မိုးကြိုနှမ်းလျင်အထွက်သေချာစေချင် ဂရုစိုက်ဆောင်ရွက်သင့်သော လုပ်ငန်း(၃)ရပ်

10/01/2022 19:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

   နှမ်းလျင်သီးနှံကို ‌လောင်းကစားသီးနှံဟု ရှေးယခင်ကခေါ်ဝေါ်တာ ကြားဖူးသည်။ စတင် စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ မိုးကြီးခြင်း၊ မိုးခေါင်ခြင်းစသည့် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးနိုင်လို့ ဖြစ်ပါမည်။ မိုးနှမ်းလျင်သီးနှံကို ရည်ညွှန်းပြောဆိုတာ ဖြစ်နိုင်သည်။ မိုးကြိုနှမ်းလျင်မှာမူ ထိုသို့ မဟုတ်နိုင်ပါ။ စနစ်တကျစိုက်ပျိုးလုပ်ကိုင်လျှင် မျှော်မှန်းအထွက်ကို ရရှိနိုင်သည်သာ ဖြစ်ပါသည်။

   မိုးကြိုနှမ်းလျင်ကို အေးမြသည့် ဆောင်းရာသီအကုန် ညအပူချိန်မြင့်တက်လာသည့် ဖေဖေါ်ဝါရီနှင့် မတ်လတို့တွင် စိုက်ပျိုးသည်။ သွင်းရေရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အချို့ဒေသများတွင် ဖြစ်ပါသည်။ 

   မိုးရာသီမဟုတ်သဖြင့် မိုးရေကိုအားကိုးလို့မရပါ။ သွင်းရေတစ်မျိုးမျိုးကိုသာ အားကိုးစိုက်ပျိုးခြင်း ဖြစ်သည်။ မိုးနှမ်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်များစွာကုန်ကျခြင်းမရှိသော်လည်း မိုးကြိုနှမ်း စိုက်ပျိုးရာတွင်မူ သွင်းရေအမျိုးအစားနှင့် ရရှိနိုင်သည့်နည်းလမ်းအပေါ်မူတည်ပြီး ကုန်ကျစရိတ် ပိုမိုနိုင်ပါသည်။ 

   သို့ဖြစ်၍ စိုက်ပျိုးကုန်ကျစရိတ်အပေါ်အကျိုးအမြတ်ရှိရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့်လုပ်ငန်းများကို အပြည့်အဝလုပ်ကိုင်ဖို့လိုသည်။ လုပ်ငန်းများအနက် ဂရုစိုက်ဆောင်ရွက်သင့်သော လုပ်ငန်းသုံးရပ်ကို ဖေါ်ပြလိုသည်။ ထိုလုပ်ငန်းများမှာ (၁) မြေပြုပြင်ခြင်း (၂)နှမ်းလျင်သားခွဲခြင်းနှင့် (၃)နှမ်းလျင်ရေပေးသွင်းခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။

မြေပြုပြင်ခြင်း

   လုပ်ကိုင်နေကျမို့ ခက်ခဲသောလုပ်ငန်းတော့ မဟုတ်နိုင်ပါ။ သို့သော် အလေးထားရန် နှိုးဆော်ခြင်းသာ ဖြစ်သည်။ လယ်မြေမှာစိုက်သောမိုးကြိုနှမ်းဖြစ်၍ ထွန်ရေးမကောင်းလို့မဖြစ်ပါ။ ထို့ထက်ပိုမိုအရေးကြီးသည်က ရေသွင်းစိုက်ပျိုးမှာဖြစ်သဖြင့် မြေမျက်နှာပြင် မညီညာလို့ မဖြစ်ပါ။ 

   စပါးရိတ်သိမ်းအပြီး ရိုးပြတ်လယ်ကွင်းအတွင်း ရေသွင်းကာ ထယ်ရေးစတင်ဖို့ ဆောင်ရွက်ရသည်။ ဆက်တိုက်ဆောင်ရွက်လို့မရ။ နေလှမ်းရသည်။ ထွန်ရေးဝင်ရန် အနေတော်မတော် ကြည့်ရသည်။ စိုက်ပျိုးမြေအမျိုးအစား၊ နေ့အပူချိန်၊ လေတိုက်နှုန်းနှင့် လယ်သမား၏အတွေ့ အကြုံတွေက အရေးပါသည်။ အချိန်ကိုက်ဆောင်ရွက်ရန်လိုသည်။ မြေတွင်းအစိုဓာတ်ထိန်းနိုင်ရေး၊ နှမ်းအပင်ပေါက်ကောင်းရေး၊ ချိန်ဆဆောင်ရွက်ကြစေလိုပါသည်။

   ရေသွင်းစိုက်ပျိုးမှာဖြစ်သဖြင့် ရေသွင်းမြောင်းများဖေါ်ရသည်၊ ရေထုတ်မြောင်းများ ဖေါ်ရသည်။ သွင်းလိုက်သည့်ရေ ပိုနေလို့မဖြစ်၊ နေရာကွက်ကြား ရေဝပ်နေလို့မဖြစ်၊ မြေပြုပြင်ချိန်တွင် စနစ်တကျ ရေသွင်းရေထုတ်မြောင်းတွေ တစ်ပြိုင်တည်းဆောင်ရွက်ဖို့၊ ‌ပေါင်စနစ်ဖြင့် စိုက်မည်ဆိုပါကလည်း စိုက်ပေါင်တွေ သေချာပြင်ဖို့မှာကြားလိုတာ ဖြစ်ပါသည်။

သားခွဲခြင်း

   နှမ်းလျင်စိုက်ပျိုးရာတွင် တစ်ဧကလျင် မျိုးစေ့ (၁ ဒသမ ၅)ပြည်မှ (၂)ပြည်ခန့်ဖြင့် လုံလောက်သော်လည်း နှစ်ဆမက သုံးစွဲစိုက်ပျိုးလေ့ရှိသည်။ နှမ်းစေ့ကသေးငယ်သဖြင့် အပင်ပေါက်သေချာစေရန် မျိုးစေ့များများသုံးသည့် အလေ့အထ ဖြစ်ပါမည်။ နှမ်းပင်လေးများ စုပုံကာ ထပ်ညပ်ပေါက်လာပါတော့သည်။ 

   အတန်းလိုက်စိုက်သည်ဖြစ်စေ၊ ကြဲပက်စိုက်ပျိုးသည်ဖြစ်စေ တစ်ကျင်းတစ်ပင်ချန်ပြီး သားခွဲရန်လိုသည်။ နှမ်းခင်းအား မူမှန်အရွက် (၆) ရွက်ထွက်ချိန်ဖြစ်သည့် အပင်သက်တမ်း (၂)ပတ်သားတွင် သားခွဲခြင်းလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။

   အတန်းလိုက်စိုက်ပါက အတန်းအတွင်း တစ်ပင်နှင့်တစ်ပင် ၄ လက်မအကွာထားဖို့ ဖြစ်သည်။ ကြဲပက်စိုက်ပါက ခန့်မှန်းခြေ ၄ လက်မခန့် အကွာရအောင် ထွန်ဖြင့် မှုန်းပေးရန် ဖြစ်ပါသည်။ 

   အချုပ်အားဖြင့် တစ်ဧကတွင် အပင်ဦးရေတစ်သိန်းရှိဖို့ လိုသည်။ ဤသည်မှာ နှမ်းလျင်သီးနှံ အထွက်နှုန်းမြင့်မားဖို့ တစ်ဧကတွင်ရှိရမည့်မှန်ကန်သော အပင်ဦးရေဖြစ်ကြောင်း အသိပေးလိုပါသည်။

ရေပေးသွင်းခြင်း

   မိုးကြိုနှမ်းစိုက်ပျိုးရာတွင် မူလကပင် ရေသွင်းရေထုတ်ကောင်းမွန်သည့်မြေအမျိုးအစားတွင် စိုက်ပျိုးထားသည်ဖြစ်ရာ ရေပေးသွင်းမှုလုပ်ငန်းကို စနစ်တကျဆောင်ရွက်ရန်လိုသည်။ ‌လိုအပ်ပါက ရေပေးသွင်းနိုင်ခြင်း၊ ပိုလျှံပါက ရေထုတ်နိုင်ခြင်း ပြုလုပ်နိုင်ရပါမည်။ ထို့ပြင် အသုံးပြုမည့်ရေသည်လည်း သင့်တော်သည့်အရည်အသွေးရှိရန်လိုပါသည်။

   နှမ်းလျင်စိုက်ပျိုးပြီး တစ်ပတ်သားကပင် အပင်ရှင်သန်ရေးအတွက် ရေပေးသွင်းရန် လိုမလို စစ်ဆေးပြီး လိုအပ်ပါက ရေပေးသွင်းရန် ဖြစ်သည်။ ထို့နောက် နှမ်းပင်ကြီးထွား ဖွံ့ဖြိုး ပွင့်သီးကာ အောင်မြင်စေရေးအတွက် ရေပေးသွင်းရန်လိုသည့်အချိန် သုံးချိန်ကို အသိပေးလိုသည်။ ထိုသုံးချိန်မှာ- (၁) ပန်းမပွင့်မီအချိန် (၂) ပန်းပွင့်ချိန်နှင့် (၃) နှမ်းအသီးဖြစ်တည်ချိန်တို့ ဖြစ်ပါသည်။

   ပန်းမပွင့်မီအချိန်သည် နှမ်းလျင်စိုက်ပျိုးပြီး ၂၂ မှ ၂၅ ရက်အကြာတွင် ဖြစ်သည်။ ရေတစ်ကြိမ် ပေးသွင်းသင့်ပါသည်။

   ပန်းပွင့်ချိန်သည် နှမ်းလျင်စိုက်ပျိုးပြီး ၃၅ မှ ၄၅ ရက်အကြာတွင် ဖြစ်သည်။ ရေတစ်ကြိမ် ပေးသွင်းသင့်ပါသည်။

   နှမ်းအသီးဖြစ်တည်ချိန်တွင်မူ ရေလိုအပ်မှုအခြေအနေကိုကြည့်ပြီး တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ် ရေပေးသွင်းသင့်ပါသည်။

   နှမ်းအသီးများရင့်မှည့်သည့်ကာလတွင်မူ နှမ်းခင်းမြေသည် အစိုဓာတ်အနည်းငယ်ရှိသော အခြေအနေ ဖြစ်နေသင့်ပါသည်။

   နှမ်းလျင်စိုက်ပျိုးအပြီး ၆၅ ရက်မှ ရက် ၇၀ နောက်ပိုင်းတွင်မူ ရေပေးသွင်းမှုပြုလုပ်ရန် မလိုတော့ကြောင်း အသိပေးလိုပါသည်။

မိုးကြိုနှမ်းလျင်သီးနှံ စိုက်ပျိုး‌ရေးဆိုင်ရာ လုပ်ငန်းများစွာအနက် မဖြစ်မနေသိရှိဆောင်ရွက်သင့်သည့် အရေးပါသည့်အချက်များကို သိရှိဆောင်ရွက်ခြင်းဖြင့် မိုးကြိုနှမ်းလျင်သီးနှံ စိုက်ပျိုးအောင်မြင်ကြစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်