဓာတ် ချို့တဲ့ခြင်း (Lack of nutrients)

အာဟာရဓာတ် ချို့တဲ့ခြင်းဟာလည်း အရွက်တွေကို ဝါစေတဲ့ အကြောင်းအရင်းတွေထဲက တစ်မျိုးဖြစ်ပါတယ်။ အချို့သော အာဟာရဓာတ်တွေဟာ ရွှေ့လျားမှု မြန်ဆန်ကြပါတယ်။

ဥပမာအနေနဲ့ နိုက်ထရိုဂျင်ဓာတ်ဆိုရင် မြေဆီလွှာထဲမှာ အလွယ်တကူ ရွေ့လျားနိုင်ပြီး စိမ့်ဝင်ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါ့ကြောင့် နိုက်ထရိုဂျင်မြေဩဇာ ပုံမှန်မကျွေးတဲ့ အပင်တွေနဲ့ အလှစိုက်မြက်ခင်းတွေမှာဆိုရင် အရွက်တွေဟာ အစိမ်းရောင်ဖျော့လာပြီး အဝါရောင် ပြောင်းလာမှာ ဖြစ်ပါတယ်။ ချို့တဲ့မှုဆိုးရွားမယ်ဆိုရင် အပင်ကျန်းမာသန်စွမ်းမှု ထိခိုက်ပြီး ပိုး၊ ရောဂါကျရောက်တာမျိုးတွေ အထိဖြစ်ပေါ်နိုင်ပါတယ်။

အရွက်တွေမှာ အဝါရောင်ပြောင်းလာတာဟာ နိုက်ထရိုဂျင် ချို့တဲ့မှု တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ပိုက်တက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်၊ အိုင်းယွန်းနဲ့ ဆာလ်ဖာ စတဲ့ အာဟာရဓာတ်တွေ ချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မြေဆီလွှာထဲမှာ ရှိနေတဲ့ အာဟာဓာတ်တွေနဲ့ အပင်တွေကြား ဆက်စပ်မှုက တော်တော်လေး ရှုပ်ထွေးမှုရှိပါတယ်။ ဥပမာအားဖြင့် မြေဆီလွှာမှာ ပိုတက်စီယမ်ဓာတ် နည်းနေခြင်းဟာ အိုင်းယွန်းဓာတ်ကိုပါ လျော့နည်းစေနိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ် ပို့လျှံနေခြင်းဟာ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ နိုက်ထရိုဂျင် တို့နဲ့ဆက်စပ်မှုရှိပြီး ၎င်းအာဟာရဓာတ်တွေ ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် အပင်တွေရဲ့ အာဟာရချို့တဲ့မှု လက္ခဏာကိုသိရှိပြီး သင့်တော်တဲ့ အာဟာရဓာတ်တွေကို ပုံမှန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

Ref: https://www.pennington.com/

https://www.backyardboss.net/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်