ဖရဲအတွက် လိုက်နာသင့်သော အချက်တစ်ချက်

19/01/2018 09:50 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဥယျာဉ်ခြံသီးနှံပင်တွေထဲက Fruit vegetable တစ်မျိုးဖြစ်တဲ့ ဖရဲသီးနှံဟာ သီးနှံဖြစ်ထွန်း အောင်မြင်အောင်စိုက်နိုင်ပြီး စျေးကောင်းမိရင် စီးပွားရေးအရ အင်မတန်တွက်ချေကိုက်သော သီးနှံတစ်ခုပါ။ ဒီသီးနှံမှာ အခြားသီးနှံတွေနဲ့ မတူတာက သီးနှံဖြစ်ထွန်းအောင်မြင်ဖို့ ခက်သလို စျေးကောင်းမိဖို့လည်း ခက်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းပြောရရင်တော့ သူဌေးဖြစ်ခွေးဖြစ် သီးနှံလို့လည်း ပြောလို့ရတာပေါ့။ ဘာကြောင့်လဲဆိုတော့ သီးနှံဖြစ်ထွန်းပြီး စျေးကောင်းမိလိုက်ရင် အတိုင်းအတာတခုအထိ အဆင်ပြေနိုင်လို့ သူဌေးဖြစ်တယ်လို့ တင်စားနိုင်သလို စျေးကောင်းမမိသော်လည်း သီးနှံဖြစ်ထွန်းအောင်မြင်ရင် အတိုင်းအတာတခု ပြန်ရနိုင်ပါသေးတယ်။ နောက်ဆုံးအဆင့်ရောက်ခါနီးမှ အကြောင်းအမျိုးမျိုးကြောင့် သီးနှံပျက်ရင်တော့ အရှုံးနဲ့ရင်ဆိုင်ရပြီး နွားရောင်း၊ မြေပေါင်၊ ရွှေရောင်း၊ အိမ်မိုးထားတဲ့ သွပ်ခွာရောင်း၊ အတိုးယူပိုက်ဆံချေးနဲ့ အကြွေးသံသရာလည်ပြီး ခွေးဖြစ်တော့တာပါပဲ။ ဖရဲနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေက အများကြီးပါ။

ဖရဲစိုက်ပြီး ဘဝပျက်ရလွန်းလို့ ''ဖရဲ သရဲထက် ကြောက်စရာကောင်းတယ်'' လို့တောင် ပြောကြတယ်။ တစ်နှစ်ကဆို သီးနှံက ဖြစ်ထွန်းအောင်မြင်ပါရဲ.။ စိုက်လိုက်ကြတာ တရုတ်စျေးကွက်ကို အားကိုးပြီးတော့။ တနိုင်ငံလုံး ဖရဲ ဖရဲနဲ့။ ဟော၊ သီးနှံပေါ်ချိန်လည်း ရောက်ရော၊ ဝယ်မယ့်သူမရှိတော့လို့။ ဖရဲခင်းနားမှာ ဆိုင်းဘုတ်တောင် ချိတ်ထားရသတဲ့။ ''ဒီအခင်းနားကဖြတ်သွားပြီး ဖရဲသီး ဝင်မခူးတဲ့အကောင် ငါ့သားကွာ'' ဆိုပြီး။ ပြောချင်တာကတော့ ဖရဲမှာ စျေးကွက်သဘောတရားကို ချိန်ဆပြီး စိုက်ဖို့ အရေးကြီးသလို ရင်မတန်ရှုပ်ထွေးတဲ့ ပိုးမွှားရောဂါပြသနာ၊ အပင်အာဟာရ ဟန်ချက်ညီအောင်ထည့်သွင်းဖို့တွေကိုလည်း ဂရုစိုက်ဖြေရှင်းဖို့လိုပါတယ်။ ဖရဲဟာ တောင်သူစကားနဲ့ပြောရရင်တော့ သခင်ကို စွန့်သွားတတ်တဲ့ သီးနှံတစ်မျိုးပါ။

 

ဖရဲပြသနာတွေထဲက တွေ့ရတတ်တဲ့ ပြသနာတစ်ခုက ဖရဲနဲ့ပတ်သက်ဖူးတဲ့ စိုက်ပျိုးရေးညီနောင်များအားလုံး ကြုံဖူးကြမှာပါ။ အညွန့်နောက်ပြန်လှန်သွားတဲ့ ပြသနာပါ။ တချို့လည်း အနည်းလိုအာဟာရဓာတ် ဘိုရွန်ချို့တဲ့လို့ ဖြစ်တဲ့ ပြသနာလို့ ယူဆပါတယ်။ တချို့လည်း ရောဂါ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်လို့ ပြောပါတယ် (ဒီစာမှာ ဒါဘာကြောင့်ဖြစ်တယ်ဆိုတာကို အကျယ်တဝန့် ပြောလိုတာ မဟုတ်ပါဘူး)။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီပြသနာဖြစ်ရင်တော့ နေ့ချင်းညချင်းကို သီးနှံက ပျက်တော့တာပါပဲ။ အပင်အာဟာရ ရှုထောင့်က ဖြေရှင်းရှင်း၊ ပိုးမွှားရောဂါ ရှုထောင့် ဖြေရှင်းရှင်း၊ မရတော့တာတော့ ကျိမ်းသေပါပဲ။ ဘယ်ဆေးနဲ့ ကုကု မရတော့၊ တောင်သူတော့ ရှုံးပြီပေါ့။ ဒီပြသနာကနေ တောင်သူတွေကြားထဲမှာ ဆိုရိုးစကားတစ်ခုတောင် ဖြစ်လာပါတော့တယ်။ ''ဖရဲနောက်ပြန် ထယ်ထိုးလှန်'' တဲ့။ မရတော့ဘူးပေါ့။ တခင်းလုံး ထယ်ထိုးမှောက်ပလိုက်တော့ ဆိုတဲ့သဘော။ ဒါကိုပဲ တောင်သူတစ်ယောက်က ဘာပြောလဲဆိုတော့ - ''ဆရာတို့သာ၊ ဒီဖရဲနောက်ပြန်တဲ့ ပြသနာကို ဖြေရှင်းဖို့ ဆေးမရှိတာ၊ ကျနော်တို့ရွာမှာ ဆေးဖော်ထားတာ ရှိပါ့၊ ဆေးနံမည်က နွားညီနောင် နီတစ်'' တဲ့။ သူဆိုလိုတာကတော့နွားနှစ်ကောင်ကောက်ပြီး နီ-၁ မြ ထယ်နဲ့သာ ထိုးပလိုက်ပါတော့တဲ့ (နီ-၁ မြထယ်သွား ဆိုတာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းနယ်မှာ နာမည်ရှိတဲ့ ထယ်သွားတံဆိပ်ပါ)။

ဒါဟာ ဖရဲပြသနာတွေထဲက ဥပမာတစ်ခုပါ။ အခြား ပြသနာပေါင်းများစွာ ရှိပါတယ်။ ရောဂါပိုးမွှားပြသနာတွေရဲ့ သဘောသဘာဝအတိုင်း ပထမစိုက်ခါစနှစ်မှာ ပြသနာမရှိပေမယ့် နောင်နှစ်တွေမှာ ပြသနာတွေတန်းစီပြီ လာတော့ တာပါပဲ။ ရာသီပေါ်သီးနှံပင်တိုင်းလိုလိုမှာ ဒီလိုပြသနာမျိုးကြုံတွေ့ရပေမယ့် ဖရဲက အခြားသီးနှံတွေထက် အများကြီး ပိုပါတယ်။ ကြုံလို့ပြောရရင်တော့ ဒီအချက်ကို တရုတ်က ကောင်းကောင်းသိပါတယ်။ သူတို့ဆီမှာ ဒီလို ပြသနာတွေကြုံလာတော့ မြန်မာပြည်ဘက်ကို လာပြီးမြေငှားပြီး စိုက်ပါတော့တယ်။ မြန်မာတောင်သူအများစုကလည်း သီးနှံစျေးကမကောင်း၊ ပိုးသတ်ဆေးမြေသြဇာ စျေးကကြီး၊ ရာသီဥတုကမမှန်တော့ ကိုယ်တိုင်စိုက်တာထက် မြေကိုငှားလိုက်တာကမှ ပိုက်ဆံရတာ သေချာတယ်ဆိုပြီး တရုတ်တွေကို ဖရဲစိုက်ဖို့ မိမိတို့ မြေတွေကို ငှားလိုက်ပါတော့တယ်။ ကိုရွှေတရုတ်တွေက လူလည်တွေပါ။ တနေရာကို ဖရဲစိုက်ဖို့ တရာသီစာအတွက်ပဲ ငှားပါတယ်။ ပြီးရင် တခြား ဖရဲမစိုက်ရသေးတဲ့၊ ဖရဲမစိုက်ဘူးသေးတဲ့ မြေကို လိုက်ရှာငှားပြီး စိုက်ပါတယ်။ တောင်သူတွေ ရလိုက်တာက ပိုက်ဆံထက်  ပြသနာတွေနဲ့ ကျန်ခဲ့တဲ့ မြေပါ။ နောက်နှစ် အဲဒီမြေမှာဖရဲစိုက်ဖို့ လုံးဝ မဖြစ်နိုင်တော့သလို ကျန်တဲ့ အုပ်စုတူ သီးနှံပင်တွေကိုပါ ဒုက္ခပေးပါတော့တယ်။ ဖရဲစိုက်ပျိုးပြီး မြေမှာ နောက်ဆက်တွဲပြသနာတွေဟာ အခုဆိုရင် မကြာခဏကြားကြားနေရပါပြီ။

ဖရဲမှာ အဲ့ဒီဒုက္ခပေးတဲ့ ပြသနာက ဘာလဲ။ ဖြစ်နိုင်ချေအကြောင်းအချက် များစွာရှိတဲ့အထဲက တစ်ခုကတော့ ရောဂါပါ။ ရောဂါတွေထဲကမှ မှိုရောဂါတစ်ခုဆိုရင် ရောဂါဖြစ်စေတဲ့ သက်ရှိမှိုမျှင်ဟာ မြေထဲမှာ ၁၀-၁၅ နှစ်အထိရှင်သန်ပြီး အပင်တွေကို အမြစ်ကနေဝင်ရောက်ပြီး ဒုက္ခပေးတယ်လို့ တွေ့ရပါတယ်။ သူ့ကို ဓာတုဗေဒနည်း (Chemical control) နဲ့ နှိမ်နင်းဖို့ မဖြစ်နိုင်ဘူးလို့ သုတေသနတွေက ဆိုပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ သီးလှည့်စိုက်ပျိုးဖို့ပါပဲ။ ကျနော် ဖတ်ဖူးသလောက် ဖရဲနဲ့ ပတ်သတ်တဲ့ စာအုပ်၊ သုတေသနစာတမ်းတွေမှာ ဒီအကြောင်းအချက်ပြသနာကို ရှားရှားပါးပါး ထောက်ပြတာဆိုလို့ အမေရိကန်နိုင်ငံကရေးတဲ့ စာအုပ်  ၂ အုပ်မှာပဲ တွေ့ဖူးပါတယ်။ အမှတ်မမှားဘူးဆိုရင်တော့ Southern Horticulture (1950 ပတ်ဝန်းကျင်က စာအုပ်) မှာရယ်။ နောက်တစ်အုပ်ကလည်း အတော်ဟောင်းနေပါပြီ၊ James Hertbert Beattie နဲ့ Sears Polydore Doolittle တို့ရေးတဲ့ Watermelons ဆိုတဲ့ စာအုပ်မှာပါ။ နှစ်အုပ်စလုံးရဲ့ ထောက်ခံချက်ကတော့ ''ဖရဲစိုက်ပြီးသားမြေမှာ နောက်ထပ် ၈နှစ်ကနေ ၁၀ နှစ်အတွင်း ဖရဲပြန်မစိုက်ပါနဲ့'' လို့ လမ်းညွှန်ထားပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဖရဲစိုက်ဖို့ စဉ်းစားရင်ပဲဖြစ်ဖြစ်၊ သူများကို ဖရဲစိုက်မှာကို မြေငှားဖို့ပဲ ဖြစ်ဖြစ်၊ ဒီအချက်ကို အထူးဂရုပြုဖို့ လိုမယ်လို့ လက်ဆင့်ကမ်း အကြံပြုပါရစေ။  ။   ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

2:00 PM

22-12-2014 (Monday)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်