ပိုးသတ်ဆေးနှင့် အပင်အားဆေး ရောစပ် ဖျန်းသင့် / မဖျန်းသင့်……

19/11/2018 08:39 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အရှင်းဆုံး ပြောရရင်တော့..

ဘာမှမသိရင် ဘာနဲ့မှရောစပ်မဖျန်းသင့်ဘူးလို့ ပြောရမှာပါဘဲ..သိရင်တော့ ဘာနဲ့ပဲရောစပ်ဖျန်းဖျန်း ဘာမှပြဿနာမရှိပါဘူး..။

ပိုးသတ်ဆေး.. မှိုသတ်ဆေး.. အရွက်ဖျန်းမြေသြဇာ.. ဟော်မုန်းအားဆေး.. ပေါင်းသတ်ဆေး.. ဘယ်ဆေးကို ဘယ်ဆေးနဲ့ ရောစပ်မဖျန်းရဘူးဆိုတဲ့ ပုံသေသတ်မှတ်ချက် မရှိပါဘူး..။

ရောစပ်ဖျန်းချင်တဲ့ ဆေးတွေထဲမှာပါဝင်တဲ့ အစွမ်းရှိပစ္စည်း Active Ingredients (AI) တွေအကြောင်း ဂဃနဏမသိရင်ဖြစ်စေ AI တွေအချင်းချင်း သဟဇာတဖြစ်/မဖြစ် မသိရင်ဖြစ်စေ.. AIတစ်မျိုးကြောင့် အပင်မှာဖြစ်ပေါ်လာမဲ့ အကျိုးဆက်(Sign & Symptom)တွေဟာ ရောစပ်ဖျန်းမဲ့ အခြားAIဆောင်ရွက်ရမဲ့ လုပ်ငန်းအတွက် အနှောက်အယှက်ဖြစ်/မဖြစ် မသိရင်ဖြစ်စေ.. ရောစပ်တွဲဖက် မဖျန်းသင့်ပါဘူး..။

အထက်ကအကြောင်းအရာတွေကို ဂဃနဏသိတယ်ဆိုရင်တော့ ရောစပ်ဖျန်းနိုင်ပါတယ်..။

ပိုးသတ်ဆေးအများစုဟာ အငန်ဓာတ်အခြေအနေရှိတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့ခဲ့ရင် အာနိသင်လျော့နည်းခြင်း.. အာနိသင် ပျက်ပြယ်ခြင်းတွေ ဖြစ်တတ်ပါတယ်.. ။

အဲဒါကြောင့်.. အငန်ဓာတ်ကဲတဲ့ ဘော်ဒိုမစ်ချာလို.. လိုင်းဆာလ်ဖာလို.. မှိုသတ်ဆေးတွေနဲ့ ရောစပ်ပက်ဖျန်းခြင်း မပြုလုပ်သင့်ပါဘူး..။ ဒီလိုပါဘဲ.. ပိုတက်စီယမ်.. ဆိုဒီယမ်စတဲ့ ဓာတ်ဆားတွေများများပါဝင်ပြီး အငံဓာတ်လွန်ကဲတဲ့ အရွက်ဖျန်းမြေသြဇာတွေနဲ့လဲ ရောစပ်ပက်ဖျန်းခြင်း မပြုလုပ်သင့်ပါဘူး..။

နောက်ပြီး.. အပင်ကိုစားသောက်ဖျက်ဆီးတဲ့ ဖျက်ပိုးတွေဟာ အပင်ရဲ့ရွှမ်းစိုနုထွတ်တဲ့ အခြေအနေကို အလွန်ကြိုက် နှစ်သက်ပါတယ်.. ဒါကြောင့် ပိုးသတ်ဆေးကို ရွက်ဖျန်းမြေသြဇာ.. ဟော်မုန်းလို အပင်အားဆေးတွေနဲ့ ရောစပ်ပက်ဖျန်းမယ် ဆိုရင် နှိမ်နင်းတဲ့လုပ်ငန်းကို အားပေးတဲ့လုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်သလို ဖြစ်နေတတ်ပါတယ်..။

ပိုးသတ်ဆေးဖျန်းပြီးလို့ ပိုးမွှားကင်းစင်သွားပြီဆိုရင်တော့ ပိုးတွေစားသောက်ဖျက်ဆီးလို့ ကျန်နေခဲ့တဲ့ အပင်ရဲ့အနာအဆာ ပျက်စီးမှုတွေကို အားသစ်လောင်းပြီး ပြန်လည်ဖြည့်ဆည်းဖို့ရာ အားဆေးတွေကို ဖျန်းပေးကြရမှာ ဖြစ်ပါတယ်..။

ဒီလိုပါဘဲ.. အပင်ရောဂါဖြစ်စေတဲ့ ရောဂါပိုးတွေဟာလဲ အပင်ရဲ့ရွှမ်းစိုနုထွတ်မှုကို ကြိုက်နှစ်သက်တဲ့အတွက် အပင်ရောဂါ သတ်ဆေးများနဲ့ အပင်အားဆေးတွေကို အတူရောစပ်မပက်ဖျန်းသင့်ပါဘူး..။

ဒါ့အပြင်.. အပင်ဟော်မုန်းအများစုဟာ အက်စစ်ပုံစံ ရှိကြတာမို့ အချဉ်ဓာတ်ကဲတဲ့အတွက် ဆာလ်ဖာပိုးသတ်ဆေးတွေ.. ကောပါးမှိုသတ်ဆေးတွေနဲ့ ရောစပ်ပက်ဖျန်းရင် အနယ်အနှစ်တွေကျလာနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်..။ ဆေးအာနိသင်လျော့နည်းတာ အာနိသင်ပျက်ပြယ်တာနောက်ထား ..။ အနယ်အနှစ်တွေကြောင့် ဆေးဖျန်းခေါင်းတွေပိတ်ပြီး ဒုက္ခရောက်မှာကတော့ သေချာပေါက်ဖြစ်ပါတယ်..။

ပေါင်းသတ်ဆေးကတော့ ရှင်းပါတယ်.. ပေါင်းသတ်ဆေးတွေဟာ ဟော်မုန်းအာနိသင်နဲ့ အပင်ဆဲလ်တွေကို အဆမတန်ကြီးထွားစေပြီး ပေါက်ကွဲသေစေတာမို့ အားဆေးတွေနဲ့တွဲဖက်ဖျန်းလဲ အာနိသင်ပိုပြီး တိုးတက်စေပါတယ်..။ ဒါကြောင့်လဲ တောင်သူတွေ ပေါင်းသတ်ဆေးဖျန်းရင် ယူရီးယား(ပုလဲ)မြေဆီ ထည့်ဖျန်းနေကြတာ ဖြစ်ပါတယ်..။ ဒါပေမဲ့ ပေါင်းသတ်ဆေးနဲ့ ပိုး/ရောဂါသတ်ဆေးနဲ့ အားဆေးများဟာ ဦးစားပေးဆေးဖျန်းမှု၊ ရည်ရွယ်ချက်လားရာ မတူတဲ့အချက်ကိုလဲ သတိထားရမှာ ဖြစ်ပါတယ်..။ ပိုး/ရောဂါသတ်ဆေးနဲ့ အားဆေးများဟာ ပေါင်းပင်များကိုရှောင်ပြီး သီးနှံပင်ကိုဦးစားပေး ပက်ဖျန်းရတာဖြစ်ပြီး ပေါင်းသတ်ဆေးကတော့ တတ်နိုင်သမျှ သီးနှံပင်ကိုရှောင်ပြီး ပေါင်းပင်ကိုဦးစားပေး ပက်ဖျန်းရတာဖြစ်ပါတယ်..။ ဒါကြောင့် ရည်ရွယ်ချက်နဲ့လားရာမတူတဲ့ဆေးများကို ရောစပ်ပက်ဖျန်းပါက ဆေးရည်ပိုမိုကုန်ကျခြင်း၊ အာနိသင်လျော့နည်းခြင်း၊ အပင်လောင်ကျွမ်းခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်..။

ဒါကတော့.. စဉ်းစားရမဲ့ အချက်တွေကို တွေးမိသမျှ ရေးပြခြင်းဖြစ်ပါတယ်.. ။

ကျန်နေအုံးမဲ့ လိုအပ်တဲ့အချက်တွေကိုလဲ တတ်သိနားလည်သူများ ဖြည့်စွက်ပေးစေလိုပါတယ်..။

တွဲဖက်မဖျန်းသင့်တဲ့ဆေးတွေကို ပညာရှင်တွေက ဇယားတွေ ဒိုင်ယာဂရမ်တွေနဲ့ ယေဘူယျဖော်ပြထားတာတွေလည်း ရှိပါတယ်…။

ဒါပေမဲ့…စိုက်ပျိုးရေးမှာ တစ်နဲ့နှစ်ပေါင်းသုံးဆိုတဲ့ ပုံသေသီအိုရီမရှိပဲ အရာရာကို တတ်သိနားလည်အောင်ကြိုးစားလေ့လာပြီး အခြေအနေအရပ်ရပ်ကို ခြုံငုံစဉ်းစားဆုံးဖြတ်မှ အမှန်တရားနဲ့နီးစပ်မယ်ဆိုတာ မဖြစ်မနေ သိရှိထားရပါမယ်…။

အချုပ်ပြောရမယ်ဆိုရင်တော့.....ဆေးအကြောင်းဘာမှ ဂဃနဏမသိရင် ရောစပ်မဖျန်းပဲ သီးသန့်သီးခြားစီ ခွဲခြားပက်ဖျန်း နိုင်ရင် အကောင်းဆုံးပါဘဲ..။ စိုက်ဧရိယာများပြားလို့ လုပ်အားမနိုင်ရင်ဖြစ်စေ.. ခွဲခြားဖျန်းဖို့အချိန်မပေးနိုင်ရင်ဖြစ်စေ.. ရောစပ်ပက်ဖျန်းမယ်ဆိုရင်တော့ တတ်သိနားလည်သူကို မေးမြန်းလေ့လာပြီးမှ ဆောင်ရွက်သင့်ကြပါတယ်…။

ဒီလိုမှမဟုတ်ပဲ…မိမိကိုယ်တိုင်စမ်းသပ်ပြီး ရောစပ်အသုံးပြုချင် တယ်ဆိုရင်တော့…ဖန်ပုလင်းကြည်တစ်ခုမှာ ရောစပ်ပက်ဖျန်းချင်တဲ့ ဆေး(၂)မျိုး သို့မဟုတ် (၂) မျိုးထက်ပိုလို့ ရေနှင့်အတူ ရောစပ်ကြည့်ပြီး အနယ်အနှစ်များကျလာခြင်း၊ အရည်နှစ်လွှာ သုံးလွှာကွဲခြင်း၊ ရေတွင် ပျော်ဝင်ပျံ့နှံ့မှုနည်းခြင်း၊ အမြှုပ်များ အလွန်အမင်းထွက်ခြင်းစသည်များရှိပါက ရောစပ်မပက်ဖျန်းသင့်ဘဲ ရေနှင့်ရောစပ်ကြည့်၍ အထက်ပါ အခြေအနေ ဖြစ်ပျက်မှုများ ဖြစ်ပေါ်ခြင်းမရှိပါက ရောစပ်ပက်ဖျန်းနိုင်တာကို သိရှိနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါတယ်ခင်များ....။   ။

Than Win Agri facebook မှ ကူးယူဖော်ပြပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်