စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေးသီးနှံများ ဈေးကွက် အခိုင်အမာရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်

02/07/2019 13:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံမှတင်ပို့သည့် စိုက်ပျိုးရေးသီးနှံများနှင့် ပို့ကုန်များကို နိုင်ငံတကာက လက်ခံနိုင်ရန်အတွက် GAP လက်မှတ်များ ထုတ်ပေးလျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်နှင့် စိုက်ပျိုးရေးသီးနှံများ ဈေးကွက်အခိုင်အမာရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ဇွန်လ ၂၉ ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော်ဒုတိယသမ္မတ ၁ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ၂၈ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ၌ ယင်းကဲ့သို့ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

"GAP စနစ်နဲ့ စိုက်ပျိုးနေတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေကို ကျွန်တော်တို့ အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ GAP စနစ်ကို ပြုစုပျိုးထောင်နေတာပဲ ဖြစ်ပါတယ်။ ဒါကိုပြုစုပျိုးထောင်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံကပို့တဲ့ စိုက်ပျိုးရေးသီးနှံတွေ ပို့ကုန်တွေကို နိုင်ငံတကာက လက်ခံနိုင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပို့ကုန်ကို စိုက်ပျိုးစဉ်ကာလထဲက စနစ်တကျပြုစုပျိုးထောင်ပြီး စိုက်ပျိုးဖို့လိုအပ်ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းအတွင်းမှာ စတင်ပြီးတော့ ကြိုမ်းပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။" ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

အစိုးရသစ် တာဝန်ယူခဲ့သည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာကဏ္ဍတွင် ဧက ၄၀၀၀ ဝန်းကျင်ကို အဆင့်မြင့်လယ်ယာများအဖြစ် ပြုပြင်ပေးနိုင်ခဲ့ပြီး တောင်သူလယ်သမားများ၏ လယ်ယာပြုပြင်ရေးကဏ္ဍအတွက် ကျပ်ငွေ ၈ ဘီလီယံခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြန်မာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agric ultural Practices -GAP) အသိအမှတ်ပြု လက်မှတ်ကို ဇွန် လ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် တောင်သူများအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

GAP ဆိုသည်မှာ မြေပြုပြင် စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ် ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှု အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြစ်သည်။

"ဒါကြောင့် စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်လာစေဖို့နဲ့ ဈေးကွက်အခိုင်အမာ ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုကို ကျွန်တော်တို့အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ကျွန်တော်တို့ ဈေးကွက်အခိုင်အမာရရှိနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း တတ်စွမ်းတဲ့ဘက်ကနေပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်။"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့အပြင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) တွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှံများ၏ အရည်အသွေးကဏ္ဍနှင့် လုပ်သားများ၏ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးကဏ္ဍများ ပါဝင်ကြောင်းသိရသည်။

GAP လုပ်ဆောင်ရာတွင် မြေနေရာရွေးချယ်ခြင်း၊ ရေအသုံးပြုခြင်း၊ မျိုးစေ့၊ ပျိုးပင်ရွေးချယ်ခြင်း၊ မြေသြဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ၊ စိုက်ပျိုရေးသုံးနှင့် အခြားဓာတုပစ္စည်းများ၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ စိုက်ပျိုးရေးနှင့် အခြားဆက်စပ်ပစ္စည်းများ၊ ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ထားခြင်း၊ တိရစ္ဆာန်နှင့် ဖျက်ပိုးများထိန်းချုပ်ခြင်း၊ အထောက်အထားများနှင့် မှတ်တမ်းများ၊ နောက်ကြောင်းပြန် စစ်ဆေးခြင်း၊ သင်တန်း၊ ပြန်လည်သုံးသပ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းခြင်းနှင့် လုပ်သားဘဝ သာယာဝပြောရေးတို့မှာ  လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည်။

အေးအေးမြင့်(ABM)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်