စီးပွားဖြစ် တစ်သျှုးငှက်ပျောစိုက်ပျိုးနည်းစနစ်

27/10/2021 20:00 PM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    မြန်မာတို့၏ ရိုးရာဓလေ့တွင် အုန်းနှင့် ငှက်ပျောသည် မပါမဖြစ် အရေးပါသော သီးနှံများဖြစ်သည်။ မြန်မာနိုင်ငံသည် ငှက်ပျောမျိုးကွဲများစွာ ပိုင်ဆိုင်ထားပြီး မိရိုးဖလာ နည်းစနစ်အတိုင်း ဒေသငှက်ပျောမျိုးများကို သားတက်ဖြင့် မျိုးပွား၍  စိုက်ပျိုးခဲ့ကြပါတယ်။ ယခုအခါ အပင်တစ်သျှူးမျိုးပွားနည်းဖြင့် မျိုးပွားထားသော ငှက်ပျောများကို ကျယ်ပြန့်စွာ စိုက်ပျိုးလာကြသည်။ တစ်သျှူးနည်းဖြင့်မျိုးပွားခြင်းဆိုသည်မှာ အပင်မျိုးတစ်မျိုး၏ မူလမျိုးရိုးဗီဇလက္ခဏာ အရည်အသွေးမပျက်စေဘဲ ယင်းအပင်၏ ဆဲလ်၊ အပင်အစိတ်အပိုင်းတစ်ခုကို ဓာတ်ခွဲခန်းတွင် မျိုးပွားခြင်းဖြင့်  မိခင်အပင်နှင့် တသွေမတိမ်းအရည်အသွေးရှိသည့် ဗီဇတူအပင်ငယ်များကို အချိန်တိုကာလအတွင်း အမြောက်အများ မျိုးပွားထုတ်လုပ်ခြင်း ဖြစ်ပါသည်။ 

တစ်သျှုးငှက်ပျောမျိုးများသည် 

- မိခင်နှင့် မျိုးရိုးဗီဇလက္ခဏာထပ်တူခြင်း

- ပိုးမွှားရောဂါကင်းစင်သော အရည်အသွေးကောင်းမွန်သော ငှက်ပျောခိုင်းများ ထုတ်လုပ်နိုင်ခြင်း

- အထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းမွန်ခြင်းကြောင့် ဝင်ငွေမြင့်မားစွာ ရရှိနိုင်ခြင်း

- ပုံမှန်သားတက်ဖြင့် မျိုးပွားသောငှက်ပျောမျိုးများထက် ငှက်ပျောခိုင်စောထွက်ခြင်း

- တစ်သျှုးငှက်ပျောပျိုးပင်များကို တစ်နှစ်ပတ်လုံး ဝယ်ယူစိုက်ပျိုးနိုင်ခြင်းကြောင့် ဈေးကွက်လိုအပ်ချက်မြင့်မားသည့် အချိန်နှင့် ချိန်ညှိစိုက်ပျိုးနိုင်သည့်အတွက် ဈေးကောင်းရရှိနိုင်ခြင်း

- အပင်ကြီးထွားမှုညီညာခြင်းကြောင့် ငှက်ပျောခိုင်ထွက်ချိန်ညီညာပြီး စျေးကွက်သို့ တပြိုင်နက်တည်း တင်ပို့ရောင်းချနိုင်ခြင်း

- မိခင်ပင်မှ အခိုင်ခုတ်သိမ်းပြီးနောက် သားဆက်၂ဆက်(လမိုင်းပင်) အထိ အထွက်နှုန်းအရည်အသွေး မလျော့ကျခြင်း

- အပင်၏ ၉၅%-၉၈% အထိ ငှက်ပျောခိုင်ထွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် တစ်သျှူးငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးသင့်ပါသည်။

မြေအမျိုးအစား

    ငှက်ပျောစိုက်ပျိုးမည့်မြေသည် ရေသွင်းရေထုတ်ကောင်းမွန်၍ မြေဆီဩဇာကောင်းမွန်ပြီး အစိုဓာတ်လုံလောက်စွာရရှိရန် လိုအပ်ပါသည်။ မြေချဉ်ငံကိန်း ၆-၇.၅ အတွင်းရှိသော နုန်းမြေသည် ငှက်ပျောအကြိုက်နှစ်သက်ဆုံးမြေဖြစ်သည်။ ဆားပေါက်သောမြေ၊ ထုံးပါဝင်မှုများသောမြေ၊ လေဝင်လေထွက်မကောင်း၍ အာဟာရချို့တဲ့သည့်မြေများသည် ငှက်ပျောစိုက်ပျိုးရန် မသင့်တော်ပါ။ ငှက်ပျောစိုက်ပျိုးရန်ကောင်းမွန်သော မြေအမျိုးအစားများမှာ နုန်းတင်မြေနု၊ သဲနုန်းမြေနှင့် နုန်းမြေတို့ဖြစ်ပါသည်။

မြေပြုပြင်ခြင်း

    ငှက်ပျောကို မစိုက်ပျိုးခင်မြေကို ၁ ပတ်ခန့်စော၍ ကြိုတင်ပြုပြင်ထားသင့်ပါသည်။ ငှက်ပျောပင်သည် ရေကြိုက်သော်လည်း အပင်ရင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

စိုက်ချိန်

     တစ်သျှုးငှက်ပျောကို အပူချိန် နိမ့်လွန်း မြင့်လွန်းသောအချိန်မှလွဲ၍ ၁ နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်မှာ မေလနှင့် နိုဝင်ဘာလဖြစ်သည်။

စိုက်ကျင်းပြုပြင်ခြင်း

    စိုက်ကျင်းကို အကျယ် ၁ ပေခွဲနှင့် အနက် ၁ ပေခွဲ တူးပေးရပါသည်။ စိုက်ကျင်းတစ်ကျင်းအတွက် မြေခံအနေဖြင့် မြေဆွေး ၄-၈ပြည်၊ ကွန်ပေါင် (၁၅:၁၅:၁၅) ၂၀၀ ဂရမ်၊ ဖြူရာဒန် ၁၀ ဂရမ်ကို တစ်ကျင်းနှုန်းဖြင့် ရော၍ထည့်ကာ တစ်ပတ်ခန့် ရေနှင့်နှပ်ကာ ထားပေးသင့်သည်။

ပျိုးပင်စိုက်ပျိုးခြင်း

    ပင်ခြား ၆ ပေ၊ တန်းကြား ၈ ပေဖြင့် တစ်ကျင်းလျှင် တစ်ပင်နှုန်းဖြင့် တစ်ဧကအတွက် ပျိုးပင်ပေါင်း ၉၀၀ လိုအပ်ပါသည်။ အရွက် ၅ ရွက်ပါ ၆ ပတ်သားပျိုးပင်ကို အပင်တစ်သျှုးဓာတ်ခွဲခန်းမှ ဝယ်ယူ၍ စိုက်ခင်းတွင် တိုက်ရိုက် စိုက်ပျိုးနိုင်ပါသည်။ အပင် ၉၀၀ စိုက်ရန်အတွက် စိုက်ကျင်း ၉၀၀ တူးပေးရပါမည်။

အစာအာဟာရကျွေးခြင်း

    ငှက်ပျောစိုက်ပျိုးပြီး ၁ လအကြာမှ စ၍ အောက်ဖော်ပြပါအတိုင်း ငှက်ပျောပင်ကို အစာကျွေးပေးရန် လိုအပ်ပါသည်။ မြေဩဇာကျွေးသည့်အခါ အပင်ခြေမှ ၆ လက်မခွာ၍ ကျွေးရပါမည်။ မြေဩဇာကျွေးပြီးတိုင်း ရေသွင်းပေးရမည်။ ၆ လပြည့်သည့်အခါ မြေဩဇာကျွေးခြင်း ရပ်တန့်ရမည်။ အပင် ၆ လသားသည် အပင်ပြုစုစောင့်ရှောက်မှုမှန်ကန်၍ ရာသီဥတုအခြေအနေကောင်းမွန်ပါက မိခင်ပင်မှ ငှက်ပျောဖူးစတင်ထွက်ရှိသည့်အချိန် ဖြစ်ပါသည်။

အချိန်                                                          ယူရီးယား(ပုလဲ)+Potash(ပိုတက်ရှ်)(2:1)

စိုက်ပြီး၁လအကြာ                                        ၅၀ဂရမ်(၃ဇွန်း)

စိုက်ပြီး၂လအကြာ                                        ၁၀၀ဂရမ်   

စိုက်ပြီး၃လအကြာ                                         ၁၅၀ဂရမ်

စိုက်ပြီး၄လအကြာ                                         ၂၀၀ဂရမ်

စိုက်ပြီး၅လအကြာ                                         ၂၅၀ဂရမ်

စိုက်ပြီး၆လအကြာ                                         ၃၀၀ဂရမ်

အပင်ပြုစုစောင့်ရှောက်ခြင်း

    ငှက်ပျောသားတက်များသည် မိခင်အပင်ကြီးအတွက် အစာအာဟာရယှဉ်ပြိုင်စားသောက်သောကြောင့် ဓားနှင့်ခုတ်၍ ရှင်းလင်းပေးရပါမည်။ အပင်ကြီးထွားမှု ကာလတစ်လျှောက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို လိုအပ်သလို သုံးစွဲနိုင်သည်။

ဒုတိယသားတက်မွေးခြင်း

    ဒုတိယအပင် ဆက်လက်မွေးမည်ဆိုပါက ပထမမိခင်အပင် အလံရွက်စထွက်ချိန်တွင် အသစ်ထွက်လာသည့် သားတက်များထဲမှ အကောင်းဆုံးသားတက်ကို ဒုတိယအပင် (လမိုင်းပင်) အနေဖြင့် ဆက်လက်မွေးနိုင်ပါသည်။ လမိုင်းပင်သားတက်၂ ဆက်အထိ ယူနိုင်ပါသည်။ ဒုတိယသားတက် ဆက်လက်မွေးမြူမည်ဖြစ်သောကြောင့် မြေဩဇာကျွေးခြင်းလုပ်ငန်းကို နဂိုမူလမြေခံထည့်သည့်ပုံစံအတိုင်း မြေဆွေး ၄-၈ ပြည်၊ ကွန်ပေါင်း ၁၅ ပတ်လည် ၂၀၀ ဂရမ်၊ ဖြူရာဒန် ၁၀ ဂရမ်ကို ထပ်ထည့်ပေးရပါမည်။ ထို့နောက် ပုံမှန်အတိုင်း မြေဩဇာကျွေးခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရပါမည်။

ရိတ်သိမ်းခြင်း

    ငှက်ပျောခိုင်ကို စိုက်ပျိုးပြီး ၁၁-၁၂ လအတွင်း ခုတ်နိုင်ပါသည်။ ပထမလမိုင်းပင်ကို မိခင်အပင် ရိတ်သိမ်းပြီးနောက် ၈-၁၀ လအတွင်း ရိတ်သိမ်းနိုင်ပြီး ဒုတိယလမိုင်းပင်ကို ပထမလမိုင်းပင်ရိတ်သိမ်းပြီးနောက် ၈-၉ လအတွင်း ရိတ်သိမ်းနိုင်ပါသည်။

Reference by

BioGrowth Co., Ltd(အပင်တစ်သျှုးမျိုးထုတ်လုပ်သောကုမ္မဏီ)သို့ မေးမြန်းသိရှိသည်များကို ကိုးကားထားပါသည်။

https://www.agrifarming.in/banana-tissue-culture-information

https://agritech.tnau.ac.in/bio-tech/biotech_tc_jainirrigation.html


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်