‘တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်လုပ်ကာ ဝင်ငွေတွေတိုးမြှင့်ကြမယ်’

30/04/2019 06:00 AM တွင် မြတ်နန္ဒာအောင် မြတ်နန္ဒာအောင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဝင်ငွေတိုးမြှင့်တဲ့အကြောင်း မပြောကြသေးခင် ကျွန်မတို့တွေ အောက်ကမေးခွန်းလေးတွေကို အတူတူ အရင်ဖြေကြည့်ကြရအောင်

  • တန်ဖိုးမြှင့်ထုတ်ကုန် ဆိုတာ ဘာလဲ?
  • ဘာကြောင့်လုပ်သင့်တာလဲ?
  • ဘယ်လိုလုပ်ရမှာလဲ?

အခုဆိုရင် အားလုံးပဲ အဖြေတွေအသီးသီး ရှိနေလောက်ကြပြီ ထင်ပါတယ်။ ကျွန်မရဲ့ အဖြေလေးတွေကိုလဲ မျှဝေပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ဆိုတာ ဘာလဲဆိုတာကနေ စပြီးဖြေပေးချင်ပါတယ်။ ဟုတ်ပါတယ်။ တန်ဖိုးမြှင့်ထုတ်ကုန်ဆိုတာ တောင်သူဦးကြီးတို့ လက်ထဲမှာရှိနေတဲ့ ကုန်ကြမ်းသီးနှံတွေကို အဆင့်မြှင့်တင်ပြီး ကုန်ချောအနေနဲ့ စားသုံးသူလက်ထဲရောက်အောင် ပြုလုပ်တဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောပြရရင် သာမန်မုန်ညှင်းရွက်၊ ကြက်သွန်နီဥ၊ မုန်လာဥတို့ကနေ အချဉ် တည်ပြီး မုန်လာချဉ်၊ ရှမ်းချဉ် စတာ တွေပြုလုပ်ပြီး ဈေးကွက်ထဲ ရောင်းချနေတာတွေဟာ တန်ဖိုးမြှင့် ထုတ်ကုန်ပဲပေါ့..။

ဘာကြောင့်လုပ်သင့်တာလဲ

            ကျွန်မတို့ မြန်မာနိုင်ငံဟာ သယံဇာတ အလွန်ပေါကြွယ်ဝပါတယ်။ ပေါကြွယ်ဝသလောက် ကျွန်မတို့ဟာ ဘာ့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံပဲ ဖြစ်နေရတာလဲ? ဘာ့ကြောင့် ပင်ပန်းဆင်းရဲ နေကြသေးတာလဲ? ဟုတ်ပါတယ်။ ကျွန်မတို့မှာ နည်းပညာမရှိလို့ပါ။ သယံဇာတတွေကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) ဖြစ်အောင် တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ကြသေးလို့ပါ။ အခုလက်ရှိ မလုပ်ကြသေးဘူးလားဆိုရင် လုပ်တော့ လုပ်နေ ကြပါပြီ။ ဥပမာပြောပြရရင် မြန်မာ့ထန်းလျက်ကို နိုင်ငံတကာ ဈေးကွက်ကို စတင်ထိုးဖောက်နေတဲ့ “Tree Food” ဆိုတဲ့ အမှတ်တံဆိပ်လေးဟာ ဈေးကွက်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကုန်ကြမ်းတွေကြီးပဲ ထုတ် လုပ်နေကြမယ့်အစား တန်ဖိုးမြှင့်ထုတ်ကုန်လေးတွေကို နိုင်ငံတကာအဆင့်မီတဲ့အထိ အရည်အသွေး ကောင်း ကောင်း ကြိုးပမ်းထုတ်လုပ်ကြရင် ကိုယ်တွေရဲ့ မြန်မာ့ရိုးရာစားစရာတွေဟာ နိုင်ငံတကာဈေးကွက်မှာ ကောင်းကောင်း ထိုးဖောက်နိုင်မှာဖြစ်ပြီး ဝင်ငွေလဲ တိုးတက်လာနိုင်ပါတယ်။

တန်ဖိုးမြှင့်ထုတ်ကုန်တွေကတော့ ဟုတ်ပါပြီ ဝင်ငွေလဲတိုးပြီ ဆိုကြပါစို့။ ဘယ်လိုလုပ်ရမှာလဲမေးလာရင် ဟုတ်ကဲ့ပါ။ ဦးကြီးတို့ကို ဒီကနေပြီးတော့ မျှဝေပေးချင်ပါတယ်။

သတင်းတွေကို အစဉ်မပြတ် နားစွင့်ပေးပါ။

သတင်းစာတွေ၊ စာစောင်တွေ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ရုံးတွေ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မိုဘိုင်း အပလီကေးရှင်းတွေကနေ၊ လူမှုကွန်ရက်ကနေ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေ ဦးစီးပြုလုပ်ပေးလျက်ရှိပါတယ်။ အခမဲ့သင်တန်းတွေ ရှိသလို အခကြေးငွေနဲ့ သင်ကြားပေးတာမျိုး လဲရှိပါတယ်။ သင်ယူပါ၊ လေ့လာပါ၊ အသုံးချပါ။

 တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေကနေ စတင်ပေးပါ။

 

            မိသားစုအိမ်တွင်းမှု လုပ်ငန်းတွေကနေ စတင်ပါ။ စားသုံးသူရဲ့ လိုချင်မှုနဲ့ လိုအပ်မှုကို သိပါစေ။ ရေရှည် လုပ်ကိုင်နိုင်အောင် ကြိုတင် အစီအစဉ်ရေးဆွဲပါ။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကပေးတဲ့ အသိအမှတ်ပြုလက်မှတ် ဘယ်လို ရယူကြမလဲ?

            ကိုယ်တိုင်အစားအသောက်ထုတ်တော့မယ် FDA လက်မှတ် လျှောက်တော့မယ်ဆို လိုအပ်တဲ့ အချက် အလက်တွေကို မျှဝေပေးချင်ပါတယ်။

  •   ထုတ်လုပ်ဖို့အတွက် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားခြင်းပုံစံကို ဖြည့်စွက် လျှောက်ထား ရပါမယ်။
  •  ထုတ်လုပ်မယ့် အစားအသောက်တွေရဲ့ အမှတ်တံဆိပ်၊ ထုပ်ပိုးပစ္စည်း၊ ထုပ်ပိုးအရွယ်အစားအလိုက် ထုတ် လုပ်မယ့် အစားအသောက်တွေရဲ့ ပုံစံကို တင်ပြရပါမယ်။
  • ထောက်ခံချက် လျှောက်ထားမယ့် အမှတ်တံဆိပ်နဲ့ အမှတ်တံဆိပ် မှတ်ပုံတင်မိတ္တူလဲ လိုအပ်ပါတယ်။
  • (Halal) အမှတ်အသား ပါမယ်ဆိုရင် (Halal)ထောက်ခံချက် တင်ပြရပါမယ်။
  • လုပ်ငန်းဖွဲ့စည်းပုံနဲ့ ဝန်ထမ်းစာရင်း(အမည်၊ ပညာအရည်အချင်း၊ တာဝန်) တွေလဲ တင်ပြဖို့ လိုအပ်ပါတယ်။
  • လုပ်ငန်းတည်နေရာပြ မြေပုံ။
  • အဆောက်အဦးရဲ့ အခန်များ ဖွဲ့စည်းပုံပြမြေပုံ။
  • အသုံးပြုတဲ့ စက်ကိရိယာများစာရင်းနဲ့ စက်ကိရိယာအလိုက် အသေးစိတ် သတ်မှတ်ချက်များ။
  • အစားအသောက်ထုတ်လုပ်ပုံ အဆင့်ဆင့် ရှင်းလင်းဖော်ပြချက်။
  • အစားအသောက်ထုတ်လုပ်ပုံ  အဆင့်ဆင့် ဓာတ်ပုံနဲ့တကွ ဖော်ပြချက်များ။
  • အရည်အသွေးထိန်းသိမ်းမှု ဆောင်ရွက်ချက်များ။
  • အစားအသောက်မှာ ပါဝင်တဲ့ပစ္စည်းများနဲ့ အသေးစိတ်သတ်မှတ်ချက်များ။
  • အစားအသောက်ကိုင်တွယ်တဲ့ ဝန်ထမ်းတွေအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ဆေးစစ်ချက်။
  • လုပ်ငန်းမှတ်ပုံတင်နဲ့ လိုင်စင်အထောက်အထား မိတ္တူများ။ (ဥပမာ- ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင် လက်မှတ်၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်) တွေလိုအပ်ပါတယ်။

 

             ဒါကတော့ FDA အသိအမှတ်ပြုလက်မှတ် လျှောက်ဖို့အတွက် လိုအပ်တာလေးတွေပါ။ အသိအမှတ်ပြု လက်မှတ်ရထားတော့ စားသုံးသူတွေက ကိုယ့်ရဲ့စားသောက်ကုန်တွေကို ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူစားသုံးကြတော့မှာပေါ့။

             တောင်သူဦးကြီးများအားလုံး ကုန်ကြမ်းမှသည် စားသုံးသူများရဲ့ ကျန်းမာရေးနဲ့ ညီညွတ်သော တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ပြီး ဝင်ငွေတွေ ဒီရေအလား တိုးတက်ကြစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါ တယ်ရှင်

မြတ်နန္ဒာအောင်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်