တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

10/08/2018 16:21 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကျွန်တော်တို့နိုင်ငံ Association of Natural Rubber Producing Countries- ANRPC လို့ခေါ်တဲ့ ရော်ဘာထုတ်လုပ်သူနိုင်ငံများအသင်းကို ဝင်တော့မယ်ဆိုတဲ့ သတင်းနဲ့ ဒီအပတ် Review ကိုစလိုက်တယ်။

ဒီအသင်းကို ၁၉၇၀ ခုနှစ်က စတည်ထောင်ခဲ့တာပါ။ အခုဆိုရင် အဖွဲ့ဝင် ၁၂ နိုင်ငံရှိပါပြီ။  ကမ္ဘောဒီး ယား၊ စင်္ကာပူ၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ တို့ပါ။ ဒီ ၁၂ နိုင်ငံက ကမ္ဘာ့ရော်ဘာအထွက်ရဲ့ ၉၀% ခန့်ကို ထုတ်လုပ်နေတာဖြစ်တယ်။ အသင်းရဲ့ ဌာနချုပ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာပါ။ 

အသင်းတည်ထောင်ခဲ့တာ ၄၈ နှစ်ရှိခဲ့ပြီ။ မြန်မာရဲ့ ရော်ဘာသမိုင်းကလည်း အရှေ့တောင်အာရှရဲ့ ရော်ဘာသမိုင်းအမျှပါပဲ။ မြန်မာ့ထုတ်လုပ်မှုကလည်း ကမ္ဘာမှာ နံပါတ် ၆ တဲ့။ ဒါကို ဘာဖြစ်လို့ ခုမှ ဝင်ဖို့ကြိုးစားနေကြပါသလဲ။ အသင်းက နိုင်ငံတွေရဲ့ အစိုးရတွေနဲ့ ဖွဲ့ထားတာဖြစ်လို့ပါပဲ။ အစိုးရမှ မဝင်ရင် ဘယ်ပုဂ္ဂလိကအဖွဲ့ကမှ ဝင်ဖို့ကြိုးစားလဲ မရပါဘူး။ ဒါကြောင့်မို့ပါပဲ။ 

ခုဆိုရင် လွှတ်တော်မှာ အဆိုတင်တယ်။ ထောက်ခံဆွေးနွေးတယ်။ အခု ဝင်ဘို့သဘောတူလိုက်ကြပြီ။ ANRPC ကလည်း ဝင်ဖို့တိုက်တွန်းတယ်။ ဖိတ်ခေါ်နေတယ်။ 

ဒီအသင်းဝင်ရင် ကျနော်တို့ဘာအကျိုးခံစားရမလဲ။ ပိုမိုကောင်းမွန်တိုးတက်လာနေတဲ့ နည်းပညာ၊ ရော်ဘာမျိုးကောင်းရဖို့ အခွင့်အလမ်း၊ ပိုကောင်းတဲ့ ဈေးကွက်ထိုးဖောက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများပြားလာမယ်။ စသဖြင့် မြန်မာ့ရော်ဘာလုပ်ငန်းက ဒီအကျိုးတွေကို ခံစားရပါမယ်လို့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဒုဝန်ကြီး ဦးလှကျော်က ပြောတယ်လို့ သတင်းထဲဖတ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အနှေးနဲ့ အမြန်ဆိုသလို မြန်မာနိုင်ငံအစိုးရဟာ ANRPC အဖွဲ့ဝင်ဖြစ်လာပါတော့မယ်။ 

အခုကမ္ဘာ့ရော်ဘာဈေးကွက်တွေဘက် ပြန်လှည့်ရရင် တနင်္လာနေ့မှာဈေးအပိတ်မှာ တိုကျို ရဲ့ TOCOM ဈေးကွက်မှာ ၂ ပတ်အတွင်း အမြင့်ဆုံးဈေးကို ရောက်သွားတယ်။ ရှန်ဟိုင်းဘက်က ဈေးအတက်နောက် TOCOM လိုက်ပါသွားတဲ့ အတွက်ကြောင့်လို့ဆိုကြတယ်။ ဒါပေမယ့် တရုတ်-အမေရိကန် စီးပွားရေး ပဋိပက္ခကြောင့် ရော်ဘာဈေးဟာ သိပ်များများ မတက်နိုင်ဖြစ်နေရတယ်။ 

တိုကျိုရဲ့ TOCOM မှာ ၂၀၁၉ ဇန်နာဝါရီလ ကန်ထရိုက်ရော်ဘာဈေးဟာ ၂.၂ ယန်း သို့မဟုတ် ၁.၃% တက်ကာ ၁၇၀.၅ ယန်း($၁.၅၃)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ ဈေးနေ့စောစောပိုင်းမှာ ဈေးက ဇူလိုင် ၂၃ ကနေစတွက်ရင် အမြင့်ဆုံးဖြစ်တဲ့ ၁၇၁.၂ ယန်းဈေးကို ရောက်သွားသေးတယ်။ 

ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံးကန်ထရိုက်လဖြစ်တဲ့ ဇန်နာဝါရီမှာ ကန်ထရိုက်ရော်ဘာဈေးဟာ ၂၃၅ ယွမ်တက်ပြီး ၁၂၁၅၀ ယွမ်($၁၇၇၅)/တန်ဈေးနဲ့ ပိတ်ပါတယ်။

TOCOM ဈေးက ကျနော်တို့အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အကျိုးသက်ရောက်ပါတယ်။ ဒါကြောင့် TOCOM ကိုအဓိကထား စောင့်ကြည့်ကြတယ်။ TOCOM ကလည်း အခုဆိုရင် ကြီးထွားသည်ထက်ကြီးထွားလာနေတဲ့ တရုတ် ရှန်ဟိုင်းဈေးကွက် ShFE (Shanghai Future Exchange) ကိုမှီနေတာမို့ သူ့ကိုလည်း လွှတ်မရပါဘူး။ တစ်ခါ ကျနော်တို့ရော်ဘာကလည်း အဓိကပို့နေတာက တရုတ်ကို နယ်စပ်ကုန်သွယ်ရေးကတဆင့်မဟုတ်လား။ အခုတက်နေတာပဲကြည့်။ ShFE တက်တော့ ရှန်ဟိုင်းတက်တယ်လို့ သုံးသပ်တယ်လေ။ ကျရင်လည်း လိုက်ကျမယ့်သဘောပါ။ အခုကုန်သွယ်ရေးစစ်ပွဲကြောင့် ဒေါ်လာကသာနေတယ်။ ဒါကြောင့် ဒေါ်လာဈေးတက်တယ်။ မြန်မာငွေနဲ့ယှဉ်တဲ့ ဒေါ်လာဈေးတက်သလို။ ပြောင်းပြန်ပြန်ပြောရင် မြန်မာငွေ ဈေးကျတယ်။ ဂျပန်မှာလည်း ဒေါ်လာနဲ့ယှဉ်ရင် ယန်းငွေဈေးကျတယ်။ ယန်းငွေဈေးနဲ့ ရော်ဘာဈေးက ပြောင်းပြန်အချိုးကျတယ်။ ယန်းငွေဈေးကျရင် ရော်ဘာတက်တယ်။ ယန်းနဲ့ သတ်မှတ်ထားတဲ့ ရော်ဘာကို ဒေါ်လာနဲ့ ဝယ်ရင် ဈေးသက်သာသွားတယ်လေ။ ဈေးသက်သာရင် အဝယ်လိုက်မယ်။ အဝယ်လိုက်ရင် ဈေးတက်မယ်။ ဒီသဘောပါ။

တနင်္လာနေ့ကတက်လာတဲ့ ရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့အထိ ဆက်တက်တယ်။ 

ဗုဒ္ဓဟူးနေ့မှာ TOCOM ရဲ့ စံထားတဲ့ ရော်ဘာကန်ထရိုက်ဈေးဟာ ၃ ပတ်အတွင်း အမြင့်ဆုံးကိုရောက်သွားတော့တယ်။ ရေနံဈေးတက်လာလို့ရယ်၊ နောက်အပတ်မှာကျရောက်မယ့် ဂျပန်တို့ရဲ့ Bon Holiday မတိုင်မီမှာ ကုန်သည်တွေက Short-covering လုပ်ကြလို့ပါ။ Short cover လုပ်ရင် ပစ္စည်းဝယ်ရတယ်။ ဝယ်ရင်ဈေးလိုက်တယ်လေ။ ရေနံဈေးက ရော်ဘာဈေးနဲ့ တိုက်ရိုက်အချိုးကျတယ်။ ရေနံဈေးတက်ရင် သဘာဝရော်ဘာနဲ့ ပြိုင်ဘက် ရော်ဘာတုဈေးတက်လို့ပါ။ ရော်ဘာတုဈေးတက်တော့ သဘာဝရော်ဘာကိုတိုးသုံးနိုင်တယ်။ ဒီတော့ အဝယ်လိုက်တယ်။ သဘောအရ ဈေးတက်မယ်။ 

ခုဈေးတက်နေတဲ့ရော်ဘာကို ပြန်ကျမယ်လို့ ယူဆပြီး ကုန်သည်တွေက တစ်ဦးဦးမှ ချေးငှားပြီး အတက်ဈေးနဲ့ ချက်ချင်းရောင်းလိုက်တယ်။ ဒါကို Short လုပ်တယ်ပေါ့။ ပြီးတော့ သူ့အထင်အတိုင်း ဈေးအကျကိုစောင့်ပြီး ပြန်ဆပ်ဖို့ ပြန်ဝယ်ရတယ်။ ဒါကိုကျ Short Cover လုပ်တယ်လို့ခေါ်တယ်။ သူတို့ပြန်ဝယ်တော့လည်း ဈေးပြန်လိုက်လာတာပေါ့။ 

တိုကျိုရဲ့ TOCOM မှာ ဇန်နာဝါရီလအတွက် ရော်ဘာကန်ထရိုက်ဈေးဟာ ဗုဒ္ဓဟူးနေ့ဈေးအပိတ်မှာ ၂.၆ ယန်း သို့မဟုတ် ၁.၅% တက်ကာ ၁၇၄.၀ ယန်း($၁.၅၇)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ ဇူလိုင် ၁၉ ရက်နေ့ကစရင် အမြင့်ဆုံးဖြစ်တဲ့ ၁၇၄.၅ ယန်း/ကီလိုဂရမ် ဈေးဖြစ်သွားသေးတယ်။ ရှန်ဟိုင်းအတက်နောက် လိုက်နေတုန်းလို့ပြောလို့ရတယ်။

ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး ဇန်နာဝါရီကန်ထရိုက်လမှာ ရော်ဘာဈေးဟာ ၁၆၅ ယွမ်တက်ပြီး ၁၂၅၀၀ ယွမ်($၁၈၃၀)/တန်ဈေးနဲ့ ပိတ်တယ်လေ။ ဒီဈေးမှာလည်း မတ်လလယ်ကတည်းကစတွက်ရင် အမြင့်ဆုံးဈေးကို ရောက်သွားသေးတယ်။

ဈေးကွက်ကျွမ်းကျင်သူ ဂျပန်က တဇဝ တစ်ယောက်ကတော့ ရော်ဘာဈေးဟာ ၁၇၅ ဆင့်ဈေးမှာ တိုင်နေမယ်လို့ သူထင်သတဲ့။ အကြောင်းက ဂျပန်ကားတင်သွင်းမှုကိုလည်း အမေရိကန်က အကောက်ခွန်တိုးကောက်ဘို့အစီအစဉ်ရှိတယ်လို့ ကြားနေရတာကိုး။ ဒါဆိုရင် ဂျပန်ကားအရောင်းကျမယ်။ ကားအရောင်းကျရင် ကားထုတ်လုပ်မှုကိုလျှော့ချရရင် ကားတိုင်ယာလည်း ဝယ်လိုအားနည်းသွားမှာလေ။ တိုင်ယာရဲ့ ရော်ဘာထက်ဝက်ကျော်က သဘာဝရော်ဘာတွေကိုး။ ဒါဆိုရင် ရော်ဘာဝယ်လိုအားကျသွားမယ်။ ဈေးလဲကျမယ်။ ဒါကြောင့် ဒီသတင်းကို အဲဒီဈေးကွက်က ကုန်သည်ကြီးတွေ အထူးနားစွင့်နေကြတယ်ခင်ဗျ။ တရုတ်အော်တိုမိုဘိုင်းကတော့ အခွန်တိုးကောက်ခံရပြီးသား ဖြစ်နေပါပြီ။ 

တနင်္လာနေ့ကနေ ကြာသပတေးနေ့ထိအောင် ဈေးကွက် ၂ ခုလုံးအပြိုင်တက်လာပြီးမှ သောကြာနေ့မှာတော့ TOCOM ရော ShFE ပါ အပြိုင်ကျပြီးဈေးပိတ်သွားပြီ။ 

TOCOM မှာက ၂.၂ ယန်းကျကာ ၁၇၂.၃ ယန်း/ကီလိုဂရမ်ဈေးနဲ့၊ ShFE မှာ ယွမ် ၁၄၀ ကျပြီး ၁၂၃၈၀ ယွမ်/တန်ဈေးနဲ့ အသီးသီးပိတ်သွားတယ်။ 

ညီသွေး


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်