အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေပဲတွင်ကျရောက်ဖျက်ဆီးသော ဖိုးလမင်း

မြေပဲတွင်ကျရောက်ဖျက်ဆီးသော ဖိုးလမင်း

Soe Myint
Soe Myint • Greenovator • 25/06/2020

    မြေပဲပင်သည် သဘာဝအားဖြင့် ပိုးမွှားဒဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်စွမ်းရှိ သည်။ ပိုးမွှားကြောင့် မြေပဲအထွက်နှုန်း များစွာလျော့နည်းသည်ဆိုတာ ရှားသည်။ အကြောင်းမှာ မြေပဲအရွက်နှင့် အတောင့်တို့တွင် ပိုးမွှားမကြိုက်နှစ်သက်သော ဓာတုပစ္စည်းများရှိနေခြင်းကြောင့် ဖြစ်သည်။ မြေပဲရွက်မျက်နှာပြင်ပေါ်တွင် အမွှေးများရှိသောကြောင့်လည်း ပိုးမွှားကျရောက်မှု နည်းခြင်းဖြစ်သည်။ သို့သော် မြေပဲမျိုးအလိုက် ခံနိုင်စွမ်းရည်ကွာခြားသဖြင့် ပိုးမွှားအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့တော့ လိုပါသည်။

    မြေပဲပင်မှာ ကျရောက်ဖျက်ဆီးတာက ဖိုးလမင်းကျိုင်း၊ ခြ၊ မြေပဲရွက်ထွင်းပိုး (မြေပဲရွက်ကပ်ပိုး)နှင့် မြေပဲပျပိုး စသည်တို့လို့ သိရသည်။ အဆိုပါပိုးမွှားများအနက် ဖိုးလမင်းအကြောင်း ပြောလိုသည်။ ဖိုးလမင်းဆိုတာ ကောင်းကင်က ‘လ’ မဟုတ်ပါ။ လူ၏လက်မအရွယ်ခန့်ရှိသည့် ဖိုးလမင်းပိုးတုံးလုံးကို ပြောလိုခြင်းဖြစ်သည်။ မြေပဲစိုက်ခင်းတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားတစ်မျိုးဖြစ်ပါသည်။ 

    မြေပဲစိုက်ခင်းတစ်ခုသို့ရောက်စဉ် ယာသမားကြီးတစ်ဦးက ဖိုးလမင်းအကြောင်း စတင်စူးစမ်းသဖြင့် အပြန်အလှန် အမေးအဖြေတွေ ပြုလုပ်မိပါသည်။

“မြေပဲပင်သက်တမ်းတစ်လျှောက်လုံး အပင်ကြီးထွားမှုအဆင့်တိုင်းမှာ ဖျက်ဆီးလေ့ရှိပါတယ်”

“မြေပဲခင်းမှာ အကွက်လိုက် အပင်တွေသေနေတယ်။ မသေဘဲကျန်တဲ့အပင်တွေက ပုတိုပြီး ညှိုးနွမ်းနေတယ်။ မြေကြီးထဲ တူးဖေါ်ကြည့်တော့ ဖိုးလမင်းကောင်တွေကို တွေ့ရတယ်။ အမြစ်တွေကို ဖြတ်တောက်စားထားတယ်။ မြေပဲအတောင့်တွေကိုလည်း ကိုက်ဖြတ်ဖျက်ဆီးထားတယ်”

ရေသောက်မြစ်ကို အဓိကထား၍ ကိုက်ဖြတ်စားသောက်လေ့ရှိသောကြောင့် အပင်ပုခြင်း၊ ဝါခြင်း၊ ညှိုးခြင်း၊ အပင်သေခြင်းတို့ကို ဖြစ်စေသည်။ ယာသမားကြီးက မေးလာသည်။

“အဲဒီ ဖိုးလမင်းပိုးတုံးလုံး ဘယ်ကလာတာလဲ”

“ကျိုင်းကောင်က လာတာဖြစ်ပါတယ်။ ကျိုင်းကောင်ဆိုတာ ဖိုးလမင်းရဲ့ အကောင်ကြီးဘဝပါ။ နှမ်းပင်မှာကျတဲ့ နှမ်းကျိုင်းနက်နှင့် အတူတူဖြစ်တယ်လို့ သိရပါတယ်။ ကျိုင်းကောင်ရဲ့ လက်ခံပင်တွေကတော့ နှမ်း၊ မြေပဲ၊ ချဉ်ပေါင်၊ မြက်ပင်၊ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်”

    နှမ်းပင်အရွက်များကို ကျိုင်းကောင်တွေက ကိုက်ဖြတ်ဖျက်ဆီးသည်။ ဆိုးရွားစွာကျရောက်ပါက အရွက်ရိုးတန်သာကျန်သည်အထိ ဖျက်ဆီးတတ်သည်။ ပထမဦးဆုံး မိုးဖွဲဖွဲ ရွာပြီးကာစတွင် များပြားစွာ အစုလိုက် ကျရောက်ဖျက်ဆီးလေ့ရှိသည်။ များသောအားဖြင့် ညနေပိုင်းတွင် စားသောက်ဖျက်ဆီးတတ်သည်။ ပိုးတုံးလုံးများသည် အမြစ်များကို ကိုက်ဖြတ်စားတတ်သဖြင့် ဆိုးရွားစွာကျရောက်ပါက အပင်များသေကြေနိုင်ကြောင်း သိရပါသည်။ 

“ကျိုင်းကောင်ပိုးမဟာ မြေထဲတိုးဝင်ပြီး ဥတွေကို အစုအပြုံအလိုက်အုတယ်။ အဖြူရောင်ပိုးလောက်ကောင်ငယ်လေးတွေ ပေါက်လာတယ်။ တဖြည်းဖြည်းအရွယ်ရောက်လာတော့ ဖိုးလမင်းပိုးတုံးလုံးဖြစ်လာတာပါ”

    ဖိုးလမင်းပိုးသည် တစ်နှစ်ဖျက်ဆီးခံရလျှင် နောင်နှစ်တွေမှာလည်း ဆက်လက်ကျရောက်တတ်သည်။ မြေပဲခင်းအနီးရှိ တမာပင်၊ ထနောင်းပင် စသည့်အပင်တို့မှ အရွက်များကို စားသောက်နေထိုင်သောကြောင့် ဖြစ်သည်။ ဘဝစက်ဝန်း မပြတ်ပါ။ ပိုးတုံးလုံးနှင့် အကောင်ကြီးဘဝ ဆက်ခါဆက်ခါဖြစ်နေပါသည်။ 

   သို့ဖြစ်၍ ယာသမားကြီးကို ဖိုးလမင်းကာကွယ်နှိမ်နင်းရေး ဤသို့အကြံပြု ပြောကြားလိုက်ပါသည်။

၁။ မြေပဲနှုတ်သိမ်းပြီးသည်နှင့် စိုက်ခင်းကို ထယ်ရေးနက်နက်ထိုးပါ။ ထယ်ရေးနက်နက်ထိုးခြင်းဖြင့် မြေပေါ်သို့ပေါ်လာသော ဖိုးလမင်းများကို ငှက်များ စားသောက်စေရန်နှင့် ပိုးရုပ်ဖုံးများကိုလည်း ပျက်စီးစေရန် ဖြစ်ပါသည်။

၂။ ဖိုးလမင်းဘဝမဖြစ်မီ ကျိုးကောင်ဘဝတွင် ကျရောက်ဖျက်ဆီးတတ်သော တမာပင်၊ ထနောင်းပင်များကို သင့်တော်သည့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းပါ။

၃။ မြေပဲမျိုးစေ့ကို သင့်တော်ရာပိုးသတ်ဆေးရည်တွင် ရောမွှေခြင်း၊ စိုက်မြောင်းထဲသို့ သင့်တော်ရာပိုးသတ်ဆေး ထည့်ပေးခြင်းတို့ ပြုလုပ်ပါ။

၄။ မြေပဲစိုက်ခင်းပတ်လည်တွင် အမြစ်ဖွာရှိသော နှံစားပြောင်း၊ ဆတ်တို့ကဲ့သို့ အပင်များစိုက်ထားပါ။ အကြောင်းမှာ ထိုအပင်တို့၏အမြစ်များကို ဖိုးလမင်း မကိုက်ဖြတ်နိုင်ပါ။ ထိုအမြစ်များအကြားတွင် ဖိုးလမင်းများ ခိုအောင်းနေသဖြင့် မြေပဲပင်များတွင် ကျရောက်မှုသက်သာစေရန် ဖြစ်ပါသည်။

ဆင်းသီဟ

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။