မိုးသီးနှံများအောင်မြင်စွာစိုက်ပျိုးနိုင်ရေး
မြန်မာနိုင်ငံတွင် သီးနှံအများစုကို စိုက်ပျိုးနေသည်မှာ လယ်မြေနှင့် ယာမြေတို့အပေါ်တွင် ဖြစ်ပါသည်။
ရွာသွန်းသောမိုးရေဖြင့် မိုးဦး၊ မိုးလယ်ရာသီတို့တွင် ဖြစ်ထွန်းသည့် သီးနှံပင်များကို စိုက်ပျိုးလျက်ရှိသည်။ မိုးနှောင်းရာသီတွင်မူကား မြေတွင်း၌ ကြွင်းကျန်သော အစိုဓာတ် ကို အားကိုး၍ သီးနှံပင်များကို စိုက်ပျိုးလျက်ရှိသည်။
သီးနှံပင်စိုက်ပျိုးဖြစ်ထွန်းမှုသည် စိုက်ပျိုးမြေအလိုက် မတူကွဲပြားသည်။ စပါးသီးနှံကို လယ်မြေတွင် အဓိကစိုက်ပျိုးသည်။ စပါးသီးနှံက အပင်ခြေ၌ ရေဝပ်ခြင်းကို ခံနိုင်ရည်ရှိသည်။
ယာမြေတွင် ရေဝပ်ခြင်းကို မခံနိုင်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ချည်မျှင်ရှည်ဝါ၊ ကြံ၊ ဟင်းသီးဟင်းရွက်၊ ပြောင်းဖူးနှင့် အခြားနှံစားသီးနှံ စသည့်သီးနှံပင်များကို စိုက်ပျိုးလျက်ရှိပါသည်။
စိန်ခေါ်မှုများ
လယ်မြေ၌ စပါးသီးနှံကို စိုက်ပျိုးရာတွင် ရွာသွန်းသည့်မိုးရေ နည်းပါးပါက ပျိုးခင်းရေမရသဖြင့် ပျိုးမထောင်နိုင်ခြင်း၊ ပျိုးထောင်ထားနိုင်သော်လည်း ပျိုးသက် တစ်လကျော်သည့်တိုင် မိုးမရွာသဖြင့် စိုက်ခင်းများကို ထွန်ရေးတမန်းမပြင်နိုင်ကာ ပျိုးသက်ကြီးသည်ထိ မစိုက်နိုင်ခြင်းစသည့် အခက်အခဲများဖြစ်ပေါ်လေ့ရှိပါသည်။
ယာမြေတွင်လည်း ယာသီးနှံများကို မိုးဦးတွင် မစိုက်ပျိုးနိုင်မှုများ၊ အချို့ဒေသများတွင် စိုက်ပျိုးနိုင်ခဲ့သော်လည်း မိုးမရွာသဖြင့် အပင်အရပ်ပုခြင်း၊ ဖွံ့ဖြိုးသီးပွင့်မှုမရှိခြင်းနှင့် အဆိုးရွားဆုံးအနေဖြင့် သီးနှံပင်ပျက်စီးရခြင်းများ ရှိပါသည်။
ဖြေရှင်းရန်နည်းလမ်း (စပါးသီးနှံ)
ပျိုးသက်ကြီးသွားလေ့ရှိသည့် ဒေသများအတွက် အကြံပြုလိုပါသည်။ မနောသုခ၊ ဆင်းသုခကဲ့သို့ သက်လတ်စပါးမျိုးဖြစ်စေ၊ အင်းမရဲဘော်၊ နှံကား၊ ပေါ်ဆန်းဘေးကြားကဲ့သို့ ရာသီစပါးမျိုးကိုဖြစ်စေ အသုံးပြုစိုက်ပျိုးပါ။ ထိုစပါးမျိုးများသည် ပျိုးသက်ကြီး သော်လည်း အပင်ပွားနိုင်သေးသည်။ အနှံများနိုင်သေးသည်။ ပုံမှန်ပျိုးသက် တစ်လသား ကို စိုက်သကဲ့သို့ စပါးထွက်နိုင်သေးသည်လို့ ပြောလိုပါသည်။
သို့မဟုတ်ပါက စပါးစိုက်ပျိုးနည်းစနစ် ပြောင်းလဲလိုက်ပါ။ ပျိုးထောင်ကောက်စိုက်မည့်အစား အခြောက်ထွန်ရေးတွင်ဖြစ်စေ၊ အစိုတမန်းပြင်တွင်ဖြစ်စေ၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးရန်ဖြစ်သည်။ အတန်းလိုက်ဖြစ်စေ၊ ကြဲပက်၍ဖြစ်စေ၊ မျိုးစေ့ချကရိယာကို အသုံးပြု၍ဖြစ်စေ ဆောင်ရွက်နိုင်ပါသည်။
ဖုံးတုံးလုံးတုံးအချိန်နှင့် အနှံထွက်ချိန်တို့တွင် မိုးခေါင်လေ့ရှိသည့်ဒေသများ၌ သက်လျင်စပါးမျိုးကို အသုံးစိုက်ပျိုးပါ။ ဥပမာ-မူလက မနောသုခကို စိုက်ပျိုးလေ့ရှိပါက မနောသုခသည် သက်လတ်မျိုးဖြစ်၍ ရွေသွယ်ရင်၊ သီးထပ်ရင် စသည့် အခြားသင့်တော်ရာ သက်လျင်စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။
ပေါင်းမြက်ပြဿနာကို ကြိုတင်ဖြေရှင်းပါ။ ထွန်ရေးပြုပြင်စဉ်ကပင် မြက်ခေါင်း များ၊ အပင်အကြွင်းအကျန်များကို ပြောင်စင်အောင် ကောက်ယူရှင်းလင်းပစ်ပါ။ အခြောက်ထွန်ရေးဖြစ်ပါက ထွန်ရေးညက်ပါစေ။ အစိုတမန်းဖြစ်ပါက တမန်းကောင်း ပါစေ။ ပေါင်းမြက်ပေါက်ရောက်နိုင်မှု လျှော့နည်းစေရန် ရွာသွန်းသမျှမိုးရေကို သိုလှောင်ထားနိုင်ရေး ဆောင်ရွက်ရန်လိုပါသည်။
ပေါင်းမြက်ကာကွယ်နှိမ်နင်းနည်းစနစ် မှန်ပါစေ။ စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ခင်းများတွင် စိုက်ပြီးလျှင်ပြီးချင်း သို့မဟုတ် မျိုးစေ့ချပြီး ၃ ရက်အတွင်း ပက်ဖျန်းကာကွယ် နှိမ်နင်းရသည့် ပေါင်းသတ်ဆေး (Pre-emergence) ဖြစ်စေ၊ မျိုးစေ့ချပြီး တစ်ပတ်ခန့်အကြာ ပေါင်းမြက်ပင်များ ပေါက်ရောက်လာပြီး ပေါင်းမြက်ပင်များ အရွက်နှစ်ရွက်မှ သုံးရွက်ထွက်ပေါ်ချိန်တွင် ပက်ဖျန်းရသည့် ပေါင်းသတ်ဆေး(Post-emergence)ဖြစ်စေ အသုံးပြုနိုင်သည်။ ဆေးအမျိုးအစားအလိုက် မှန်ကန်စွာအသုံးပြုပါက ပေါင်းမြက်ကြောင့် စပါးအထွက်လျှော့နည်းနိုင်မှုကို ကာကွယ်နိူင်မည် ဖြစ်ပါသည်။
ဖြေရှင်းရန်နည်းလမ်း (ယာသီးနှံများ)
မိုးဦးကာလတွင် ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးပါ။ အကယ်၍ မိုးခေါင်မှုကြောင့် မည်သည့်ယာသီးနှံကိုမျှ စိုက်ပျိုးနိုင်လိုက်ခြင်းမရှိပါက မိုးလယ်ရာသီတွင် ယာသီးနှံတစ်မျိုးမျိုးကို စိုက်ဖြစ်အောင် စိုက်ပျိုးပါ။ ယာမြေတွင် မိုးရာသီအတွင်း သင့်တော်ရာ ယာသီးနှံတစ်မျိုးမျိုးကို အောင်မြင်အောင် စိုက်ပျိုးရန်ဖြစ်ပါသည်။
ယာမြေတွင် စိုက်ပျိုးသင့်သည့်သီးနှံများမှာ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ နေကြာ၊ ပဲပုပ်၊ မြေပဲ၊ ချည်မျှင်ရှည်ဝါ စသည်တို့ ဖြစ်ပါသည်။
စိုက်ပျိုးမည့်ယာသီးနှံမျိုးများသည် အလင်းရောင်တုံ့ပြန်မှုမရှိသည့် မျိုးများ ဖြစ်ရန်လိုသည်။ သို့မှသာ မျိုးအလိုက် သက်တမ်းရက်စေ့လျှင် ပွင့်သီးရင့်မှည့်မည်သာဖြစ်သည်။
ယာသီးနှံအလိုက် ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်သည့် အာဟာရ မြေသြဇာများ ဖြည့်တင်းခြင်းနှင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။
ဆင်းသီဟ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Soe Myint
အားလုံး