အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လေသန့်စင်ပေးနိုင်တဲ့ တိုက်ကပ်နွယ်ပင် (သို့မဟုတ်) အိုင်ဗီ

လေသန့်စင်ပေးနိုင်တဲ့ တိုက်ကပ်နွယ်ပင် (သို့မဟုတ်) အိုင်ဗီ

အင်္ဂလိပ်အမည် - English Ivy 

ရုက္ခဗေဒအမည် - Hedera helix

         အိုင်ဗီဆိုတာ အလွန်သန်စွမ်းပြီး အစိမ်းရောင်ရှိတဲ့ နွယ်ပင်တစ်မျိုး ဖြစ်ပါတယ်။ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့ မူရင်းဒေသကတော့ ဥရောပ မြောက်ပိုင်းနဲ့ အာရှ အနောက်ဘက်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ အချို့သော ရုပ်ရှင်ဇာတ်ကားတွေထဲမှာဆိုရင် တိုက်အိမ်ကြီးတွေမှာ မျက်နှာပြင်အပြည့် နွယ်တက်ပြီး ကပ်ပေါက်နေတာမျိုး တွေ့ဖူးကြမယ် ထင်ပါတယ်။ ဒါကြောင့် တိုက်ကပ်နွယ်ပင်လို့လည်း ခေါ်ဆိုကြပါတယ်။ အိုင်ဗီအပင်လေးတွေကို အလှဆင်ဖို့အတွက် မြေပေါ်မှာလည်းစိုက်ပျိုးနိုင်သလို ကျောက်တုံးတွေ၊ နံရံတွေ၊ ခြံစည်းရိုးတွေ ပေါ်မှာလည်း စိုက်ပျိုးနိုင်ပါတယ်။ အိုင်ဗီပင်လေးတွေကို အိမ်တွင်းအလှစိုက်အပင်တွေအနေနဲ့လည်း လူကြိုက်များကြပါတယ်။ အိမ်တွင်းမှာဆိုရင် ခြင်းလေးတွေနဲ့ချိတ်ဆွဲပြီး စိုက်ပျိုးနိုင်ပါတယ်။ အိုင်ဗီအပင်လေးတွေဟာ အများဆုံး ပေ ၁၀၀ လောက်အထိကို ရှည်လျားကြီးထွားနိုင်ပါတယ်။ အိုင်ဗီပင်လေးတွေ ကျန်းမာပြီး ရှင်သန်ကြီးထွားဖို့အတွက် အေးမြပြီးစိုထိုင်းတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။ 

အလင်းရောင် 

         အိုင်ဗီအပင်လေးတွေကို အလင်းရောင်ကောင်းကောင်း ရတဲ့နေရာမျိုးမှာ ထားပေးဖို့လိုအပ်ပါတယ်။ နွေရာသီလို ကာလမှာတော့ ပူပြင်းတဲ့အချိန် နေရောင်နဲ့ အချိန်ကြာမြင့်စွာ တိုက်ရိုက် မထိတွေ့စေဖို့ သတိထားရပါမယ်။ 

မြေအမျိုးအစား 

          မြေဆီသြဇာကောင်းမယ်၊ အစိုဓာတ်ရှိမယ်၊ ရေစိမ့်ဝင်မှု ကောင်းမယ်ဆိုရင်တော့ အပင်လေးတွေအတွက် သင့်တော်ပါတယ်။ အိမ်အပြင်မှာ စိုက်ပျိုးထားမယ်ဆိုရင် ပူပြင်းခြောက်သွေ့တဲ့ကာလမှာ မြေအစိုဓာတ်ရှိပြီးအေးမြနေဖို့ မြေဖုံးတာမျိုးလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ အိမ်တွင်းမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ပွပြီး ရေဆင်းကောင်းတဲ့ မြေမျိုးနဲ့ စိုက်ပေးသင့်ပါတယ်။ မြေချဥ် ငံဓာတ် ၆ မှ ၇.၈ အတွင်းဟာ အိုင်ဗီအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ 

ရေလိုအပ်ချက် 

         အစိုဓာတ်ကြိုက်တဲ့ အပင်လေးတွေမို့ အိုးနဲ့စိုက်ပျိုးမယ်ဆိုရင်တော့ ၃ - ၄ ရက်ကို တစ်ကြိမ်ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ ရေဝပ်တာမျိုးကိုတော့ မကြိုက်နှစ်သက်ပါဘူး။ 

အပူချိန်နဲ့ စိုထိုင်းဆ 

          အိမ်အပြင်မှာ စိုက်ပျိုးမယ်ဆိုရင် အပူ အအေးမျှတတဲ့ နေရာမျိုးဟာ သင့်တော်ဆုံးဖြစ်ပါတယ်။ အစိုဓာတ်ကြိုက်တဲ့ အပင်လေးတွေ ဖြစ်ပေမယ့် စိုထိုင်းဆ အရမ်းမြင့်နေမယ်ဆိုရင် အမြစ်ပုပ်တာမျိုးတွေနဲ့ ဘက်တီးရီးယား ရွက်ပြောက်ရောဂါလိုမျိုးတွေ ကျရောက်နိုင်ပါတယ်။  အိမ်အတွင်းမှာ စိုက်ပျိုးမယ်ဆိုရင် ညဘက်အေးတဲ့ အခြေအနေမျိုးကို နှစ်သက်ပါတယ်။ နွေရာသီလို ကာလမျိုးမှာတော့ စိုထိုင်းဆရှိနေဖို့ ချိန်ဆပြီး ရေမကြာခဏပေးဖို့ လိုအပ်ပါတယ်။ 

မြေသြဇာ 

           အပင်ရဲ့ သဘာဝအရ ကျန်းမာသန်စွမ်းတာမို့ မြေသြဇာကျွေးဖို့ အနည်းငယ်သာ လိုအပ်ပါတယ်။ နွေဦးရာသီ အစောပိုင်းလောက်မှာ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝတဲ့ မြေသြဇာမျိုး ကျွေးနိုင်ပါတယ်။ နွေရာသီနဲ့ မိုးရာသီတို့မှာလည်း တစ်ကြိမ်စီ ကျွေးလို့ရပါတယ်။ ဆောင်းရာသီမှာ မြေသြဇာကျွေးတာမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ 

အိုးလဲပေးခြင်း 

           အိမ်အတွင်းမှာ စိုက်ပျိုးတဲ့ အပင်လေးတွေဆိုရင် တစ်နှစ်တစ်ကြိမ် အိုးလဲပေးတာမျိုး မြေအသစ်လဲပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အပင် ကြီးထွားလာတဲ့ အရွယ်အစားပေါ်မူတည်ပြီး အိုးအရွယ်အစားနဲ့ အပင်ထားရှိမယ့်နေရာကိုလည်း ရွေးချယ်ပေးသင့်ပါတယ်။  

အပင်ပွားယူခြင်း 

         အိုင်ဗီပင်လေးတွေကို ပင်စည်ကနေဖြတ်ပြီး အပင်အသစ် ပွားယူနိုင်ပါတယ်။ ၄ လက်မမှ ၅ လက်မ ရှိတဲ့ အပိုင်းတွေကို ဖြတ်ပြီး အမြစ်ကောင်းကောင်းထွက်တဲ့အထိ ရေထဲမှာစိမ်ထားပြီး အမြစ်တွေထွက်လာပြီဆိုရင် မိမိစိုက်ပျိုးမယ့် အိုးထဲထည့်စိုက်နိုင်ပြီ ဖြစ်ပါတယ်။ 

အပင်မျိုးများ 

         Hedera အမျိုးအစားထဲမှာဆိုရင် မျိုးစိတ်ပေါင်း ၁၅ ခုခန့်ရှိပါတယ်။ H. helix ဆိုတဲ့အမျိုးအစားကတော့ အိုင်ဗီစိုက်ပျိုးသူတွေကြား ကြိုက်နှစ်သက်တဲ့ အပင်အမျိုးအစား ဖြစ်ပါတယ်။ အရွက်ပေါ်မှာ ရှိနေတဲ့ အကွက်ပုံစံ ပေါ်မူတည်ပြီး အပင်မျိုးတွေပေါ် ကြိုက်နှစ်သက်မှု ကွဲပြားကြပါတယ်။ 

ပိုးမွှားနှင့် ရောဂါ 

        ပျပိုး၊ မွှားပင့်ကူနီ စတဲ့ပိုးတွေ အဓိက ကျရောက်လေ့ရှိပါတယ်။ တမာပိုးသတ်ဆေးလိုမျိုး သဘာဝပိုးသတ်ဆေးတွေနဲ့ ကာကွယ်နိုင်ပါတယ်။ အိုင်ဗီပင်လေးတွေမှာ အဆိုးရွားဆုံးကျရောက်တတ်တဲ့ ရောဂါကတော့ ဘက်တီးရီးယားရွက်ပြောက်ရောဂါနဲ့ အမြစ်ပုပ်ရောဂါတွေပဲဖြစ်ပါတယ်။  

       အိုင်ဗီအပင်လေးတွေဟာဆိုရင် NASA (အမေရိကန်အာကာသ အေဂျင်စီ) ရဲ့ လေ့လာချက်တွေ့ရှိချက်များအရ အိမ်အတွင်းမှာ ရှိတဲ့ လေထုရဲ့ ညစ်ညမ်းမှုကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင် လေထုထဲမှာ ရှိနေတဲ့ formaldehyde, benzene, နဲ့ trichloroethylene တို့လို အဆိပ်ဓာတ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အိမ်မှာ တစ်နိုင်တစ်ပိုင်လေး စိုက်ပျိုးကြည့်ဖို့ အကြံပြုလိုက်ရပါတယ်...

ကိုးကားချက် 

- https://www.thespruce.com/grow-english-ivy-1902763  

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။