နှင်းဆီကို တိုက်ခိုက်နေတဲ့အမည်းစက်များ

21/06/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

နှင်းဆီပင်စိုက်ပျိုးတဲ့သူတွေအနေနဲ့ မကြာခဏကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုက နှင်းဆီပင်ရဲ့ အရွက်တွေပေါ်မှာ အမည်းရောင်အစက်အပြောက်တွေ ပေါ်လာခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် မိမိစိုက်ပျိုးထားတဲ့ နှင်းဆီပန်းတွေမှာ အမည်းရောင်အစက်အပြောက်တွေ စတင်တွေ့ရှိတာနဲ့ ၎င်းတို့ဟာ တစ်ပင်စလုံးကို ရောဂါကူးစက်ခံရနိုင်ချေ ရှိတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။

အမည်းရောင် အစက်အပြောက်တွေဟာ (Diplocarpon rosae) လို့ခေါ်တဲ့ မှိုကြောင့်ဖြစ်ပွားပြီး နှင်းဆီပင်တွေကို ထိခိုက်စေနိုင်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ နှင်းဆီစိုက်ပျိုးသူတွေကတော့ နှင်းဆီရွက်ပြောက်ရောဂါ လို့ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

မှိုတွေဟာ အရွက်တွေအပေါ်မှာ အမည်းရောင် အစက်အပြောက်တွေအဖြစ် စတင်ထွက်ပေါ်လာပြီး နောက်ဆုံးမှာ အရွက်များကို အဝါရောင်ပြောင်းစေကာ ကြွေကျသွားမှာ ဖြစ်ပါတယ်။ ၎င်းအခြေအနေကြောင့် နှင်းဆီပင်ရဲ့ အသွင်အပြင်ကို ထိခိုက်စေပြီး တစ်ပင်လုံးကို ဆိုးဆိုးရွားရွား အားနည်းသွားစေနိုင်တာ ဖြစ်ပါတယ်။

အမည်းရောင်အစက်အပြောက်တွေကို ဖြစ်ပေါ်စေတဲ့ မှိုတွေဟာ အေးမြစိုစွတ်တဲ့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေမှာ ပေါက်ပွားနိုင်ကြပြီး အပူချိန်အမျိုးမျိုးမှာ ရှင်သန်နိုင်ကြတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ အပူချိန် ၂၃ - ၂၉ ဒီဂရီစင်တီဂရိတ်အတွင်းမှာ ကောင်းစွာရှင်သန်နိုင်ကြတာ ဖြစ်ပါတယ်။ 

အမည်းရောင် အစက်အပြောက်တွေဟာ စက်ဝိုင်းပုံစံရှိပြီး များသောအားဖြင့် အရွက်ရဲ့ အပေါ်ယံမျက်နှာပြင်မှာ တွေ့ရတာဖြစ်ပေမဲ့ အရွက်ရဲ့ အောက်မျက်နှာပြင်မှာလည်း တွေ့ရတတ်တာ ဖြစ်ပါတယ်။ အမည်းရောင် အစက်အပြောက်တွေဟာ ယေဘုယျအားဖြင့် အပင်ရဲ့ အောက်ဘက်အရွက်တွေမှာ စတင်ဖြစ်ပွားပြီးမှ အပေါ်ဘက်အရွက်တွေဆီကို ကူးစက်သွားတာ ဖြစ်ပါတယ်။

အစက်ပြောက်တွေဟာ အရွက်ပေါ်မှာ တဖြည်းဖြည်းနဲ့ နေရာကျယ်လာပြီးနောက် ပေါင်းစပ်သွားကာ နောက်ဆုံးမှာရောဂါဒဏ်ခံရတဲ့ အရွက်တွေဟာ ကြွေကျသွားမှာ ဖြစ်ပါတယ်။ ဒီမှိုရောဂါဟာ သေးငယ်တဲ့ ကြံပင်တွေမှာလည်း ကျရောက်တတ်တာဖြစ်ပြီး ခရမ်းရောင် (သို့မဟုတ်) အမည်းရောင်ရှိတဲ့ အနာကွက်တွေ ဖြစ်စေနိုင်ကာ အပွင့်တွေမှာပါ အနီရောင် အစက်အပြောက်တွေ ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ ရောဂါကျရောက်နေတဲ့ အပင်တွေဟာ အရွက်များ ထိခိုက်ရုံသာမက အပွင့်၊ အဖူးများ ဖြစ်ပေါ်မှု နည်းပါးလာပြီး အပင်ရှင်သန်နိုင်မှုကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ 

မှိုစပိုးတွေဟာ ရောဂါကျပြီး ကြွေကျသွားတဲ့ အရွက်တွေနဲ့ ပင်စည်တွေပေါ်မှာ ကာလတစ်လျှောက်လုံး တည်ရှိနေနိုင်ပြီး ၎င်းတို့အတွက် သင့်တော်တဲ့ အခြေအနေရောက်တဲ့အထိ စောင့်ဆိုင်းနေတတ်တာ ဖြစ်ပါတယ်။

စိုစွတ်ကာလ ရောက်လာတဲ့အချိန်မှာတော့ မှိုစပိုးတွေ စတင်ပေါက်ပွားပျံ့နှံ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အထူးသဖြင့် မိုးဦးရာသီကာလမှာ အဆိုးရွားဆုံးဖြစ်တတ်ပါတယ်။ မှိုစပိုးတွေဟာ ရောဂါကူးစက်မပြန့်ပွားမီ ၇ နာရီဆက်တိုက် စိုစွတ်မှုရှိနေဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် acervuli လို့ခေါ်တဲ့ အမဲရောင်အနာကွက်တွေ စတင်ဖြစ်ပေါ်လာပြီး ၎င်းတို့ကနေ အရွက်ရဲ့တစ်သျှူးအသစ်များအပေါ်သို့ မှိုစပိုးများ စတင်ပေါက်ပွားလာကာ ရောဂါပြန့်ပွားစေတာ ဖြစ်ပါတယ်။ 

ဒီလိုမျိုး နှင်းဆီရွက်ပေါ်မှာ အမည်းရောင် အစက်အပြောက်တွေဖြစ်ပေါ်လာတာကို ကုသလို့မလွယ်ပေမဲ့ မဖြစ်ပွားအောင်တော့ အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ပါတယ်။ အထူးသဖြင့် မိုးစွေပြီး ရွာနေပြီဆိုရင် ကာကွယ်မှုတွေ လုပ်သင့်ပြီဖြစ်ပါတယ်။

ရောဂါကာကွယ်ဖို့အတွက် အပင်စိုက်ပျိုးရာမှာ ဘာတွေလုပ်ဆောင်ရမလဲ? 

နှင်းဆီပင်တွေဟာ နေရောင်ရတဲ့ နေရာကို ကြိုက်နှစ်သက်ပြီး ရေစိမ့်ဝင်မှုကောင်းတဲ့ မြေမှာ ဖြစ်ထွန်းနိုင်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းပိုင်း နေရောင်ခြည်ကောင်းစွာ ရရှိတဲ့နေရာမှာ စိုက်ပျိုးခြင်းဖြင့် အပင်မှာ အစိုဓာတ်များနေခြင်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

တစ်နေ့ခင်းလုံး အလင်းရောင်ကောင်းစွာ ရရှိတဲ့နေရာဆိုရင်တော့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ နှင်းဆီပင်တွေ စိုက်တဲ့အခါ တစ်ပင်နဲ့တစ်ပင် အလွန်နီးကပ်စွာ မစိုက်ပျိုးသင့်ပါဘူး။ အပင်တွေ ကြပ်သိပ်ပြီး လေဝင်လေထွက် မကောင်းတဲ့အခါ ရောဂါကူးစက်ဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။

နောက်ပြီး နှင်းဆီပင်တွေကို ရေလောင်းတဲ့အခါ တစ်ပင်လုံးကို ရေဖျန်းတာမျိုး မလုပ်သင့်ပါဘူး။ ရေကြောင့် မှိုစပိုးတွေ ပြန့်ပွားဖို့ လွယ်ကူတာကြောင့် ရေလောင်းတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ 

နောက်ထပ်တစ်ချက်ကတော့ ရောဂါကျရောက်နေတဲ့ အရွက်တွေ တွေ့ခဲ့ရင် ချက်ချင်းဖယ်ရှားပေးသင့်ပါတယ်။ ဒါ့အပြင် ခြောက်သွေ့သေဆုံးနေတဲ့ အကိုင်းအခက်တွေကိုလည်း ဖြတ်တောက်ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါဖြစ်စေတဲ့ မှိုစပိုးတွေဟာ အရွက်တွေ၊ အကိုင်းအခက်တွေနဲ့  ပင်စည်တွေမှာ ကျန်ရှိနေနိုင်တာဖြစ်ပြီး ၎င်းတို့အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေ ရောက်တဲ့အခါမှာ ပြန်လည်ပွားများကူးစက်နိုင်တာကြောင့် ဖြစ်ပါတယ်။

ကိုင်းတွေကို ဖြတ်တောက်ဖယ်ရှားတဲ့အခါ ရောဂါရနေတဲ့ နေရာကနေ အနည်းဆုံး ၆ - ၈ လက်မခန့်ခွာပြီး ဖြတ်တောက်ပစ်သင့်ပါတယ်။ ရွက်ပြောက်ရောဂါ ပထမဆုံး လက္ခဏာပြပြီး ၁၀ ရက်အတွင်းမှာဆိုရင်ပဲ ရောဂါတွေ စတင်ပျံ့နှံ့နေပြီဖြစ်ပါတယ်။ 

သဘာဝနည်းလမ်းတွေနဲ့ အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်မဲ့ သဘာဝနည်းလမ်းအချို့ကိုလည်း မျှဝေပေးလိုက်ပါတယ်။

မုန့်ဖုတ်ဆိုဒါ 

မုန့်ဖုတ်ဆိုဒါဟာ အယ်ကာလိုင်းဓာတ် မြင့်မားတဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် (Sodium bicarbonate) နဲ့  ပြုလုပ်ထားတဲ့ ရိုးရှင်းသော သဘာဝထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ အလှစိုက်ပန်းပင်တွေနဲ့ ဟင်းသီးဟင်းရွက် အပင်တွေမှာ ကျရောက်တတ်တဲ့ မှိုရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တာကြောင့် သင့်တော်တဲ့ သဘာဝမှိုသတ်ဆေးအဖြစ်နဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။ 

  • မုန့်ဖုတ်ဆိုဒါ - ထမင်းစားဇွန်း ၁ ဇွန်း
  • ရေ - ၁ ဂါလံ 
  • ဟင်းသီးဟင်းရွက်ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
  • ပန်းကန်ဆေး ဆပ်ပြာအရည် - ထမင်းစားဇွန်း ၁ ဇွန်း

အထက်ပါပစ္စည်းတွေကို ကောင်းစွာရောမွှေပြီး ဆေးဖျန်းမယ့်ဘူးထဲကိုထည့်ကာ ရောဂါကျရောက်နေတဲ့ အပင်တွေကို ဖျန်းပေးနိုင်ပါတယ်။ ၁ ပတ်လျှင် ၁ ကြိမ်ဖျန်းနိုင်ပြီး မနက်စောနဲ့ ညနေခင်းတွေမှာ အသုံးပြုတာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါဟာ မှိုသတ်ဆေးအနေနဲ့ မှိုဆဲလ်တွေထဲမှာရှိတဲ့ အိုင်းယွန်းညီမျှမှုကို နှောင့်ယှက်ခြင်းဖြင့် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ မှိုသတ်ဆေးဖျော်ရည်ကို တမာဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတိုနဲ့ ရောစပ်ကာ သခွားမွှေးမှာ ကျရောက်လေရှိတဲ့ ဂျပိုးများ (squash bugs) ကိုလည်း ကာကွယ်ဖို့ အသုံးပြုကြလေ့ရှိပါတယ်။ 

ဘော်ဒိုဆေးရည် (Bordeaux mix) 

ဘော်ဒိုဆေးရည်ဆိုတာ ထုံးနဲ့ ဒုတ္ထာကို ရေနဲ့ ဖျော်စပ်ထားတဲ့ အရည်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကော့ပါးဆာလ်ဖိတ်နဲ့ ထုံးနဲ့ ရောစပ်ထားတဲ့ မှိုသတ်ဆေး ဖြစ်ပါတယ်။ သူ့ကို အမှုန့်အတိုင်း အသုံးပြုလို့ရသလို ရေနဲ့ ရောစပ်ပြီးတော့လည်း မှိုရောဂါကျရောက်နေတဲ့ အပင်တွေမှာ ဖျန်းပေးနိုင်ပါတယ်။

ဒီဆေးရည်ကို ငရုတ်၊ ခရမ်းချဉ်၊ ကြက်သွန်၊ အာလူး၊ စပျစ် အပါအဝင် ဟင်းသီးဟင်းရွက်၊ သစ်သီးပင်တွေနဲ့ ပန်းစိုက်ခင်းတွေမှာပါ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ ဘော်ဒိုဆေးရည်ဟာ ဒေါင်းနီးရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ပင်ညှိုးရောဂါနဲ့ ခါးရိရောဂါများ အပါအဝင် အခြားသောမှိုရောဂါတွေကိုပါ  ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ 

တမာဆီ တမာပိုးသတ်ဆေး 

တမာဆီ တမာပိုးသတ်ဆေးတွေ အသုံးပြုခြင်းဖြင့်လည်း အပင်တွေမှာ ကျရောက်တဲ့ အဖျက်ပိုးမွှားတွေနဲ့ မှိုရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တမာပိုးသတ်ဆေးဟာဆိုရင် စုပ်စားပိုးတွေဖြစ်ကြတဲ့ ပျ၊ ပိုးစေးနှဲ၊ ယင်ဖြူ၊ အကြေးပိုး၊ လှေး ပိုးများအပြင် ရွက်စားပိုး သီးလုံးဖောက်ပိုး စတာတွေကိုပါ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

တမာဆီဟာ မှိုရောဂါတွေအနေနဲ့ဆိုရင် ဖားဥမှိုရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ရွက်စက်ပြောက်ရောဂါ စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တမာဆီ တမာပိုးသတ်ဆေးကို အပူချိန်နိမ့်တဲ့ မနက်စောနဲ့ ညနေခင်းလို  အချိန်တွေမှာ အသုံးပြုသင့်ပါတယ်။

နေပူတဲ့အချိန် ဆေးဖျန်းရင်တော့ အရွက်တွေကို လောင်နိုင်တာကြောင့် သတိပြုရမှာ ဖြစ်ပါတယ်။ တမာဆီကို တစ်ပတ်လျှင်တစ်ကြိမ် အသုံးပြုနိုင်ပါတယ်။

နောက်ထပ် သတိပြုရမယ့်အချက်ကတော့ ဆာလ်ဖာဓာတ် ပါဝင်တဲ့ ဆေးတွေကို အသုံးပြုပြီး ၂ ပတ်အတွင်း (သို့မဟုတ်) ၂ ပတ်ကျော်ကာလအထိ တမာဆီ တမာပိုးသတ်ဆေးတွေကို အသုံးမပြုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ ၂ ခုပေါင်းစပ်သွားတဲ့အခါ နေလောင်တဲ့အခါမှာ ဖြစ်ပေါ်တတ်သလိုမျိုး အရွက်တွေလောင်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://www.thespruce.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်