မျိုးသုဉ်းနိုင်ခြေရှိတဲ့ ပိုးစုန်းကြူးလေး မီးလင်းရတဲ့ လျှို့ဝှက်ချက်
ပိုးစုန်းကြူးလို့ ပြောလိုက်တာနဲ့ ကျနော်ထင်ပါတယ်.. တော်တော်များများက ငယ်ဘဝကို အမှတ်ရသွားကြပါလိမ့်မယ်။ ညနေတစောင်း မှောင်ရီပျိုးပြမှာ ပိုးစုန်းကြူး တစ်ကောင်စ နှစ်ကောင်စ မြင်လိုက်မိရင်လဲ အရင်တုန်းက အချိန်တွေကို ပြန်လွမ်းကောင်း လွမ်းမိကြပါလိမ့်မယ်။ ကြီးပျင်းလာတဲ့တလျှောက် ရံဖန်ရံခါမှ ရှားရှားပါးပါး တွေ့ရတော့တဲ့ ပိုးစုန်းကြူးကို ကျနော်တို့ ငယ်စဉ်ဘဝက ပေါပေါများများ မြင်တွေ့ခဲ့ကြဖူးပါတယ်။ ကလေးဘဝတုန်းကဆိုရင် မှိတ်တုပ် မှိတ်တုပ် ပိုးစုန်းကြူးငယ်လေးတွေကို မြင်တိုင်း အထူးတဆန်း ငေးမောဖူးကြပါလိမ့်မယ်။ အပြေးအလွှား လိုက်လံဖမ်းဆီးဖို့ ကြိုးစားဖူးကြပါလိမ့်မယ်။ မိသွားတဲ့အချိန်ကျရင်လည်း တလက်လက်နဲ့ ဖြစ်နေတဲ့ ပိုးစုန်းကြူး နောက်မြီးပိုင်းလေးကို ကြည့်ရင်း ဘာကြောင့် မီးလင်းနေရတာပါလဲလို့ တအံ့တသြ တွေးဖူးကောင်း တွေးဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ မိတ်ဆွေတို့ တွေးဖူးတဲ့ အကြောင်းအရာလေး အပါအဝင် ပိုးစုန်းကြူးတွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာလေးတွေကို ပြောပြချင်ပါတယ်။
ပိုးစုန်းကြူးဆိုတာ ပျံသန်းနိုင်တဲ့ အင်းဆက်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပိုးစုန်းကြူးမျိုးစိတ်ပေါင်း ၂၀၀၀ကျော် ရှိပြီးတော့ အာရှနဲ့ အာဖရိက တိုက်တွေရဲ့ စိုစွတ်တဲ့ ဒေသတွေမှာ တွေ့ရများပါတယ်။ မြန်မာနိုင်ငံမှာလိုဆိုရင်တော့ မြစ်ကမ်းပါးတွေ စပါးခင်းလိုနေရာမျိုးတွေမှာ အများဆုံး ကျက်စားတတ်ပါတယ်။ အရွယ်မရောက်ခင် ပိုးလောင်းကောင် အဆင့်မှာ ခရု၊ တီကောင်နဲ့ အင်းဆက်ငယ်တချို့ကို စားကြပြီးတော့ မျိုးစိတ်တော်တော်များများကတော့ အရွယ်ရောက် အကောင်ဘဝမှာ ဘာမှ မစားကြတော့ပါဘူး။ တချို့မျိုးစိတ်တွေလောက်သာ ဝတ်မှုန်နဲ့ ဝတ်ရည်တွေကို စားသုံးတတ်ကြပါတယ်။

ပိုစုန်းကြူးတွေ မီးလင်းရတဲ့အကြောင်းကို ပြောရမယ်ဆိုရင် မိတ်လိုက်ဖို့အတွက် အချက်ပြကြတာပါ။ မီးဘယ်လိုလင်းလဲ ဆိုရင်တော့ သူတို့ရဲ့ အမြီးပိုင်းထဲက ဆဲလ်တွေထဲမှာ လူစီဖာရင်(Luciferin) လိုခေါ်တဲ့ ထူးခြားတဲ့ ဓာတုပစ္စည်းလေးတစ်ခုပါ ပါတယ်။ ဒီဓာတုပစ္စည်းလေးက အောက်ဆီဂျင်နဲ့ ဓာတ်ပြုသွားတဲ့အခါမှာ ကျနော်တို့ မြင်နေရတဲ့ မှိတ်တုပ် မှိတ်တုပ် အလင်းရောင်လေး ထွက်ပေါ်လာပါတယ််။ ဒီအလင်းရောင်လေးက စွမ်းအင်ကနေ အလင်းကို ၁၀၀ %နီးပါး ပြောင်းနိုင်တဲ့ ဖြစ်စဉ်ဖြစ်ပြီးတော့ အပူထုတ်လွှတ်မှု မရှိပါဘူး။ နှိုင်းယှဉ်ပြီးပြောရရင် လူလုပ် မီးလုံးတွေက စွမ်းအင်ကို အလင်းရောင်အဖြစ် ၁၀ % ပဲ ပြောင်းနိုင်ပြီးတော့ ၉၀% နှုန်းလောက်က အပူအဖြစ် ဆုံးရှုံးသွားရပါတယ်။ LED မီးဆိုရင်တော့ ၄၀% အလင်းအဖြစ်ပြောင်းပြီး ၆၀ % ဝန်းကျင် အပူအဖြစ် ဆုံးရှုံးပါတယ်။ မှိတ်တုပ် မှိတ်တုပ် အလင်းရောင်လေးအကြောင်း ပြန်ဆက်ရရင် ဒီအလင်းရောင်လေးက ပရမ်းပတာ လက်ချင်တိုင်းလက်နေတာမျိုး မဟုတ်ပါဘူး။ သူ့တို့ရဲ့မျိုးစိတ်ကို လိုက်ပြီး တမူထူးခြားတဲ့ အချက်ပြပုံစံတွေ ရှိပါတယ်။ ဒီမှိတ်တုပ် မှိတ်တုပ် မီးလေးက အချင်းချင်းဆက်သွယ်တဲ့ ဘာသာစကားလို့ ဆိုရမှာပါ။ မိတ်လိုက်ရာသီမှာဆိုရင် အထီးလုပ်တဲ့ကောင်က မြေပြင်နဲ့ ခပ်နိမ့်နိမ့်မှာ ကပ်ပျံပြီး မှိတ်တုပ် မှိတ်တုပ် မီးလေးနဲ့ အချက်ပြပါတယ်။ ပိုးစုန်းကြူးအမက မြက်ပင်တွေ သစ်ရွက်တွေကြားမှာ နားနေပြီး သူတို့သဘောကျတဲ့ မျိုးစိတ်တူ အထီးကောင်ကို တွေ့ရင် မှိတ်တုပ် မှိတ်တုပ် မီးလေးနဲ့ အချက်ပြန်ပြပါတယ်။ ဒီနည်းနဲ့ပဲ မိတ်လိုက်ပြီး မျိုးပွားကြပါတယ်။
ဒီနေရာမှာ တစ်ချက်မေးခွန်းထုတ်စရာရှိတာက ဒီမှိတ်တုပ် မှိတ်တုပ် အလင်းရောင်ကြောင့် အင်းဆက်စားတဲ့ အကောင်ပလောင်တွေဖြစ်တဲ့ ဖားနဲ့ ညဖက်ထွက်တဲ့ ငှက်တချို့က ပိုးစုန်းကြူးတွေကို အလွယ်တကူ မြင်နိုင်ပြီး ဖမ်းယူစားသောက်တာမျိုး မလုပ်ဘူးလားဆိုတာပါ။ ဟုတ်ပါတယ်.. မစားပါဘူး။ ဝေးဝေးကနေတောင် ရှောင်သွားပါသေးတယ်။ ပိုးစုန်းကြူးတွေမှာ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတစ်မျိုး(lucibufagins) ပါရှိပါတယ်။ ဒီကောင်က ခါးတဲ့ အရသာရှိပြီးတော့ အော့အန် စေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ဆိုတော့ ဒီမှိတ်တုပ် မှိတ်တုပ်မီးလေးက အင်းဆက်စားကောင်တွေအတွက် “ဝေးဝေးရှောင် ဝေးဝေးရှောင်” ဆိုတဲ့ သတိပေး သင်္ကေတလိုမျိုး ဖြစ်နေတာပါ။
နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ တခြားအကောင်တွေက ပိုးစုန်းကြူးကို မစားကြပေမဲ့ တချို့သော ပိုးစုန်းကြူးတွေကတော့ မျိုးစိတ်မတူတဲ့ ပိုးစုန်းကြူးတွေကို စားကြတာမျိုးရှိပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဖော့တူရစ်(Photuris)မျိုးစိတ် ပိုးစုန်းကြူးမတွေဟာ တခြားမျိုးစိတ်က ပိုးစုန်းကြူးအထီးတွေကို အယောင်ဆောင်အချက်ပြမှုတွေ ပေးပါတယ်။ အချက်ပြမှုရတဲ့ ပိုးစုန်းကြူးအထီးတွေက သူတို့နဲ့မျိုးစိတ်တူပိုးစုန်းကြူးအမ ထင်ပြီး မိတ်လိုက်ဖို့ သွားတဲ့အခါမှာ ဖမ်းစားခံရပါတော့တယ်။ ဖော့တူရစ်(Photuris) ပိုးစုန်းကြူးမတွေဟာ ဒီအထီးကောင်တွေရဲ့ အသားကိုစားပြီး ကိုယ်ပေါ်က အဆိပ်ရှိဓာတုပစ္စည်းကို စုဆောင်းကြပါတယ်။ ဒီနေရာမှာ စကားချပ်အနေနဲ့ ပိုးစုန်းကြူးအထီးတွေလို ဟန်ဆောင်အချက်ပြမှုတွေကို မယုံစားမိဖို့ စာဖတ်သူ မိတ်ဆွေတို့ကို အကြံပေးလိုက်ပါရစေ။
နိဂုံးချုပ်အနေနဲ့ပြောရရင် ချစ်စရာ စိတ်ဝင်စားစရာကောင်းတဲ့ ဒီမှိတ်တုပ် မှိတ်တုပ်အကောင်လေးတွေဟာ ခေတ်မီတိုးတက်လာတာနဲ့အမျှ ရှားပါးလာပါပြီ။ နေထိုင်ကျက်စားရာဒေသ နည်းပါးလာတာ စိုက်ပျိုးရေးအတွက် ဓာတုပိုးသတ်ဆေးတွေ အသုံးပြုမှု များပြားလာတာနဲ့ လူလုပ်လျှပ်စစ်မီးတွေဟာ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
ရှားပါးလာတာ ဘာဖြစ်လဲ.. ဘာကြောင့်ထိန်းသိမ်းသင့်သလဲ ဆိုရင်တော့ အမြင်သာဆုံးအချက်ကို ပြောရရင် ဒီကောင်လေးတွေက အရေးကြီးတဲ့ အစာကွန်ယက်မှာ ပါဝင်နေလို့ပါပဲ။ သားလောင်းကောင်အဆင့်မှာ ခရု၊ တီကောင် နဲ့ အင်းဆက်တချို့ကိုစားသလို ပိုးစုန်းကြူးဥနဲ့ သားလောင်းကောင်လေးတွေဟာ ငှက်တွေ၊ ဖားတွေ၊ ပုရွက်ဆိတ်တွေအတွက် အစာတွေပဲဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အရွယ်ရောက်ပိုးစုန်းကြူးတွေကိုတော့ စားလေ့မရှိပါဘူး။ စားခဲပါတယ်။ ပိုးစုန်းကြူးတွေဟာ ညစ်ညမ်းတဲ့ သဘာဝပတ်ဝန်းကျင်ကို ခံနိုင်ရည် မရှိကြတာမို့ ပိုးစုန်းကြူးတွေ အများအပြား မြင်တွေ့ရရင် ကျန်းမာတဲ့ သဘာဝပတ်ဝန်းကျင်လို့ သတ်မှတ်နိုင်ပါတယ်။
ဒါတွေအပြင် သဘာဝထဲမှာ မျိုးစိတ်တစ်ခုပျက်စီးပျောက်ကွယ်သွားရင် မမြင်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိလာနိုင်တဲ့အတွက်ကြောင့် ဘယ်မျိုးရင်းမျိုးစိတ်မဆို ပျက်စီးပျောက်ဆုံးမသွားအောင် ထိန်းသိမ်းကာကွယ်သင့်ကြောင်း တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။ အားလုံးပဲ ဘေးရန်ကင်းရှင်းကြပါစေ ခင်ဗျာ။
ကိုးကား : National Geographic
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မင်းဇော်
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါခင်ဗျ
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Thu Ra Nyi Nyi
အားလုံး