ငရုတ်ကောင်းပင်ကို ဘူးပင်ကဲ့သို့ စင်စနစ်ဖြင့်စိုက်ပျိုးလို့ရမရ

30/09/2020 18:47 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ငရုတ်ကောင်းဈေးကွက် ခိုင်မာကောင်းမွန်ပုံကို သိရှိလာကြပြီး ငရုတ်ကောင်းပင် စီးပွားဖြစ်စိုက်ပျိုးရေးကို အများစုစိတ်ပါဝင်စားလာကြပါတယ်။ ငရုတ်ကောင်းပင်ကို သီးသန့်စိုက်ခင်းတစ်ခုအဖြစ် စိုက်ပျိုးချင်တယ်ဆိုရင် ဘယ်လိုတိုင်မျိုးတွေ သုံးနိုင်သလဲ? ဘူးပင်လိုမျိုး စင်နဲ့ရော စိုက်ပျိုးလို့ရသလား? မေးမြန်းကြသူတွေအတွက် သိသင့်သိထိုက်တဲ့ အခြေခံအချက်လေးတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

ငရုတ်ကောင်းပင်က ဘူးစင်လိုမျိုး စင်နဲ့စိုက်ပျိုးလို့ မသင့်တော်ပါဘူး။ ငရုတ်ကောင်းပင်ဟာ မူခြားမြစ်ပါတဲ့ အပင်အမျိုးအစားဖြစ်တဲ့အတွက် ထိပ်ဆုံးအနွယ်က တွယ်ကပ်တိုင်နဲ့ကပ်နေမှ အဆင်ပြေတာပါ။ ထိပ်ဆုံးအနွယ်(အညွှန့်) က တွယ်ကပ်တိုင်ကနေ လန်ကျသွားလို့မရပါဘူး။ လန်ကျသွားရင် အပင်က အပေါ်ဆက်မတက်နိုင်တော့ပဲ အားယုတ်သွားတတ်ပါတယ်။ ဒါက ငရုတ်ကောင်းပင်ရဲ့အဓိကလျှို့ဝှက်ချက်ကြီးတစ်ခုပါ။

ဟု KKO pepper ငရုတ်ကောင်းစိုက်ပျိုးထုတ်လုပ်ရေးမှ ဦးအောင်ဆန်းဦးက ရှင်းပြပါတယ်။ 

ငရုတ်ကောင်းပင်ကို သီးသန့်စိုက်ခင်းတစ်ခုအဖြစ် စိုက်ပျိုးချင်တယ်ဆိုရင် ....

    ငရုတ်ကောင်းပင်ကို အိမ် ခြံတွေ၊ ဘုန်းကြီးကျောင်းတွေက အပင်ကြီးတွေပေါ်မှာ တွယ်ကပ်ပေါက်နေတာကို မြင်ဖူးကြမှာပါ။ ဒါ့အပြင် ငရုတ်ကောင်းပင်ကို အုန်း၊ ကွမ်းသီး၊ သရက်၊ ဒူးရင်း၊ သီဟိုဠ်၊ ပိန္နဲ စတဲ့ အသီးထွက်ရှိနေတဲ့ နှစ်ရှည်ပင်/သစ်မာစိုက်ခင်းတွေမှာလည်း သီးညှပ်စိုက်ပျိုးနိုင်ပါတယ်။ နှစ်ရှည်ပင်ကို တွယ်တိုင်အဖြစ် အသုံးပြုစိုက်ပျိုးတဲ့အခါ အပင်ခြေမှာ နှစ်ရှည်ပင်ရဲ့အမြစ်ကို မထိခိုက်စေဘဲ ၁ ပေမှ ၂ ပေ အကွာအဝေးမှာ စိုက်ကျင်းတူးပြီး စိုက်ပျိုးသင့်ပါတယ်။ 

    ကွမ်းသီးပင်၊ အုန်းပင်တွေနဲ့ စီးပွားဖြစ်သစ်မာစိုက်ခင်းတွေမှာ (၈×၈ ပေ ပတ်လည်ဝန်းကျင် ပင်ကြားတန်းကြားစိပ်တဲ့ နှစ်ရှည်ပင်မျိုး) တွေမှာ ငရုတ်ကောင်းပင်ကို သီးညှပ်စိုက်ပျိုးနိုင်သလို၊ ၃၀×၃၀ ပေပတ်လည် ပင်ကြားတန်းကြားနဲ့ စိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်စိုက်ခင်းဆိုရင်တော့ ပင်ကြား(၁၀)ပေ၊ တန်းကြား(၁၀)ပေစီ အကွာမှာ ငရုတ်ကောင်းစိုက်တန်း (၂) တန်းကို ဖိုခုံနောက်ဆိုင် စိုက်ပျိုးနိုင်ပါတယ်။  

ကိုယ့်ဒေသက အပင်ကြီးတွေမှာ ကပ်စိုက်ရင်လည်း ရပေမယ့် ငရုတ်ကောင်းပင်ရဲ့အမြင့်က ၁၂ ပေ (၄မီတာ) မကျော်သင့်ဘူး။ (၄မီတာ)ကျော်သွားတာနဲ့ ငရုတ်ကောင်းပင်က ထွက်နှုန်းနည်းသွားမယ်။ တွယ်ကပ်ပင်ရဲ့အမြင့်အတိုင်း ငရုတ်ကောင်းပင်ကပါ လိုက်မြင့်တဲ့အခါ ငရုတ်ကောင်းက ဒီနှစ်သီးရင် နောက်နှစ်မသီးတာမျိုး၊ နှစ်ခြားသီးတာတွေ ဖြစ်လာလိမ့်မယ်။ ဒါ့ကြောင့် စီးပွားဖြစ်စိုက်မယ်ဆိုရင် အပင်ရဲ့အမြင့်ကို ထိန်းသိမ်းပေးနိုင်ရမယ်။ အရိပ်ကို တစ်ဝက်တစ်ပျက်အရိပ် (အပင်အရိပ်ကျရောက်မှု ၅၀ %) ရရှိရမယ်။ တွယ်ကပ်ပင် ရွေးချယ်ရာမှာတော့ အပင်သက်တမ်းအနည်းဆုံး ၁၅ နှစ်အထိ ရှင်သန်နိုင်တဲ့ အပင်မျိုးဖြစ်ဖို့လိုတယ်။ ငရုတ်ကောင်းက နှစ်ရှည်ပင်ဖြစ်လို့ပါ။

ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောပြပါတယ်။

    ငရုတ်ကောင်းပင်ကို စီးပွားဖြစ်စိုက်ခင်းတစ်ခုအဖြစ် စိုက်ပျိုးချင်ရင် ပထမဦးဆုံးအနေနဲ့ တွယ်ကပ်တိုင်ပြုလုပ်နိုင်မယ့် သက်ရှိအပင်တိုင်တွေကို အရင်စိုက်ပျိုးရပါတယ်။ ငရုတ်ကောင်းစိုက်ကျင်း အနီးအနားမှာ ငရုတ်ကောင်းပင်တွယ်တက်ဖို့နဲ့ အမြစ်ကုပ်တွယ်နိုင်ဖို့  တွယ်ပင်၊ တွယ်တိုင်တွေကို သက်မှတ်စိုက်တန်း အကွာအဝေးအတိုင်း အရင်စိုက်ပျိုးရတာပါ။ အသက်ရှင်သန်နေဆဲ (ခုတ်ယူပြီး ပြန်လည်စိုက်ပျိုးလို့ရတဲ့) နဘဲတိုင်၊ ချဉ်ယုတ်တိုင်၊ ဒီးဒူတိုင်၊ လက်ပံတိုင်၊ ကြောင်လျှာတိုင်၊ တောဂွေးတိုင်၊ လဲမှို့တိုင် တွေကို ငရုတ်ကောင်းစိုက်ပျိုးမယ့်စိုက်ခင်းမှာ ကနဦး စိုက်ပျိုးထားရမှာပါ။ (ကွန်ကရစ်တိုင်တွေနဲ့ စိုက်ပျိုးတာမျိုးလည်းရှိပေမယ့် တိုင်ဖိုးကုန်ကျစရိတ် များပြားသွားနိုင်တာမို့ ထည့်မပြောတော့ပါ။)

    ဒီလိုမျိုး ငရုတ်ကောင်းပင် သီးသန့်စိုက်ပျိုးမှုအတွက် ပင်ကြားတန်းကြားအကွာအဝေး ၈×၆ ပေ (သို့) ၇×၇ ပေ၊ (သို့) ၈×၈ ပေ ခန့်ထားနိုင်ပါတယ်။ ပင်ကြားတန်းကြား ၈×၆ ပေ အကွားအဝေနဲ့ စိုက်ပျိုးပါက တိုင်အရေအတွက် ၉၀၈  စိုက်ပျိုးနိုင်ပြီး၊ ၇×၇ ပေ စိုက်ပျိုးပါက တိုင်အရေအတွက် ၈၉၀ တိုင်၊ ၈×၈ အကွာအဝေးထား၍ စိုက်ပျိုးပါက ၆၈၀တိုင် စိုက်ပျိုးနိုင်မှာပဲ ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်