သမိုင်းအစဉ်အလာကြီးတဲ့ ငရုတ်သီး
ကျနော်တို့ မြန်မာတွေဆိုတာ အင်မတန်အစပ်ကြိုက်တဲ့ လူမျိုးဗျ။ အစပ်ကလေးမှ မပါရင် ထမင်းမမြိန်တတ်ကြသူတွေ။ ဟင်းချက်တဲ့ထဲမှာ ငရုတ်သီးမပါရင်တောင်မှ အတောင့်ကို ရေဆေး၊ ဆားလေးနဲ့တို့ပြီး ထမင်းနဲ့ လွေးတတ်ကြတယ်။ တောသူတောင်သားတွေလည်း အစပ်ကြိုက်သလို မြို့ကြီးသားတွေလဲ အစပ်ကြိုက်ကြတယ်။ ဒီလိုအနယ်နယ်အရပ်ရပ်က မြန်မာ့ထမင်းဝိုင်းတွေမှာ မပါမဖြစ် ငရုတ်သီးဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀လောက်က မြန်မာပြည်မှာ လုံးဝမရှိခဲ့ဘူးဆိုရင် ယုံနိုင်ပါ့မလား။ တကယ်ပါ။ အာရှမှာပါ မရှိခဲ့သလို ဥရောပ အာဖရိကမှာပါ မရှိခဲ့ပါဘူး။ ဆိုတော့ ဘယ်ကများရောက်လာတာပါလိမ့်။ ကျနော်တို့တွေကကော ဘာလို့များ အရမ်းကြိုက်နေမိကြတာပါလိမ့်။
ငရုတ်သီးတွေရဲ့ ဇာတိမြေဟာ အမေရိကတိုက်ပဲ ဖြစ်ပါတယ်။ ယခုခေတ် ပီရူး၊ မက္ကဆီကိုနဲ့ ဘိုလီဗီးယားနိုင်ငံ တည်နေရာက လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ နီးပါးလောက်ကတည်းက ငရုတ်သီးကို စစားနေကြပြီပဲ ဖြစ်ပါတယ်။ သီးနှံအနေနဲ့ စတင်ပြီးစိုက်ပျိုးခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ် ၅၀၀၀ခန့်ကပါ။ အမေရိကတိုက်က ယဉ်ကျေးမှုမြင့်မားတဲ့ အက်စတက်၊ မာယာနဲ့ အင်ကာလူမျိုးတွေအတွက် ငရုတ်သီးဟာ အရေးပါတဲ့ ဟင်းခတ်အမွှေးအကြိုင်ပဲ ဖြစ်ပါတယ်။ ဒီလူမျိုးတွေဟာ ငရုတ်သီးကို ဟင်းချက်ရာမှာသာမက ဆေးဝါးနဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းပွဲတွေမှာပါ ပုံစံမျိုးစုံနဲ့ သုံးခဲ့ကြပါတယ်။
ဗဟုသုတအနေနဲ့ ထည့်ပြောရရင် ငရုတ်သီးတင်မကပဲ အာလူး၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ခရမ်းချဉ်စတဲ့ သီးနှံတွေကလဲ အင်ကာနဲ့ မာယာလူမျိုးတွေရဲ့ လယ်ယာစိုက်ပျိုးရေးကနေ ဆင်းသက်လာခဲ့ကြတာပါ။ ဆိုလိုချင်တာက အထက်ပါသီးနှံတွေဟာ အမေရိကမှာ အစပြုခဲ့တာဖြစ်ပြီးတော့ ဥရောပနဲ့ အာရှကို နောက်မှ ရောက်လာခဲ့ကြတာပါ။
အမေရိကတိုက်က ငရုတ်သီးတွေ ကမ္ဘာတဝှမ်း ပျံ့နှံလာပုံကို ပြောရမယ်ဆိုရင်တော့ ၁၅ ရာစုနှောင်းပိုင်းကို တချက်ပြန်သွားရလိမ့်မယ်ဗျ။ ကျနော်တို့ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့အတိုင်း အာရှနဲ့ ဥရောပရဲ့ အဓိက ကုန်သွယ်ရေးအသက်သွေးကြောဖြစ်တဲ့ ပိုးလမ်းမကြီး ပိတ်သွားတဲ့အခါမှာ ဥရောပသားတွေက ရေကြောင်းခရီးလမ်းတွေကို စွန့်စားရှာဖွေကြပါတယ်။ ဒီထဲကမှ အီတလီလူမျိုး ကိုလံဘတ်ဟာ ကမ္ဘာကြီးက လုံးဝန်းတာကြောင့် အနောက်မြောက်စူးစူးကို ရွက်လွှင့်ရင် အရှေ့အာရှကိုရောက်လိမ့်မယ်လို့ ယူဆခဲ့ပါတယ်။ သူ့အယူအဆအတိုင်း ရေကြောင်းရွက်လွှင့်ရာမှ ၁၄၉၂ခုနှစ်မှာ အမေရိကတိုက်ကို ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ ဒီလို ရေလမ်းခရီးပေါက်ပြီး နောက်ပိုင်းမှာတော့ ပေါ်တူဂီကုန်သည်တွေကတဆင့် ငရုတ်သီးဟာ ဥရောပ၊ အာဖရိကနဲ့ အာရှကို ပြန့်နှံခဲ့ပါသည်ပေါ့။
မြန်မာနိုင်ငံကို ဘယ်ချိန်လောက်ရောက်လဲ တိတိကျကျ မသိရပေမဲ့ ဝန်ကြီးပဒေသရာဇာရဲ့ နွေဦးကာလမြူထသောခါ တျာချင်းမှာပါတဲ့ “အိုးကင်းနဲ့ လှော်ရေနဲ့ကြော်၊ မိုးမျှော်ငရုတ်သီးငယ်နှင့်လေး” ဆိုတဲ့ စာသားအရ ၁၈ ရာစု အစောပိုင်း၊ ညောင်ရမ်းခေတ်နှောင်းပိုင်းကတည်းက ငရုတ်သီးဟာ မြန်မာ့ထမင်းဝိုင်းတွေမှာ တွင်တွင်ကျယ်ကျယ် ပါဝင်နေကြပြီလို့ ယူဆရပါတယ်။ ဝန်ကြီးတွေ ခေတ်တွေ အကြောင်းပြောရင်း ရယ်စရာတွေးမိတာက ဟင်းခွက် ၃၀၀ ပြည့်မှ ပွဲတော်တည်တယ်ဆိုတဲ့ ပုဂံခေတ်က နရသီဟပတေ့တောင် ငရုတ်သီးစပ်စပ် အရသာကို မမြည်းကြည့်ဖူးလိုက်ဘူး ဆိုတာပါပဲ။

ဟုတ်ပြီ.. သမိုင်းကြောင်းပြီးပြီဆိုတော့ သိပ္ပံကြောင်းလေး ဆက်သွားလိုက်ကြရအောင်။
ငရုတ်သီးမှာ စပ်စေတဲ့ အရာက ကပ်ဆိုက်စင်(capsaicin) ဆိုတဲ့ ဓာတုဒြပ်ပေါင်းဗျ။ ဒီကောင်က ငရုတ်သီးစေ့နဲ့ထိနေတဲ့ ငရုတ်သီးအတွင်းသားမှာ ပျော်ဝင်နေတာ။ ဒီဒြပ်ပေါင်းက လူရဲ့ လျှာခံတွင်းနဲ့ အရေပြားမှာရှိတဲ့ နာ့ဗ်ကြောတွေပေါ်က TRPV1 လို့ခေါ်တဲ့ အာရုံခံကိရိယာလေးတွေနဲ့ အတွေ့မှာ ပူစပ်ပူလောင် ခံစားသွားရစေတာ။
စကားမစပ် ထူးခြားတာလေးတခု ထည့်ပြောရရင် ငှက်တွေရဲ့ TRPV1က လူအပါအဝင် တခြားနို့တိုက်သတ္တဝါတွေနဲ့ မတူတာမို့လို့ ငရုတ်သီးဘယ်လောက်စားစား မစပ်ပါဘူးတဲ့။
ပြန်ဆက်ရရင် လူတွေ အစပ်အရသာကို ကြိုက်ရတဲ့ အကြောင်းကလဲ စိတ်ဝင်စားဖို့ အကောင်းသားပါပဲ။ အပေါ်မှာ ကျနော်ပြောခဲ့တဲ့ ကပ်ဆိုက်စင်ဒြပ်ပေါင်းက TRPV1ကို သွားလှုံ့ဆော်မိလိုက်တဲ့အခါ အာရုံကြောတွေက “ပူလောင်နေပါပြီ၊ နာကျင်နေပါပြီ” ဆိုတဲ့ သတင်းစကားကို ဦးနှောက်ဆီကို သွားပို့လိုက်တယ်ဆိုပဲ။ ရုပ်ပိုင်းဆိုင်ရာ တကယ်ကြီး နာကျင်သွားတာ ပျက်စီးသွားတာ မဟုတ်ဘူးနော်။ နာကျင်တဲ့ ခံစားချက်ကို ရစေတာ။ အဲဒီမှာ ဦးနှောက်ကနေ နာကျင်မှုတွေ သက်သာပါစေဆိုပြီး သဘာဝအကိုက်အခဲပျောက်ဆေး အင်ဒိုဖင် (Endorphin) နဲ့ သာယာမှုတွေပေးတဲ့ ဒိုပါမင်း(Dopamine) ဟော်မုန်းတွေကို ထုတ်ပေးလိုက်တာ။ ဒါနဲ့ပဲ လူက သာယာကျေနပ်သွားတဲ့ခံစားချက်ကို ရပြီး ငရုတ်သီးကို နှစ်သက်သွားတော့တာပါပဲ။
စိတ်ပညာရှုထောင့်ဘက်က ကြည့်တာကျတော့ လူတွေဟာ အစစ်အမှန် အန္တရာယ်မရှိဘဲ နာကျင်မှုကို ခံစားကြရလို့ ငရုတ်သီးကို
ကြိုက်ကြတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးရှုထောင့်အရတော့ ငရုတ်သီးဟာ ဆေးလည်းဖြစ်သလို ဘေးလည်း ဖြစ်ပါတယ်။ ကပ်ဆိုက်စင်ဒြပ်ပေါင်းက လျှာမှာရှိတဲ့ ရသာဖုတွေကို လှုံဆော်ပေးပြီ တံတွေးရည် များများကိုလဲ စိမ့်ထွက်စေတာကြောင့် အစားအစာတွေရဲ့အရသာကို ပိုခံစားနိုင်ပြီး ထမင်းမြိန်စေပါတယ်။ သင့်တင့်ရုံစားပေးတယ်ဆိုရင် အူလမ်းကြောင်း ကျန်းမာရေးကိုကောင်းစေတယ်။ ကင်ဆာကာကွယ်ဖို့ အထောက်အကူပြုတယ်။ ဆံသားတွေကို ကျန်းမာစေတယ်။ မျက်စိအတွက်ကောင်းတယ် စသည်ဖြင့် အများကြီးပါပဲ။ ကောင်းတယ်ဆိုပေမဲ့လဲ များများစားမိရင်တော့ အားလုံးသိတဲ့အတိုင်း ဗိုက်အောင့် ဗိုက်နာကစလို့ အစာအိမ်ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
ကဲ.. ငရုတ်သီးဋီကာကိုတော့ ဒီနားမှာပဲ ရပ်ပါရစေ။
ဖတ်ရှုသူမိတ်ဆွေတို့လည်း ခံတွင်းမလိုက်၊ ထမင်းမမြိန်သလိုများဖြစ်နေရင်ဖြင့် နရသီဟပတေ့တောင် မစားဖူးတဲ့ ငရုတ်သီးစပ်စပ်လေး ထောင်းစားနိုင်ပါတယ်ခင်ဗျာ။
အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။
ကိုးကား
- DeWitt, D. (2014). Chili Peppers: A Global History. University of New Mexico Press.
- Crosby, A. W. (2003). The Columbian Exchange: Biological and Cultural Consequences of 1492. Praeger.
- https://biologyinsights.com/how-capsaicin-triggers-a-dopamine-release/
- https://www.legalnomads.com/history-chili-peppers/
- https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-spicy-green-chili/
- ဧကာဒသမတန်း ကျောင်းသုံးစာအုပ် မြန်မာစာ
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သမားတော်ကြီး ဦးသန်းညွန့်
လွန်ခဲ့သော ၃ လ ကကျနော်က ငရုတ်သီးအကြောင်းနဲ့M.Dev.S ဘွဲ့ယူခဲ့တာပါ။
ဦးမျိုးညွန့်အောင်
လွန်ခဲ့သော ၃ လ ကအသိပညာအများကြိးမျှဝေပေးပါ ဗျာ
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 0 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 0 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Thu Ra Nyi Nyi
အားလုံး
သဘာဝကိုလေ့လာ၊ ရာသီဥတုကိုကာကွယ်၊ အနာဂတ်ကိုကယ်
05/06/2026
ပုတက်ထီးတွေရဲ့ အားပြိုင်ပွဲက ပြောပြတဲ့ သဘာဝရဲ့မျှခြေ
07/01/2026
ဆေးဖိုးမကုန်ဘဲ ကြွက်နှိမ်နင်းနိုင်မယ့် လျှို့ဝှက်လက်နက် "ကိုဇီးကွက်"
19/11/2025
စာဗူးတောင်းသိုက်လေးတွေရဲ့ နောက်ကွယ်..
07/07/2025
မျိုးသုဉ်းနိုင်ခြေရှိတဲ့ ပိုးစုန်းကြူးလေး မီးလင်းရတဲ့ လျှို့ဝှက်ချက်
26/06/2025